Lifestyle

“ချစ်သူနာမည် တက်တူး ထပ်ထိုးဖို့ရှိတယ်” ဆိုတဲ့ အဆိုတော် အောင်လ

Want create site? Find Free WordPress Themes and plugins.

ချစ်သူဖြစ်သူ ဝိုင်းစုခိုင်သိန်းရဲ့အမည်ကို ရင်ဘတ်မှာတက်တူးထိုးထားပြီး တက်တူးထိုးရတာ သဘောကျနှစ်ခြိုက်တဲ့ အဆိုတော် အောင်လက ဝိုင်းစုနဲ့ ပတ်သက်လို့ တက်တူး ထပ်ထိုးဖို့ အစီအစဉ် ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သူကတော့ သိပ်မထိုးလောက်တော့ဘူး။ ကျနော်ကတော့ ထိုးမယ်၊ တကိုယ်လုံး ထပ်ထိုးဦးမယ်။ သူ့နာမည်လေး ထပ်ထိုးဖို့ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။

လတ်တလော အောင်လအနေနဲ့ idiots အဖွဲ့နဲ့အတူ ပူးပေါင်းထွက်မယ့် “The REASON to be IDIOTS” အမည်ရတဲ့ EP Album သီချင်းခွေကို အောက်တိုဘာလထဲ ထွက်ဖို့ ရည်မှန်းထားတယ်လို့ အောင်လ က ဧရာဝတီကို ပြောပါတယ်။

“ကျနော် အခု idiots အဖွဲ့နဲ့ပေါင်းပြီး “The REASON to be IDIOTS” ဆိုတဲ့ EP Album အခွေလေး လုပ်နေတယ်။ ပြီးတော့ ကျနော်တို့ အခွေ နောက်လလောက် ထွက်ဖို့လုပ်နေပြီ။ တကိုယ်တော် အခွေက ကျနော် လုပ်တာ ၂ နှစ်လောက်ရှိပြီ။ ပြီးနေပြီ ထွက်ဖို့ စောင့်နေတာ။ ဘာလို့လဲဆိုတော့ EP Album က လတ်စသတ်နေတာ အဲ့ဒါလေး ပြီးရင်တော့ ထွက်ပါပြီ” လို့ အောင်လက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး သူက “တကိုယ်တော်အခွေမှာ ဘယ်လိုသီချင်းတွေ ပါမလဲဆိုတော့ ဒီတခေါက်က သီချင်းပုံစံ အမျိုးအစားတွေ စုံတယ်။ စုံတယ်ဆိုတာ တခြားတေးရေးတွေ ပါတယ်။ ကျနော် တယောက်တည်း ရေးတာမဟုတ်ဘူး။ ကျနော် တယောက်တည်း ရေးတာ ၅ ပုဒ်ပဲ ပါမယ်။ တခြား တေးရေးက ရေမွန်တို့ ရေးပေးတာဆိုတော့ သူတို့ စတိုင်လေးတွေ နည်းနည်းပါတာပေါ့။ Jazz နဲ့ Rock နည်းနည်းများမယ်။ ဝိုင်းစုနဲ့ တွဲဆိုတာတော့ မပါဘူး။ ဒါပေမယ့် သူက ဟာမိုနီနည်းနည်း ဆို ပေးထားတယ်” လို့ အောင်လက ဆိုပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာ ရှိုးပွဲတွေ ဆိုဖြစ်မလားဆိုတော့ “ရှိုးပွဲတွေ ဆိုဖို့တော့ ရှိတယ်။ ကျနော်တို့ နယ်တွေတော့ သွားနေရတယ်။ ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ တခေါက်ကတော့ ကျနော်တို့ အခုလာမယ့် ၇ ရက်နေ့မှာ ပွဲရှိတယ်။ ပွဲက အခုတော့ သူတို့ ရက်ရွှေ့သွားပြီ။ ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး။ ဒီဇင်ဘာမှာ ကျနော်နဲ့ idiots ရယ် Two Band Show ရှိတယ်။ မျှော်စင်ကျွန်းမှာ လုပ်မယ်။ ပြီးသွားရင် နောက်နှစ်ထဲမှာ ကျနော် One Band Show လေး လုပ်ဖို့ ရှိပါတယ်” လို့ အောင်လက ပြောပါတယ်။

