မကြာခင် ကျရောက်လာတော့မယ့် သီတင်းကျွတ်အချိန်ခါ သမယဟာ မြန်မာနိုင်ငံသားတွေအတွက် အထွဋ်အမြတ်၊ တန်ဖိုးထားရာ လတလပဲဖြစ်ပါတယ်။ သီတင်းကျွတ်ကာလ ရောက်ပြီဆိုရင် မြန်မာနိုင်ငံနေရာအနှံ့ ကျေးလက်ဒေသပါမကျန် ဆီမီးထွန်းပြီး မြတ်စွာဘုရားကို ကြည်ညို ပူဇော်လေ့ ရှိကြပါတယ်။
သီတင်းကျွတ်ကာလဟာ မိသားစုနဲ့အဝေးမှာ အလုပ်လုပ်ကြတဲ့သူတွေ အိမ်ပြန်ပြီး မိသားစုနဲ့ စုံစုံညီညီ တွေ့ဆုံကြတဲ့ ကာလတခုဆိုရင်လည်း မမှားပါဘူး။ သီတင်းကျွတ်က ပွဲတော်ရာသီလည်း ဖြစ်တာကြောင့် လည်ပတ်စရာ၊ သွားစရာ ပွဲလမ်းသဘင်တွေ၊ ခရီးတွေကလည်း ပြည့်နှက်နေပါတယ်။
သီတင်းကျွတ်ကာလမှာ လည်ပတ်စရာ နေရာ ၇ ခုကို ဧရာဝတီ စာဖတ်ပရိသတ်အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။
(၁) ရေကျော် ပွဲဈေးတန်း
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမှာရှိတဲ့ နာမည်ကြီး “ရေကျော် ပွဲဈေးတန်း”ဟာ သီတင်းကျွတ်ကာလရဲ့ အထင်ကရ ပွဲတော်တခုဆိုရင် မမှားပါဘူး။ သီတင်းကျွတ်လပြည့်ည မတိုင်ခင် ၁ရက်၊ ၂ရက်လောက်ကတည်းက ပွဲဈေးစခင်းနေပြီး နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ “ရေကျော်ပွဲဈေး” က ရန်ကုန်မြို့မှာ သွားရောက် လည်ပတ်စရာ နေရာတခုပါ။
(၂) Yangon Connection Hip-Hop Show
သီတင်းကျွတ်ပွဲရာသီမှာ ရန်ကုန်မြို့က လူငယ်တွေအတွက် လွတ်လွတ်လပ်လပ် သွားကဲနိုင်မယ့် “Hip-Hop Show” ကိုလည်း ညွှန်ပေးချင်ပါတယ်။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ Snare, G-Fatt, X-box၊ ရွှေထူး၊ လွှမ်းပိုင်တို့ ပါဝင်သီဆိုကြမယ့် “Yangon Connection Hip-Hop Show” ကို Thuwannabhumi Event Park မှာ အောက်တိုဘာ ၄ ရက်နေ့ညမှာ ပြုလုပ် သွားမှာပါ။
(၃) သီတင်းကျွတ်လပြည့်ည “IC Show”
Rock ဂီတကို ကြိုက်နှစ်သက်သူတွေအတွက်လည်း သီတင်းကျွတ်လပြည့်ညမှာ ဖျော်ဖြေမယ့် ရန်ကုန်မြို့၊ကန်တော်ကြီး မျှော်စင်ကျွန်းမှာ “Iron Cross ဂီတဖျော်ဖြေပွဲ” ရှိပါတယ်။ မိုးတွင်း တတွင်းလုံး ရှိုးပွဲနဲ့ ဝေးနေတဲ့ ပရိသတ်အတွက်ရော IC ပရိသတ်တွေအတွက်ပါ အမုန်းကဲလို့ရမယ့် Rock ဂီတည ဖျော်ဖြေပွဲပဲဖြစ်ပါတယ်။
(၄) မန္တလေးမြို့
သီတင်းကျွတ်ချိန်ခါဆိုရင် မန္တလေးမြို့ကလည်း စည်ကားပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရ နန်းတော် ကျုံးနံဘေး၊ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ ကျောက်တော်ကြီး အစရှိတဲ့ နေရာတွေမှာ ပျော်ရွင်စရာ “သီတင်းကျွတ်ည” တွေကို ဖြတ်သန်းနိုင်ပါတယ်။ ဒါ့အပြင် ကျောက်တော်ကြီးဘုရားနားမှာ ကျင်းပနေတဲ့ “ကျောက်တော်ကြီး ဘုရားပွဲ” ကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။
(၅) ပုဂံဒေသ
မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ ပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ ပုဂံမြေမှာလည်း သီတင်းကျွတ် လပြည့်ညဆိုရင် ဘုရားဖူးတွေနဲ့ အပြည့် စည်ကားနေတတ်ပါတယ်။ ဆီးမီးအလှတွေနဲ့ ပုဂံအလှက ပနံသင့်လှပြီး ခရီးသွားမယ့်သူတွေအတွက် ပုဂံဒေသမှာ သီတင်းကျွတ်ညကို ဖြတ်သန်းရတာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။
(၆) ကျိုက်ထီးရိုးစေတီ
ရန်ကုန်မြို့နဲ့ မနီးမဝေး မိသားစုလိုက် ဘုရားဖူး ခရီးထွက်မယ်ဆိုရင်တော့ ကျိုက်ထီးရိုးဘုရားကိုလည်း ညွှန်းပေးချင်ပါတယ်။ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီကို နေ့ချင်းပြန်သွားရောက် ဖူးမြော်နိုင်သလို သီတင်းကျွတ်လပြည့်ည ဘုရားရင်ပြင်မှာပြုလုပ်တဲ့ “ဆီးမီးကိုးထောင်ပူဇော်ပွဲ” ကိုလည်း ဆင်နွှဲနိုင်ပါတယ်။ ကျိုက်ထီးရိုးက အပြန် သာယာလှတဲ့ ဆောင်နိုင်ကြီး ရေတံခွန်နဲ့ စိမ်းလဲ့တင် အပန်းဖြေစခန်းတို့မှာလည်း ဝင်ရောက် အပန်းဖြေနိုင်ပါတယ်။
(၇) ချောင်းသာ၊ ငွေဆောင်
သီတင်းကျွတ်ပိတ်ရက်မှာ မိသားစုနဲ့အတူ ဘုရားဖူးခရီးတွေ ထွက်ကြသလို ပင်လယ်ကမ်းခြေလည်း အပန်းဖြေခရီးတွေ ထွက်ကြပါတယ်။ ပိတ်ရက်မှာ နားနားနေနေ အပန်းဖြေဖို့ ချောင်းသာ၊ ငွေဆောင် ကမ်းခြေက အသွားများတဲ့ နေရာတခုဖြစ်သလို သီတင်းကျွတ်လပြည့်ညကိုလည်း ကမ်းခြေမှာ စည်ကား သိုက်မြိုက်စွာ ဖြတ်သန်းကြပါတယ်။
ဒါကြောင့်မို့လို့ ဒီနှစ် သီတင်းကျွတ်အချိန်ကာလ ပိတ်ရက်မှာ “ဘယ်ပွဲတွေသွားရင် ကောင်းမလဲ၊ ဘယ်ဒေသကိုခရီး ထွက်ရင်ကောင်းမလဲ” အစီအစဉ်ဆွဲနိုင်ဖို့ ဧရာဝတီမှ ညွှန်းဆိုပေးလိုက်ပါတယ်။