Lifestyle

ကမ္ဘာကသိအောင်လုပ်ပြဖို့အထိရှိတယ်ဆိုတဲ့ Beauty Blogger နေခြည်ဦး

အလှအပရေးရာဘက်မှာ ဘလော့ဂါ တယောက်အနေနဲ့ တဖြည်းဖြည်းအောင်မြင်စပြုလာတဲ့ Beauty Blogger နေခြည်ဦးကတော့ ဘယ်လို တိုက်ခိုက်မှုတွေရှိသည်ဖြစ်စေ သူမကိုအားပေးနေတဲ့သူတွေအတွက် Beauty Blogger နေခြည်ဦးဆိုတာကို ကမ္ဘာကသိအောင် လုပ်ပြဖို့အထိရှိတယ်လို့ ပြောပါတယ်။

“ကောင်းစေချင်လို့ ဝေဖန်တဲ့သူတွေအတွက် ကိုယ်က အသိဉာဏ်ရှိတဲ့သူပီပီ လက်ခံတယ်။ ပြောင်းလဲ ပေးလိုက်တယ်။ တချို့ကကျတော့ တမင်သက်သက်ကို Personal Attack လုပ်ကြတယ်။ ဒါတွေကိုတော့ နေခြည်က ကိုယ့်ကိုကြည့်နေတဲ့သူတွေကိုပဲ အဓိကထားပြီးလုပ်နေမှာဆိုတော့ ဘာမှတုန့်ပြန်မှာ မဟုတ်ဘူး။ Honest Review တွေပေးမယ်။ အများကြီးရှေ့ဆက်ဖို့ရှိတယ်။ မြန်မာနိုင်ငံမှာ beauty blogger နေခြည်ဦး ဆိုတာ ရှိနေပါလား ဆိုတာကို ကမ္ဘာသိအောင်ထိလုပ်ပြဖို့ စိတ်ကူးရှိပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

လတ်တလောတွင် ၂ နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲထားပြီး သူမရဲ့ အလှအပရေးရာ Review များ၊ ဖက်ရှင်နဲ့ပတ်သက်တဲ့ အကြံပြုချက်များကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဝေမျှနေတာတွေကို ဆက်တိုက် တွေ့မြင်လာရပါတယ်။

အလှအပနဲ့ ပတ်သက်လို့ နေခြည်ဦးရဲ့ အကြံပြုစကားကတော့ “နေခြည်က အလှအပနဲ့ပတ်သက်ပြီးတော့ စပြီး Review ပေးကတည်းက Honest Review တွေပေးခဲ့တယ်။ ကိုယ့်ရဲ့မိတ်ကပ်မပါတဲ့မျက်နှာကိုလည်း ချပြခဲ့တယ်။ မိတ်ကပ်တခုလိမ်းလိုက်တာနဲ့ ကိုယ့်ရဲ့ ယုံကြည်မှုက ဘယ်လောက်ထိ မြင့်သွားလဲဆိုတာ ပြချင်တာ။ နေခြည်တို့ ဆိုရင် မိတ်ကပ်လိမ်းရင် ဟဲဗီးလိမ်းတဲ့ထဲမှာပါတယ်။ နေခြည်ပေးချင်တဲ့ မက်ဆေ့ချ်က နေခြည်တို့လို လိုက်လိမ်း စရာမလိုဘူး။ ဒါပေမယ့် မိတ်ကပ်တခုက ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်းအတာကို ဘယ်လောက်ထိ မြင့်တက်သွားစေလဲ။ စင်ပေါ်တက်သွားတာနဲ့ ဘယ်လောက်ထိယုံကြည်မှုဖြစ်သွားသလဲဆိုတာကို ပေးချင်တာ” လို့ ဆိုပါတယ်။

နောက်ပိုင်းတွင် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ လူအများစိတ်ဝင်စားခြင်းခံလာရတဲ့အပေါ်မှာလည်း နေခြည်ဦးက “အဲဒီတော့ အခုဆိုရင် မိတ်ကပ်ကို အရမ်းစိတ်ဝင်စားလာတဲ့အချိန်မှာ နေခြည်ကို Follow လုပ်ထားတဲ့သူတွေကို မိတ်ကပ်အပြင် ဖက်ရှင်ကိုပါ ဆွဲခေါ်ချင်တယ်။ ဒီ ရာသီဥတုနဲ့လိုက်အောင် ဘယ်လိုလုပ်မလဲ။ သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုဝတ်မလဲ။ နေခြည်ကိုယ်တိုင်လည်း အမြဲတမ်းအဲ့ဒီလိုဖြစ်အောင်နေတယ်။ နေခြည်ပေးချင်တဲ့ မက်ဆေ့ချ်က Beauty is Confidence ပါ။ အပေါ်ကမျက်နှာဖုံးတခုအနေနဲ့ ကာကွယ်ထားတာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်နေဖို့အတွက် မက်ဆေ့ချ်ပေးချင်တာပါ” လို့ ပြောပါတယ်။

Beautybynaychi ဆိုတဲ့ ဖေ့ဘွတ်ပေ့ချ်ရဲ့ ပဲ့ကိုင်ရှင် Beauty Blogger နေခြည်ဦးကတော့ အများနဲ့မတူညီတဲ့ ပြင်ဆင်ခြယ်သမှုများ၊ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုများကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် အချိန်တိုအတွင်း လူအများရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး မိန်းကလေးအများစုရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုလည်း ရရှိထားသူ တယောက်ဖြစ်ပါတယ်။

Loading