Lifestyle

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် အဖြစ် အကယ်ဒမီ ဇင်ဝိုင်း ရွေးချယ်ခံရ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ၃ နှစ်ကြာ တာဝန်ထမ်းဆောင်မယ့် ဥက္ကဋ္ဌ နေရာအတွက် အကယ်ဒမီ ဦးဇင်ဝိုင်းကို အမှုဆောင်များက ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့က မဲပေးရွေးချယ်လိုက်ပါတယ်။

အကယ်ဒမီ ဦးဇင်ဝိုင်းဟာ ယခုအခေါက်ဟာ ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်များ ရွေးချယ်ခြင်း ပြန်လည် ပြုလုပ်ရာမှာ အဲဒီရွေးချယ်ခံ အမှုဆောင်အယောက် ၂၀ ရဲ့ မဲပေးရွေးချယ်မှုအရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာကို သူက ထပ်မံရွေးချယ်ခံခဲ့၇တာဖြစ်ပါတယ်။

သူက ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ခုနှစ် အတွက် လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌ တာဝန်နဲ့ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းကနေ ၂၀၁၇ ခုနှစ်အထိ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် အကယ်ဒမီ လူမင်းက တာဝန်ယူခဲ့ပါတယ်။

အခု ၂၀၁၇ ခုနှစ်မှာတော့ အခြား အနုပညာရှင်တွေနဲ့ အတူ ပြန်လည် ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီ ဦးဇင်ဝိုင်းက “ကျနော့်အနေနဲ့ကတော့ ကိုယ်ဘာသာ ကြံစည်တွေးတောထားတာတွေရှိပါတယ်။ အခုချိန်မှာကတော့ ပြောလို့မရသေးဘူး ကျနော်တဦးတယောက်တည်းရဲ့ သဘောထားနဲ ပြောလို့မရတော့ပါဘူး အဖွဲ့အစည်းနဲ့ပဲပြောပါမယ်။ ကျနော်ရွေးချယ်ခံရတဲ့အတွက် လောကသားတွေကို ကျေးဇူးတင်တယ် ယုံကြည်ပေးတဲ့အတွက်။ တာဝန်လည်းကြီးပါတယ် ကြိုးစားပါ့မယ်”လို့ ပြောပါတယ်။

အဆိုပါ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌနေရာအတွက် ထင်ကြေးပေးခံခဲ့ရတဲ့ သရုပ်ဆောင်ခန့်စည်သူကတော့ “အခုလိုရွေးချယ်ခံရတဲ့အတွက် ဝမ်းသာပါတယ် ကျနော်တို့က နေရာတခုအတွက် ယှဉ်ပြိုင်တာမဟုတ်ပါဘူး။ တာဝန်ခွဲဝေယူကြမယ်ဆိုပြီး လုပ်ကြတာပါ။ ပွင့်လင်းမြင်သာမှုလည်းရှိပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ ကူညီသွားပါမယ်” လို့ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှင့် အမှုဆောင်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်တွေအဖြစ် ဥက္ကဋ္ဌ နေရာမှာ ဦးဇင်ဝိုင်း၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် ဦးအေးကြူလေး၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် ဦးဇော်မင်း (မင်္ဂလာ)၊ အတွင်းရေးမှူးအဖြစ် ဦးညီညီထွန်းလွင် စတဲ့ အမှုဆောင်သစ် အယောက် ၂၀ နဲ့ အသစ်ပြန်လည် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Loading