အဆိုတော်အောင်လက ဝိုင်းစုခိုင်သိန်းနဲ့အတူ ခရီးတွေ အမြဲအတူသွားဖြစ်ပြီး ခရီးသွားတာကို နှစ်သက်ကြောင်း၊ လာမယ့် အောက်တိုဘာလ အတွင်းမှာလည်း ငပလီကို အလည်သွားဖို့ ရှိကြောင်း သူက ဆိုပါတယ်။

ချစ်သူ ဝိုင်းစုခိုင်သိန်းအတွက် သီချင်းတွေ ရေးပေးဖြစ်လားဆိုတဲ့ အမေးနဲ့ပတ်သက်ပြီး “သီချင်းတွေ ရေးပေးဖြစ်ပါတယ်။ အခုတော့ သူ့အတွက် အင်္ဂလိပ်သီချင်းလေးတွေ ၃ ပုဒ်လောက် ကျနော် လုပ်မယ်။ အဲဒီအတွက် ကျနော်သီချင်းလေးတွေ ရေးပေးဖြစ်နေပါတယ်။ သီချင်းပုံစံကတော့ အခု ဒီဘက်ခေတ်မှာဆိုတဲ့ ပုံစံမျိုးပဲ။ Music Style လေး နည်းနည်း Change လာတယ်။ Music Trend က နည်းနည်း Change လာတဲ့ အပေါ်မှာ လိုက်ပြီး ရေးပေးရတာပေါ့” လို့ အောင်လက ဆိုပါတယ်။

ဇူလိုင်လအတွင်းက ထွက်ရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်းသိန်းရဲ့ “မယ်သီတာ” တကိုယ်တော် တေးစီးရီးခွေမှာလည်း အောင်လက သီချင်း ၂ ပုဒ်ရေးသားပေးထားပြီး “မင်းအနားရှိချင်” ဆိုတဲ့ စုံတွဲသီချင်းတပုဒ်ကို သီဆိုပေးထားပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” သီချင်းနဲ့ ပတ်သက်ပြီး Facebook မှာ ဝေဖန် တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အပေါ် အောင်လက “ကျနော်က Facebook သိပ်မသုံးဘူး။ သူက ပိုသုံးတယ်။ သူ့ကိုတော့ ကျနော် သိပ်မသုံးဖို့ ပြောတယ်။ Facebook က Personal Attack ကိုတော့ လူတိုင်းက လွတ်လပ်စွာ ပြောခွင့် ရတယ်ဆိုတော့ အဓိက စိတ်ထဲ ထည့်ထားတဲ့သူက ပိုခံစားရတာပေါ့။ အဓိကကတော့ ကျနော် သူ့ကို ခေါင်းထဲ မထည့်ဖို့ အမြဲ အားပေးပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက ချစ်သူတယောက်အနေနဲ့ ဝိုင်းစုကို တိုက်ခိုက်တဲ့အခါ ဘယ်လို ခံစားရလဲဆိုတော့ “သူ့အတွက်တော့ များသောအားဖြင့်က Facebook ကပဲ များတာဆိုတော့ အဲဒီအပေါ် ခံစားချက်သိပ်မထားဖို့ ကျနော် အမြဲပြောတယ်” လို့ အောင်လက ဆိုပါတယ်။

အဆိုတော် အောင်လက “တောင်းပန်ပါတယ်” နဲ့ “အချိန်လွန်ငှက်” စတဲ့ တကိုယ်တော် တေးစီးရီး အခွေများ ထွက်ရှိထားပြီး မကြာခင်မှာ “အသုံးတော်ခံ” ဆိုတဲ့ တကိုယ်တော် တေးသီချင်း Album ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်း – တတိယမြောက်စီးရီးမှာ ဘဝသီချင်းတွေများတယ်လို့ ဆိုတဲ့ အောင်လ

Did you find apk for android? You can find new Free Android Games and apps.
Loading