Lifestyle

ကိုယ့်သမိုင်း ကိုယ်ပြန်ကြည့်ရင် ကျေနပ်တယ် (ဘောလုံးလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဇင်မာဝမ်းနဲ့ တွေ့ဆုံခြင်း)

Want create site? Find Free WordPress Themes and plugins.

၁၉၉၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို ရွှေ၊ငွေ၊ကြေးတံဆိပ် တွေများစွာရရှိအောင်၊ အာရှဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မြန်မာ့အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းရဲ့ရှေ့တန်းတိုက်စစ်မှူး ကျောနံပတ် ၁ဝ လားရှိုးသူ ဇင်မာဝမ်းက အခုလက်ရှိ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ လူငယ်အမျိုးသမီး ဘောလုံးအသင်း နည်းပြအဖြစ်လည်း လုပ်ကိုင်နေသလို တဖက်မှာလည်း ဖက်ရှင်ဒီဇိုင်နာ သင်တန်းတက်ရောက်နေပြီး ဖက်ရှင်ဒီဇိုင်နာ ဝမ်း အဖြစ်လည်း ရှင်သန်ရပ်တည်နေပါတယ်။ မတူညီတဲ့ ဘဝနှစ်ခုရှင်သန်ရပ်တည်နေပုံနဲ့ ဘောလုံးသမားဘဝ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်တချို့ကို ဧရာဝတီမှ ကော်ပီအယ်ဒီတာ သဲသဲက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဘောလုံးကို ဘယ်ကတည်းက စတင်ဝါသနာပါခဲ့ပြီး ဘယ်ကတည်းက စကန်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ လားရှိုးမှာ စကန်ခဲ့တာ၊ ကိုယ်ကလည်း အစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုသုံးယောက်စလုံးကလည်း ဘောလုံးကစားတာ၊ အစ်ကိုတွေက ပြည်နယ်လက်ရွေးစင်အထိ ကစားတယ်လေ။ အစ်ကိုလတ်သူငယ်ချင်းတွေနဲ့ သွားသွားကစားရင်း ဝါသနာပါလာတာ။ ငယ်ငယ်ကတည်းက အရိုက်ခံပြီးကစားတာ၊ ကျောင်းမှာဆိုရင်လည်း မနက် ၉ နာရီဆိုရင် Assemble စီပြီလေ။ စီပြီဆိုရင် ကျောင်းအုပ်ကြီးက အဲဒီလူတွေရှေ့မှာ အမြဲတမ်းရိုက်တယ်။ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေနဲ့ ချိန်းပွဲသွားကစားလို့ အမြဲတမ်း အရိုက်ခံရတယ်။ အဲဒီတုန်းက မိန်းကလေးဘောလုံးသမားဆိုတာ မရှိဘူး။ ကိုယ့်မြို့နယ်မှာဆိုရင် အဲဒီဘောလုံးတကွင်းလုံးထဲမှာ ထူးထူးခြားခြားမိန်းကလေးဆိုရင် ဝမ်း တယောက်ပဲ ရှိတယ်။ အဲဒီတုန်းက ၁၂၊ ၁၃ အရွယ်ပဲရှိသေးတယ်။ အဲဒီတုန်းကစပြီး ဘောလုံးကို ဝါသနာပါတာ။

မေး။ ။ အဲဒီကနေမှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမားတယောက်အဖြစ် ဘယ်လိုဖြစ်လာတာလဲ။

ဖြေ။ ။ လာရှိုးကနေစပြီးတော့ ကျောင်းပေါင်းစုံတော့မရှိသေးဘူး။ မိန်းကလေးအသင်း ၃၊ ၄ ဖွဲ့လောက်ပဲရှိတယ်။ အဲဒီမှာ စကစားတယ်ပေါ့၊ အ-ထ-က ၂ ကနေ စ ကစားတယ်၊ အဲဒီကနေမှ ရှမ်းပြည်နယ် သိန်းနီမြို့နဲ့ လားရှိုးမြို့ မိန်းကလေးချစ်ကြည်ရေးပွဲ ကစားမယ်ဆိုပြီးတော့ မိန်းကလေးအသင်းဖွဲ့မယ်ဆိုပြီး ကျောင်းပွဲတွေကစားတယ်ပေါ့။ အဲဒီတုန်းက ၅ သင်းပတ်လည် အဲဒီကနေပြီးတော့မှ လားရှိုးမြို့နယ်ဆိုပြီးရွေးလိုက်တာ၊ အဲဒီကနေ လားရှိုးကိုယ်စားပြု စပြီးတော့ ကစားတယ်၊ လာရှိုးမှာဆိုရင် မိန်းကလေးပွဲက အဲဒါ ပထမဦးဆုံးပဲ။ သိန်းနီမြို့နဲ့ လာရှိုးမြို့ မိန်းကလေး ဘောလုံးချစ်ကြည်ရေးပွဲ စပြီးတော့ကစားတယ်။ နောက်တဆင့်တက်ပြီးတော့ ခရိုင်ပေါင်းစုံကစားတယ်။ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်ဆိုပြီးတော့ ခရိုင်ပေါင်းစုံ ကစားတဲ့အချိန်မှာ လာရှိုးကတော့ အမြဲတမ်း ပထမရတယ်။ အဲဒီကတည်းက ရှေ့တန်းတနေရာပဲ စကစားခဲ့တာ။ ဘောလုံးသမားဘဝ စကစားကတည်းက နောက်ဆုံးအနားယူတဲ့အထိ ရှေ့တန်း တနေရာတည်းကနေ စကစားခဲ့တယ်။

ရှေ့တန်းကနေ ဂိုးတွေတောက်လျှောက်သွင်းတယ်။ အကောင်းဆုံးကစားသမားဆုတွေလည်း ရခဲ့တယ်။ အဲဒီကနေမှ selection ပြန်ရွေးတယ်။ ဝမ်းက ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်လက်ရွေးစင် အရွေးခံရတယ်။ ပြည်နယ်ကိုယ်စားပြု တိုင်းနဲ့ပြည်နယ်ကို ၉၈ ခုနှစ်မှာ ဝမ်း တို့ ရန်ကုန်မှာ သွားကစားရတယ်။ စကစားတဲ့အချိန်မှာလည်း အကောင်းဆုံး ကစားသမားဆုကို ရခဲ့တယ်။ အဲဒီကနေ ဘောလုံးအဖွဲ့ချုပ်ကနေ ဝမ်းတို့ကို ပဏာမဆိုပြီးရွေးလိုက်တယ်၊ အဲဒီတုန်းက ရှမ်းပြည်နယ်မှာဆိုရင် ဝမ်း တယောက်ပဲအရွေးခံရတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ပြည်နယ် ၁၆ ခုပေါ့။ အဲဒီတုန်းက ရှမ်းတောင်နဲ့ ရှမ်းမြောက်ဆိုပြီးခွဲလိုက်တော့ ၁၆ သင်းပေါ့။ အဲဒီ ၁၆ သင်းကနေမှ အမျိုးသမီးဘောလုံးအသင်း အတွက်ဆိုပြီး ပဏာမ ၂၅ ယောက် ရွေးလိုက်တယ်။ တနိုင်ငံလုံးမှာမှ ၂၅ ယောက်ရွေးတဲ့အထဲ အရွေးခံရတာတော့ အရမ်းပျော်ခဲ့တယ်။

မေး။ ။ အဲဒီလို အမျိုးသမီးဘောလုံးအသင်းဆိုပြီး ပြန်ပေါ်ထွက်လာခဲ့ပြီးနောက် အမျိုးသမီးအသင်းက အရှေ့တောင် အာရှမှာ ရွှေရောင်တွေ လွှမ်းအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အဲဒီကာလ အခြေအနေ အတွေ့အကြုံတွေ ပြန်ပြောပြပေးပါလား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝမ်း တို့အသုတ်ရဲ့ နောက်မျိုးဆက်တွေ အခုထိ မလိုက်နိုင်တော့ဘူး။ အကုန်ပျက်ကုန်ပြီ၊ ခံယူချက် စိတ်ဓာတ်တွေလည်းကွာတယ်၊ နောက်မျိုးဆက်တွေရဲ့ ခံယူချက်စိတ်ဓာတ်နဲ့ ဝမ်းတို့တွေရဲ့ ခံယူချက်စိတ်ဓာတ် တအား ဟသွားပြီ၊ ဘာလို့လဲဆို ဝမ်းတို့တုန်းကဆိုရင် ဖိနပ်အစုတ်နဲ့ကို ကန်ခဲ့ရတာ။ ကျွေးမွေးမှုအားလည်းနည်းတယ်၊ ထောက်ပံ့ကြေးလည်း နည်းတယ်၊ လက်ရွေးစင်လစာဆိုရင် တလကို ၂ ထောင်ပဲရတယ်။ ၉၈၊ ၉၉ တုန်းကပေါ့၊ Training ဝင်ရင်လည်း ဖိနပ်ဆိုလည်း ပြည့်ပြည့်စုံစုံမရဘူး။

Training မှာဆိုရင်လည်း အထက်က သိပ်မထုတ်ပေးဘူး။ အဲဒီတော့ ဖိနပ်တွေပေါက်ရင် မဝယ်စီးနိုင်ဘူး။ ဖိနပ်တွေဖာပြီးတော့ လေ့ကျင့်ရေးဖိနပ်လုပ်ခဲ့ရတာ။ လေ့ကျင့်ရေးဖိနပ်တွေကြည့်လိုက်ရင် အပေါက်က ၄၊ ၅ ခု လောက်ရှိတယ်။ သွားဖာရင် တပေါက် ၁၀၀ ပဲကုန်တော့ အသစ်လည်း ဝယ်မစီးနိုင်တော့ သွားဖာတယ်။ အဲဒီ အဖာနဲ့ပဲ Training ဆင်းတယ်။ ပွဲကန်ရင်တောင် ပွဲကန်တဲ့ဖိနပ်က ကောင်းကောင်းမစီးနိုင်ဘူး။ ပံ့ပိုးမှု တော်တော်နည်းခဲ့တယ်။ အခုခေတ်ကတော့ ကောင်းတယ်၊ အခုဆိုရင် facility အပြည့်ပဲ ဝတ်စုံကြည့်မလား၊ ဖိနပ်ကြည့်မလား၊ ကျွေးမွေးမှု ကြည့်မလား အစစ အရာရာပေါ့၊ ဝမ်းတို့တုန်းကဆိုရင် ကျွေးမွေးမှုဆိုရင် ဘူဖေးတွေ ဘာတွေဆိုတာ မသိဘူး၊ ထမင်းနဲ့ ဟင်းဆိုရင်လည်း တစ်ပန်းကန်ပဲလေ။ ကြက်သားဟင်း တစ်ပန်းကန်နဲ့ပဲ ပြီးခဲ့တာပဲလေ။ ရွှေ ၃ ခုတောင်ယူခဲ့တာ ဘာမှမရခဲ့ဘူး။ အခုခေတ်ဆိုရင် ရွှေရရင် သိန်းထောင်နဲ့ချီသွားပြီ။

