Lifestyle

အသက် ၅ဝ ပြည့်မွေးနေ့မှာ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မယ့် မာရဇ္ဇ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် မာရဇ္ဇက အောက်တိုဘာ ၂ဝ ရက်နေ့တွင် ကျရောက်မယ့် သူ့ရဲ့ အသက် ၅ဝ ပြည့်မွေးနေ့နဲ့ ဂီတသက်တမ်း ၂၅ နှစ်ပြည့်အဖြစ် ၄ ကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော့်ရဲ့ဖျော်ဖြေပွဲတွေကတော့ ရန်ကုန်မှာ လုပ်နေကျပွဲလေးပေါ့။ ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ကျနော့်ရဲ့ အသက် ၅ဝ ပြည့်မွေးနေ့မှာ မွေးနေ့မွေးလမွေးရက်က တိုက်ဆိုင်နေပြီး ကျနော်ရဲ့ ဂီတသက်တမ်း ၂၅ နှစ်ပြည့်လည်းဖြစ်တဲ့အတွက် အောက်တိုဘာ ၂ဝ ရက်နေ့ကို သတ်မှတ်ပြီးတော့ ကျင်းပမှာဖြစ်ပါတယ်” လို့ တေးသံရှင် မာရဇ္ဇက ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ပရိသတ်တွေ ဆိုစေချင်တဲ့ သီချင်းတွေရယ် ကျနော်ဆိုချင်တဲ့ သီချင်းတွေရယ်ကို မျှပြီးတော့ ရွေးချယ်ထားပါတယ်။ တကိုယ်တော်ပွဲလို့ ပြောထားတဲ့အတိုင်း ကျနော်တယောက်တည်း ဆိုမှာဖြစ်ပါတယ်။ ကျနော်ရဲ့ ပုံစံအတိုင်း အရိုးရှင်းဆုံး တင်ဆက်မှာဖြစ်ပါတယ်။ ကျနော်ရဲ့မွေးနေ့ပွဲလေးမှာ ပရိသတ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါရစေလို့ ဖိတ်ခေါ်ပါတယ်” လို့ တေးသံရှင် မာရဇ္ဇ က ပြောပါတယ်။

တေးသံရှင် မာရဇ္ဇ ရဲ့တကိုယ်တော် ဖျော်ဖြေပွဲလက်မှတ်များကို တစောင်လျှင် ငွေကျပ် ၁ သောင်းနဲ့ ရောင်းချ ပေးသွားမှာဖြစ်ပြီး လက်မှတ်တစောင်ဝယ်ယူပါက မာရဇ္ဇရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “အချိန်အခါ” လို့ အမည်ရတဲ့အခွေကို လက်ဆောင်အဖြစ် ပေးသွားမှာဖြစ်ပါတယ်။

တေးသံရှင် မာရဇ္ဇက သူ့ရဲ့ပရိသတ်များကို “ကျနော့် ပရိသတ်တွေက ကျနော်ကို ၂၅ နှစ်လုံးလုံး သီချင်းဆိုခွင့် ရပ်တည်ခွင့်ပေးထားတဲ့အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

တေးသံရှင် မာရဇ္ဇဟာ ဂီတလောကထဲသို့ ၁၉၉၂ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တကိုယ်တော်အခွေ ၁၇ ခွေနဲ့ တကိုယ်တော်ဖျော်ဖြေပွဲ သုံးပွဲကို ပြုလုပ်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading