ရုပ်ရှင် သရုပ်ဆောင် မိုးဟေကို ရဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီးလ် ရိုက်ကူးနေတဲ့ “သူ့နာမည်ရွှေရုပ်” အမည်ရ ဇာတ်ကား ရိုက်ကူးနေမှုနဲ့ ပတ်သက်ပြီး မိုးဟေကို၊ ဒါရိုက်တာ စတီးလ်နဲ့ သင်ဇာဝင့်ကျော်တို့ ကြားက သုံးပွင့်ဆိုင် ပဋိပက္ခဟာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
“သူ့နာမည်ရွှေရုပ်” အမည်ရ ဇာတ်ကားနဲ့ ပတ်သက်လို့ နားလည်မှု လွဲနေခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးမှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းအပြီးမှာ ပြေလည်မှုရရှိသွားကြတာဖြစ်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော် ကလည်း “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ စတီးလ်က “ကျနော်ကလဲ ရိုက်နေတဲ့အချိန်မှာ စိတ်တွေလောနေတာနဲ့ ပြောမိသွားတယ်။ ရိုက်နေတဲ့ အခန်းကြီးကလည်း လှောင်နေတဲ့ အတွက် အသံက ကျယ်ပြီး အော်သလို ဖြစ်သွားတယ်။ မသင်ဇာကိုလည်း နဂိုကတည်းချစ်ပြီးသားပါ။ ရိုက်တဲ့ကားတိုင်းလည်း အမြဲပါပါတယ် အခုနေတိုးနဲ့ ရိုက်တဲ့ကားမှာလည်း မသင်ဇာ မရိုက်နိုင်တော့လို့ မင်းသမီးချိန်းလိုက်ရတာပါ”လို့ ပြောပါတယ်။
“သူ့နာမည်ရွှေရုပ်” အမည်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး အနုပညာ ခေါင်းပုံဖြတ်ခံရတယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်က စက်တင်ဘာလထဲမှာ သူမရဲ့ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်မှာ ရေးသားခဲ့ပြီးတဲ့နောက် ပရိသတ်တွေက စိတ်ဝင်စားရှိခဲ့ရာကနေ ဒီကနေ့ မျက်နှာချင်းဆိုင် ရှင်းလင်းရတဲ့ အခြေအနေအထိ ဖြစ်လာတာဖြစ်ပါတယ်။
သင်ဇာဝင့်ကျော် Facebook ပေါ်ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး မိုးဟေကိုက “ညီမအနေနဲ့က ဘာမှမသိလိုက်ဘူး။ အဲ့ဒီအချိန်မှာ အမေကလည်း ဆေးရုံတက်နေရတဲ့ အချိန် ဆိုတော့ အဆင်ပြေအောင် ညှိပေးပါလို့ ပြောထားလိုက်တဲ့အချိန် သင်ဇာက တရက်မစောင့်ပဲနဲ့ တဖက်သတ်ကြီး ရင်ထဲက ခံစားချက်တွေ ရေးလိုက်တော့ အားလုံးရဲ့ အထင်မြင်လွဲခြင်းခံလိုက်ရတော့ အဲ့ဒါကိုလည်း သင်ဇာက ကျေအေးပြီး ပြန်ရေးပေးမယ်လို့ ပြောတဲ့အတွက်ကျေနပ်ပါတယ်” လို့ ပြောပါတယ်။