လက်ရွေးစင်ကစားသမားဘဝနားတဲ့အချိန်မှာ အမြင့်ဆုံးရခဲ့တဲ့ လစာက ၇၅၀၀ ပဲ၊ ၂၀၀၇ တုန်းကပေါ့။ အဲဒီလို ဖြတ်သန်းခဲ့ရတာ မက်မက်မောမာဘာမှမရှိဘူး။ ပစ္စည်း ပြည့်ပြည့်စုံစုံနဲ့ ဘာမှ ပြိုင်ပွဲဝင်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမယ့် ရွှေ ၃ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု ယူခဲ့ပေးတယ်။ အခုခေတ်ကို ယှဉ်ကြည့်မယ်ဆိုရင် အောင်မြင်ရင် အောင်မြင်သလို အရမ်းပံ့ပိုးပေးတယ်၊ အစစ အရာရာ နိုင်ငံတကာ ခြေစမ်းပွဲတွေဆိုရင်လည်း အများကြီးလွှတ်တယ်။ ပစ္စည်းပစ္စယ ဖိနပ်ဆိုရင်လည်း အကုန်ထုတ်ပေးတယ်။ အခုခေတ် ရွှေရသလားဆိုတော့ မရဘူး။ အဲဒီလိုမျိုး စိတ်ဓာတ်ပိုင်းမှာ ကွာသွားတာပေါ့။

မေး။ ။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်သလဲ။

ဖြေ။ ။ ကိုယ်ကိုယ်တိုင်လည်း ဒီ ဘောလုံးကိုအရမ်းချစ်တယ်။ အရမ်းချစ်လို့လည်း ၁၉ နှစ်ရှိခဲ့ပြီလေ၊ အရမ်းချစ်လို့ ကိုယ့်ဘောလုံး ဘယ်အသင်းသင်းပဲဖြစ်ဖြစ် အောင်မြင်မှုရစေချင်တယ်၊ နောက် ကိုယ့်မြန်မာနည်းပြကိုလည်း ဦးစားပေးစေချင်တယ်။ ကိုယ့်မြန်မာနည်းပြတွေ အရမ်းသနားဖို့ကောင်းတယ်။ နိုင်ငံခြားနည်းပြတွေရဲ့ ဆယ်ပုံတပုံတောင် လစာမရဘူး။ ကိုယ့်နည်းပြတွေကို တန်းဖိုးထားစေချင်တယ်၊ တန်ဖိုးတခုမှာ ရှိစေချင်တယ်။ ဥပမာ နိုင်ငံခြားနည်းပြနဲ့ မယှဉ်ရင်လည်းမယှဉ်နဲ့ သင့်သင့်တဲ့ တန်ဖိုးတခုဆိုတာ လစာကအစ ပေးသင့်သလောက်ပေးလိုက်၊ အရည်အချင်းရှိလို့လည်း မြန်မာနည်းပြတွေနဲ့ ရွှေယူခဲ့တာလေ၊ အဲဒီတော့ နည်းပြတွေရဲ့ တန်ဖိုးမြင့်စေချင်တယ်။ နောက်တခါ အဘက်ဘက်က သုံးသပ်ပြီးတော့ အားနည်းတာတွေလည်း ပြန်ဆွဲတင်စေချင်တယ်။

အခုဆိုရင် မိန်းကလေးဘောလုံးအသင်း အနုတ်ပြနေပြီ၊ မျိုးဆက်တွေလည်း ပျက်ကုန်တယ်။ မျိုးဆက်တွေဘယ်လိုမွေးမလဲ၊ youth development ဘယ်လိုပြုစုပျိုးထောင်မလဲ၊ youth development မရှိရင် ခါးပျက်မှာပဲလေ။ သူများနိုင်ငံတွေက အဲဒါမပျက်ဘူးလေ။ တချိန်လုံးမွေးနေတာ၊ ဝမ်းတို့နိုင်ငံက ပြိုင်ပွဲကာလလောက်ပဲ စခန်းသွင်း၊ ပြီးရင်ကန့်ဖြုတ်၊ သူတို့ရဲ့ အားနည်းချက်က အဲဒါ၊ သူများနိုင်ငံတွေလို အစဉ်အဆက်သွားတာတွေမရှိဘူး။ ပြိုင်ပွဲက ရေတိုစီမံကိန်းပုံစံဖြစ်နေတာ။ အခုပြိုင်ပွဲသွားမယ်။ ၃ လအတွင်းမှာ ကန့်သွင်းလိုက်တယ်၊ အဲဒီ ၃ လအတွင်းမှာ ဖုတ်ပူမီးတိုက် အသားကုန်တွေလုပ်၊ ပြီးရင် သွားပြိုင်တော့ ရေရှည်စီမံကိန်းမရှိရင် ရလဒ်ကတော့ ကောင်းမှာမဟုတ်ဘူး။ ကျနော်တို့ အဲဒါနဲ့ လဲကျသွားတယ်လို့ ကျနော်ထင်တာပေါ့။

မေး။ ။ ခုနက မဝမ်းပြောသွားတဲ့အထဲမှာ အားကစားသမားတွေရဲ့ ခံယူချက်စိတ်ဓာတ်တွေဟာလည်း မဝမ်းတို့ခေတ်က ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကွာခြားကုန်ပြီဆိုတာကရော ..။

ဖြေ။ ။ အဓိကကတော့ ကစားသမားတွေရဲ့ ခံယူချက်စိတ်ဓာတ်ပဲ။ အပွင့်လင်းဆုံးပြောရရင် ကစားသမားတွေရဲ့ခံယူချက် စိတ်ဓာတ်ကို လုံးဝသဘောမကျဘူး။ ကိုယ်ကိုယ်တိုင်လည်းနည်းပြလုပ်နေတော့သိတယ်၊ ကစားသမားတွေနဲ့ training လုပ်နေတဲ့အခါကျတော့ ကစားသမားတွေရဲ့စိတ်ဓာတ်ဘယ်လိုလဲဆိုတာကို ကိုယ်ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရပြီးပြီ။ ပံ့ပိုးမှုအပိုင်းမှာလာမပြောနဲ့ အခုအချိန်မှာ ပံ့ပိုးမှုအပိုင်းက အရမ်းကိုကောင်းနေတာ၊ စပွန်ဆာတွေလည်းပေးတယ်။ လူကြီးတွေဆိုရင်လည်းထုတ်ဖို့ဝန်မလေးဘူး၊ ဘာဆိုဘာ အကုန်ထုတ်ပေးတယ်။ လေ့ကျင့်ရေးပစ္စည်းလိုလား၊ နိုင်ငံခြားကနေ ချက်ချင်းမှာပေးတယ်၊ တာဝန်ရှိတာကတော့ ကစားသမားတွေပဲ ဘယ်လောက်တော်တဲ့နည်းပြတွေပဲ လာပြလာပြ၊ ဘယ်လောက်ပဲ နည်းစနစ်ကောင်းကောင်း ကွင်းထဲမှာကစားတာက ကစားသမားတွေပဲ ကစားတာ၊ ကစားသမားတွေကိုယ်တိုင်က ခံယူချက်စိတ်ဓာတ်နဲ့ လိုက်မလုပ်သရွေ့၊ ကစားသမားက နည်းပြပြောတဲ့အပေါ်မှာ လိုက်နာမှုမရှိဘူး၊ ခံယူမှုမရှိဘူး၊ ကိုယ်တိုင်လည်း အားထုတ်လိုစိတ်မရှိဘူး၊ ပေးဆပ်လိုစိတ် မရှိဘူးဆိုရင် ဒီ အသင်းက သွားတာပဲ။ အခုနောက်ပိုင်းမှာမြင်တာတော့ ကစားသမားတွေကိုလည်း အပြစ်ပြောတာမဟုတ်ဘူး၊ သူတို့ရဲ့ဘဝတွေလည်း ပြောင်းကုန်ပြီ၊ အရင်တုန်းက ကစားသမားတွေရဲ့ ဘဝတွေက အဲဒီလိုပြောင်းခဲ့တာမဟုတ်ဘူး။ အရင်တုန်းက ကစားခဲ့တဲ့ကစားသမားတွေ အခုသွားကြည့်ကြည့် အခု ကစားသမားတွေလောက် အရောင်မတောက်ကြဘူး၊ ကိုယ်ပိုင်ကားလည်း မစီးနိုင်ဘူး။ ရွှေတံဆိပ်တွေယူခဲ့တယ်။ ဒါပေမယ့် ကိုယ်ပိုင်ကားမစီးနိုင်ဘူး၊ ဘတ်စ်ကားတိုးစီးနေရတုံးပဲ။ အခုခေတ်ကစားသမားတွေ ကိုယ်ပိုင်ကား ဝယ်စီးနိုင်တယ်။ လစာတွေရတယ်။ နိုင်ငံအတွက်ဘာယူပေးသလဲ။ ဘာမှမယူပေးနိုင်ဘူး။ ခံယူချက်ကွာသွားတယ်၊ ကစားသမားရဲ့ပင်ကိုယ်ခံယူချက်ကိုက နိုင်ငံ့အတွက်ပေးဆပ်တာတော့ ပေးဆပ်တာပေါ့။ ဒါပေမယ့် ကိုယ့်ပေးဆပ်တာက တကယ်ရော စစ်မှန်ရဲ့လား။

မေး။ ။ မိန်းကလေးတယောက်အနေနဲ့ ဘောလုံးသမားတယောက်အဖြစ် ရွေးချယ်ရပ်တည်ခဲ့တဲ့အပေါ် ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။ ဘယ်လို အခက်အခဲ ပြဿနာတွေ ရှိခဲ့လဲ။

ဖြေ။ ။ အရင်ဆုံးပြဿနာကတော့ မိသားစုပေါ့၊ အဖေအမေကတော့ မပြောဘူး။ အစ်ကိုအကြီးဆုံးကတော့ ပြောတယ်။ အစ်ကိုငယ်တွေက မပြောဘူး။ အရင်ဆုံး ဘောလုံးစကန်တော့မိသားစုနဲ့ပြဿနာစဖြစ်တယ်။ မိန်းကလေး ဘောလုံးမကန်ရဘူး။ သွားရဲသွားကြည့်ပေါ့။ မိန်းကလေးနဲ့ ဘောလုံးနဲ့ဘာဆိုင်လို့လဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပေါ့။ မိဘတွေကတော့ ဘာမှမပြောဘူး။ မိဘတွေက ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ရွေးချယ်မှုကို ဦးစားပေးတယ်။ အရှေ့ကနေ ကိုယ်ဘာလုပ်ချင်လဲပြောပြ အနောက်ကနေ သူတို့ကအမြဲပံ့ပိုးလုပ်ပေးတယ်။ မိဘတွေက၊ ဘောလုံးစကစားတဲ့ အချိန်မှာလည်း ဘာမှမပြောဘူး အားပေးတယ်။ အစ်ကိုကြီးက နောက်ဆုံး လက်ရွေးစင်သွားဖို့ကို ပေးမသွားဘူး။ အိမ်ခန်းသော့ခတ်ထားတာ။ နောက်ဆုံး အဖေကဖွင့်ပေးပြီး အဖေကိုယ်တိုင် ရန်ကုန်ကို လိုက်ပို့ပေးတယ်။

ပညာရေးက ၉၈ မှာ ဝမ်းလက်ရွေးစင် စ အရွေးခံရတုန်းက ဆယ်တန်း တပိုင်းတစနဲ့ အဲဒီမှာစပြီးတော့ ပညာရေး ဆုံးရှုံးခဲ့တာပေါ့၊ ဆယ်တန်းကို ၅ နှစ်တိတိ မဖြေခဲ့ဘူး။ အဲဒီတော့ ပညာရေးကို ခဏ စွန့်လိုက်ပြီးတော့ လက်ရွေးစင်မဖြစ်မချင်း ကိုယ့်မြို့တောင်မပြန်ဘူး။ အဲဒီလောက်ထိ ဦးတည်ချက်ချထားတာ၊ အဲဒီအတွက်လည်း သေချာဖြစ်အောင် လုပ်ခဲ့တယ်ပေါ့၊ ၅ နှစ်ပြီးမှ ဆယ်တန်း ပြန်ဖြေတယ်။ စဖြေတဲ့နှစ်မှာပဲ ပြန်အောင်သွားတယ်။ ဆယ်တန်းကို အခက်အခဲတွေ ပေါင်းစုံကြားကနေ ဖြေခဲ့ရတယ်။ မိဘက ပညာတတ်ဖြစ်စေချင်တဲ့ စိတ်ကို အမြဲတမ်းခေါင်းထဲမှာ ထည့်ထားတော့ ပညာတတ်ဖြစ်မှဆိုတဲ့စိတ်က အမြဲရှိတယ်။

အမျိုးသမီးလက်ရွေးစင်ဘောလုံးသမား ဇင်မာဝမ်း
ဇင်မာဝမ်း

မေး။ ။ အခု လူငယ်အမျိုးသမီးဘောလုံးအသင်း နည်းပြအဖြစ်လုပ်ကိုင်နေတာတွေ့ရတယ်။ နည်းပြဖြစ်လာပုံ ပြောပြ ပေးပါလား။

ဖြေ။ ။ မိန်းကလေးနည်းပြထဲမှာဆိုရင် လိုင်စင်ရတဲ့သူရှားတယ်လေ၊ ယောကျာ်းလေးပဲများတယ်၊ ၂၀၀၇ ခုနှစ်မှာ ဘောလုံးကစားသမားဘဝကနားပြီးတော့ ဘာမှမလုပ်ဖြစ်ဘူး။ ၂၀၁၀ မှာ မြန်မာနိုင်ငံက AFC -C လိုင်စင်သင်တန်း ဖွင့်မယ်ပေါ့။ လျှောက်လွှာတင်လိုက်တယ်၊ ၂၀၁၀ မှာ C လိုင်စင် နည်းပြသင်တန်း အဖွဲ့ချုပ်က သင်မယ်ဆိုတော့ လျှောက်လွှာသွားတင်လိုက်တယ်။ ဝမ်းကို မြန်မာနိုင်ငံမှာဖွင့်တဲ့သင်တန်းကို မတက်ခိုင်းဘူး၊ ဗီယက်နမ်မှာ ဖွင့်မယ့်သင်တန်းကို သွားတက်ခိုင်းတယ်။ နည်းပြထဲမှာ ဝမ်းက ထူးချွန်အရွေးခံရတာ။ ၂၀၁၀ မှာ အာရှတတိုက်လုံးမှာ သင်တန်းအကုန်ဖွင့်တာ နိုင်ငံပေါင်းစုံ ဖွင့်တယ်။ ဝမ်းသွားတက်ခဲ့တဲ့ နိုင်ငံကျတော့ ဗီယက်နမ်နိုင်ငံ၊ သင်တန်းသား ၂၅ ဦးမှာ ၂ ယောက်ပဲအရွေးခံရတယ်။ အာရှရဲ့ selection နည်းပြဆိုပြီးတော့၊ တနိုင်ငံကို ၂ ယောက်၊ ၂ ယောက်နဲ့ အာရှတတိုက်လုံး အားလုံးပေါင်း ၂၇ ယောက်ထဲမှာ ဝမ်း အရွေးခံရတာ။ အာဆီယံမှာ ဖိလစ်ပိုင်နဲ့ မြန်မာ နှစ်နိုင်ငံပဲ အရွေးခံရတာ။ Asean Selection ဆိုပြီး အရွေးခံရပြီးတော့ မလေးရှားမှာ Selection Coaches ဆိုပြီး ထပ်ခေါ်တယ်။ အဲဒီမှာလည်း အာရှတိုက်ရဲ့ selection ဆိုပြီးတော့ အယောက် ၂ဝ ပဲ ရွေးမှာ။ အဲဒီ အယောက် ၂၀ selection အဖြစ်လည်း အရွေးခံရပြီး ၂၀၁၂ မှာ အဲဒီ program ပြီးတယ်။ ၂၀၁၂ မှာ ဝမ်း က B လိုင်စင်ပါ တခါတည်း မလေးရှားမှာ တက်ခဲ့တယ်။ B လိုင်စင်လည်းပြီးတော့ ၂၀၁၄ မှာ A လိုင်စင်ကို ထပ်အောင်ခဲ့တာ။

နောက် A လိုင်စင်အောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်တဲ့ AFC M.A instructor ဆိုတဲ့ နည်းပြတွေကို ပြန်ပြီး သင်တန်းပိုချတဲ့ ဆရာဖြစ်သင်တန်းကို မြန်မာနိုင်ငံမှာရှိတဲ့ ယောက်ျားလေးတွေနဲ့ တန်းတူတက်ရတာ။ အဲဒီသင်တန်းကျတော့ A လိုင်စင်အောင်ပြီးတော့မှ တက်လို့ရတဲ့သင်တန်း၊ မိန်းကလေးထဲမှာ ဝမ်းရယ် အေးအေးမော်ရယ်၊ ယောက်ျားလေး ၁၅ ယောက်နဲ့၊ အဲဒီသင်တန်းတက်တော့ အေးအေးမော်ကတော့ မအောင်ဘူး ကျခဲ့တယ်ပေါ့။ ဝမ်းတော့ အောင်ခဲ့တယ်။ တနိုင်ငံလုံးမှာဆိုရင် တဦးတည်းသော မိန်းကလေး ဖြစ်သွားတာပေါ့။ သင်တန်းလည်းပြီးရော ၂၀၁၇၊ ၆ လပိုင်းလောက်တုန်းက AFC ကနေ ပထမဦးဆုံး First Women’s Tutor Course ခေါ်တယ်၊ သင်တန်းဖွင့်တော့ အာရှတတိုက်လုံးကို selection ရွေးခေါ်တာ။ ဝမ်း အရွေးခံရတယ်။ First Tutor ဆိုတာ မြန်မာနိုင်ငံမှာ ယောက်ျားလေးတောင်မရှိဘူး၊ ဝမ်း တက်ခွင့်ရတယ်ပေါ့။ အဲဒီသင်တန်းကို ၆ လပိုင်းတုန်းက တရုတ်မှာသွားတက်ရတယ်။ နည်းပြနဲ့ပတ်သက်ရင် အဲဒီလောက် level ထိ သွားနေပြီပေါ့။ လိုင်စင်တွေအကုန်လုံး ကုန်ပြီလေ။ pro လိုင်စင်ဖြေဖို့ တခုပဲကျန်တော့တယ်။ သူကတော့အရမ်းမြင့်တယ်ပေါ့၊ ဖြေဖို့လည်း ပြင်ဆင်နေတယ်၊ အခွင့်အရေးရဖို့လည်း မျှော်လင့်တယ်။

မေး။ အာရှတတိုက်လုံးရဲ့ အသိအမှတ်ပြု လိုင်စင်တွေ ရထားပြီးပြီဆိုတော့ တကယ်လို့ တခြားသော နိုင်ငံတွေက နည်းပြအဖြစ်လာလုပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် သွားလုပ်ဖို့ ရည်ရွယ်ချက်ရှိလား။

ဖြေ။ ။ အဲဒီလိုမျိုးလုပ်ဖို့ထက် ကိုယ့်နိုင်ငံကို ပိုလုပ်ပေးချင်တယ်၊ ကိုယ့်နိုင်ငံဘောလုံးလောကကို ပိုအောင်မြင်စေချင်တယ်၊ ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ကိုယ်က သိပ်လုပ်ပေးချင်တယ်။ ဒါပေမယ့် လုပ်ခွင့်နေရာကလည်း ပေးဦးမှ။

မေး။ ။ကိုယ်ကလုပ်ပေးချင်တဲ့ဆန္ဒရှိတယ်၊ နိုင်ငံအနေနဲ့ကိုယ့်ကို နေရာပေးဖို့ အခြေအနေမရှိဘူး။ ကိုယ်အနေနဲ့နေရာ မရဘူး။ အဲဒီအပေါ် မဝမ်း ဘယ်လို ခံစားရလဲ၊ ဘာပြောချင်လဲ။

ဖြေ။ ။ တခါတလေကျရင် ပြောချင်တယ် မညံ့ဘူးလို့။ မညံ့လို့ပဲ အာရှ level အထိ သွားခဲ့ပြီးပြီ၊ ကိုယ့်ရဲ့အရည်အချင်းကို ဖြတ်သန်းနေတဲ့ပတ်ဝန်းကျင်က အသိအမှတ်ပြု ပေးစေချင်တယ်၊ နေရာပေးစေချင်တယ်။နေရာယူချင်လို့မဟုတ်ဘူး၊ လုပ်ပေးချင်လို့၊ နေရာယူချင်တဲ့လူတွေရှိကြတယ်၊ နေရာယူချင်တဲ့ လူတွေရဲ့စိတ်ချင်းတော့ မတူဘူး။ ဝမ်းရဲ့စိတ်က တအားလုပ်ပေးချင်တယ်။ လစာမပေးနဲ့ နေရာပဲပေး။ ကိုယ်တတ်ထားတာတွေက နောက်ဆုံးပေါ်နည်းစနစ်တွေ၊ ဒါတွေကို ပြန်ပြီးတော့ sharing လုပ်ပေးချင်တယ်။ အကုန်ပြန်ပေးချင်တယ်။ ဒီ လက်မှတ်တွေက ဘာလုပ်ဖို့လဲ။ ဝမ်း အချိန်တွေပေးခဲ့တယ်။ အာရှ level ရအောင်အရမ်းကြိုးစားခဲ့တယ်။ ကိုယ့်နိုင်ငံက နည်းပြတွေ မညံ့ဘူးဆိုတာ ပြခဲ့တယ်။ ဒီနည်းပြနဲ့ပတ်သက်ပြီး ဘယ်လောက်ကြိုးစားခဲ့တယ်။ ဘယ်လောက်ထိ ဖြတ်သန်းခဲ့တယ်ဆိုတာ သူတို့ ခံစားတတ်မှာမဟုတ်ဘူး၊ ဝမ်း အရည်အချင်းကို နိုင်ငံခြားက လူတွေကျတော့ အရမ်း တန်ဖိုးထားတာ၊ ကြိုးစားတဲ့သူတွေကို အရမ်းတန်ဖိုးထားတာ၊ ကြိုးစားရင် ကြိုးစားသလောက်၊ အရည်အချင်းရှိရင်၊ အရည်အချင်းရှိသလောက်ဆွဲတင်ပေးတာ။ ဒီမှာကျတော့ရှိတဲ့အရည်အချင်းကို မှေးမှိန်အောင် လုပ်နေတယ်လို့ ခံစားရတယ်။ တန်ဖိုးတခုမှာ မထားသလို ခံစားရတယ်။ ဘောလုံးချစ်လို့ ဘောလုံးသမားဘဝကနေ ခု နည်းပြဘဝအထိ ၁၉ နှစ်လုံးလုံးလုပ်ခဲ့တယ်။ ကိုယ့်အတွက်ဘာရသလဲဆိုတော့ ဘာမှမရဘူး။ ပြစရာမရှိဘူး။ ပြစရာဆိုရင် ဘောလုံးဝတ်စုံနဲ့ ဆုတံဆိပ်ပဲ ရှိတယ်။

လူငယ်အမျိုးသမီးလက်ရွေးစင်ဘောလုံးနည်းပြအဖြစ်တာဝန်ယူနေစဉ်
ဇင်မာဝမ်း

မေး။ ။ ဝမ်းက အခုဆိုရင် အကျီဒီဇိုင်နာသင်တန်းတက်နေတာလည်း တွေ့ရတယ်။ အဲဒီလို ဒီဇိုင်းပညာကို ဝါသနာ ပါလာရတဲ့အကြောင်းအရင်းသိချင်ပါတယ်။ ရပ်တည်ခဲ့တဲ့ ဘောလုံးကစားဘဝနဲ့ဆန့်ကျင်ဘက်ပဲလေ။ ဘယ်လိုလုပ် ဒီ ဒီဇိုင်နာလောကကို ခြေချချင်ရတာလဲရှင့်။

ဖြေ။ ။ အားနေတော့ ဝင်သင်တယ်၊ သူငယ်ချင်းကလည်း ဒီဇိုင်နာဆိုတော့ သူကလည်း လာသင်ပေါ့၊ အဲဒါနဲ့ ပထမဆုံး အကျီဒီဇိုင်းတခုကို ဝမ်း ကိုယ်တိုင်ချုပ်ပြီး ဖေ့စ်ဘွတ်တင်လိုက်တယ်။ အားလုံးက အကုန်အံ့သြသွားကြတယ်။ ကိုယ့် နဂို နဂိုကလည်း ဒီဇိုင်းအခံရှိနေတော့ ဒီဘက်ကိုလည်း သင်ရင်းသင်ရင်းနဲ့ စိတ်ပါသွားတယ်၊ ဘာကြောင့်သင်ချင်လဲဆိုတော့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းတခုပေါ့။ ဝမ်း အသက်ရဲ့တဝက်ထက်ကျော်တယ်၊ ဘောလုံးလောကထဲမှာနေခဲ့တာ၊ ကိုယ့်အတွက် ဘာမှမရှိခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ်ရပ်တည်နိုင်အောင်တော့ ကြိုးစားတယ်။ ဘာမှအပိုအလျှံမရှိဘူး။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အသက်လည်းရလာတော့ ပြန်စဉ်းစားရတော့မယ်လေ။ ဘောလုံးကလည်း နေရာပေးရင်ပေးသလောက် လုပ်နေမယ်။ အသက်အရွယ်ရလာလို့ စိတ်အနားယူချင်တဲ့အခါကျရင် ဒီဘက်ကို စုံပစ်ဝင်လာလိုက်တော့မယ်။ အသက်အရွယ်ကြောင့် ဘောလုံးကို မလုပ်နိုင်တဲ့အခါကျရင် ဒီဘက်မှာ ပညာရပ်တခုခုကိုပေါ့။ ပညာရပ်ကတော့ ပိုပြီးတော့ ကောင်းတယ်။ကိုယ်ကိုယ်တိုင်တတ်ပြီး ကိုယ်ကိုယ်တိုင်လုပ်တဲ့အခါကျတော့ သူများမျက်နှာကြည့်စရာမလိုတော့ဘူးပေါ့။ ကိုယ့်ကိုယ်တိုင် ရှာဖွေလို့ရတယ်။ သူများဆီမှာ သွားလုပ်စရာမလိုဘူး။ ခုက ဒီဇိုင်းခေတ်ဖြစ်နေပြီဆိုတော့ ဝမ်း ဒီဘက်ကို လည်း ကြိုးစားမယ်။ ဒီဇိုင်နာ ဝမ်း ဆိုပြီးတော့ လုပ်ပြဦးမယ်။ အဲဒီပုံရိပ်တခုကို ချပြဦးမယ်။ ဘောလုံးမှာ ဇင်မာဝမ်း၊ ဒီဇိုင်နာမှာ ဝမ်း ဆိုပြီးတော့ပေ့ါ။

မေး။ ။ မဝမ်းအနေနဲ့ ဒီ ဒီဇိုင်းပညာကို ရွေးချယ်မိတုန်းက ငါ့ ရပ်တည်ချက်နှစ်ခုက ဆက်စပ်မှုမရှိဘူးလို့ ခံစားမိဖူးလား။

ဖြေ။ ။ ခံစားမိဖူးတယ်၊ ဒါက အနုလမ်း အနုစိတ်၊ ဘောလုံးကျတော့ အကြမ်းလမ်း ကွာဟချက်နှစ်ခု၊ ဘောလုံးက အကြမ်းဆို တော့ စိတ်မြန်ကိုယ်မြန်ပြေးလွှားလှုပ်ရှားနေရတာလေ။ ဒီဇိုင်းပညာကျတော့လုံးဝအငြိမ်၊ အဲဒီလိုကျတော့ ခံစားချက်က တမျိုးဆီပေါ့။ အခုဆိုရင် ဒီဇိုင်းကို ကိုယ်ကိုယ်တိုင် ကိုယ်ကြိုက်တဲ့ဒီဇိုင်းထုတ်တယ်။ ကိုယ့်ဘာသာချုပ်နေပြီ။ အဲဒီလောက်ထိ သွားနေပြီပေါ့၊ ဒီဇိုင်းတခုကို ကိုယ့်စိတ်ကူးနဲ့ပုံဖော်ပြီး ချုပ်ပုံထွက်လာရင်လည်းပျော်တယ်။ အဲဒီ ခံစားချက် ရှိတယ်။ ခံစားချက်ချင်းတော့ မတူဘူး။ ဒီဘက်ခံစားချက်က ငြိမ်းအေးတယ်။ ဟိုဘက်ခံစားချက်ကျတော့ ပူလောင်တာတွေလည်း ရှိတယ်။ ပြိုင်ပွဲတခုဝင်ပြိုင်ပြီဆိုရင် နိုင်လိုစိတ် အရမ်းပြင်းထန်တယ်။ အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေ အကုန်ပါတယ်။ ဒီဘက်ကျတော့ လောဘသိပ်မရှိဘူး၊ ဖိအားသိပ်မရှိဘူးလေ၊ အငြိမ်လမ်းလေ၊ ဟိုဘက်ကျတော့ ဖိအားတွေရှိတယ်။ အမှန်အတိုင်းပြောရရင် ပျော်တာကတော့ ကွင်းထဲမှာပိုပျော်တယ်။

မေး။ ။ မတူညီတဲ့ ဘဝရပ်တည်ချက်နှစ်ခုကို ရပ်တည်ရှင်သန်ဖို့ ရွေးချယ်ခဲ့တဲ့ ကိုယ့်ဘဝတလျှောက်လုံးကိုပြန်ကြည့်ပြီး ဘယ်လိုခြုံငုံသုံးသပ်ချင်သလဲ။

ဖြေ။ ။ တခုခုဆိုရင် ဝမ်း ကပြောင်းလဲမှုတိုင်းကို welcome ပဲ မကြောက်ဘူး။ ကစားသမားဘဝကနေ နည်းပြဘဝကို ပြောင်းလဲလိုက်တယ်၊ ကစားသမားဘဝတုန်းက အသက်၂၅ နှစ်နဲ့ နားပစ်လိုက်တယ်။ ကစားသမားဘဝ နားတဲ့အချိန်မှာ အကောင်းဆုံးအချိန် ၂၀၀၇ Asian Championship ပြီးသွားတဲ့အချိန်မှာ နားလိုက်တာ။ ဖိအားဒဏ်မခံနိုင်လို့။ တချို့တွေက ဝမ်း နားတဲ့အချိန်ကို အရမ်းနှမြောနေကြတာ။ ဝမ်းရဲ့အကောင်းဆုံးအချိန်ပေါ့၊ ရွှေလည်းရရပြီးချင်းဆိုတော့လေ။ ခြုံငုံ သုံးသပ်မယ်ဆိုရင် ပြောင်းလဲမှုတိုင်းက အကောင်းဘက်ပဲ ဖြစ်ဖြစ်သွားတာ။ ဆုံးရှုံးသွားတာကတော့ ကစားသမားဘဝ ဆုံးရှုံးသွားတာပေါ။

အဲဒီတုန်းကသာ ဝမ်း ဆက်ကစားနေမယ်ဆိုရင် အခုလို နည်းပြ level ကို ရောက်နေမှာ မဟုတ်ဘူး။ အဲဒီလိုရွေးချယ်ခဲ့လို့ ကစားသမားတွေအားလုံးထဲမှာ ဝမ်းက လိုင်စင်တွေရခဲ့တာပေါ့။ အဲဒီတုန်းကသာ ဆက်ကစားခဲ့မယ်ဆိုရင် အာရှ selection နည်းပြဆိုတာ ဖြစ်ခဲ့မှာမဟုတ်ဘူး။ အခုလို သင်တန်းတွေလည်း တက်ခွင့်ရခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့် ကြိုက်တဲ့ ပြောင်းလဲမှုတိုင်းကို ဝမ်း ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ စိတ်ဓာတ်ရှိတယ်။ နည်းပြဘဝကိုလည်း Top level ထိ ရောက်အောင်သွားခဲ့တယ်။ တကယ်လို့ ဝမ်း နည်းပြဘဝကနေ နားခဲ့ရင် ဒီဇိုင်နာလောကထဲကို ခြေစုံပစ်ဝင်လိုက်မယ်။ အဲဒီဘဝမှာလည်း အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ကရှိပြီးသား။ ဘယ်တော့မှလည်း နောက်ဆုတ်မှာမဟုတ်ဘူး။ ဝမ်း ဒီ ဘောလုံးသာ မရွေးချယ်ခဲ့ရင် သာမန်ဘဝလေးနဲ့ပဲ သွားနေရမှာလေ။ နိုင်ငံ့ဂုဏ်ဆောင်တဲ့ အဆင့်ထိတောင် ရောက်လာခဲ့မှာမဟုတ်ဘူး။ ဘောလုံးကို ရွေးချယ်ခဲ့တဲ့အတွက် ကျေနပ်တယ်။ ဘယ်တော့မှ နောင်တမရဘူး။ အသက် ၁၆ နှစ်ကတည်းက နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်။ ကိုယ့်ချွေးနဲ့ရင်းပြီး ပေးဆပ်ခဲ့ရတဲ့အတွက်လည်း ဂုဏ်ယူတယ်။ ကိုယ့်တကယ်လုပ်ခဲ့တဲ့ အလုပ်တခုအတွက် ကိုယ်သမိုင်း ကိုယ်ပြန်ကြည့်ရင် ကျေနပ်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading