“ည” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်ရဲ့အားပေးမှုကိုရရှိလာတဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ဟာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးနေတဲ့ “သမ္မတကြီးထံပေးစာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွင် ပြည်ထောင်စုဝန်ကြီးသား ဂျွန် အဖြစ် သရုပ်ဆောင်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော် အခုလတ်တလော ဒါရိုက်တာဝိုင်းနဲ့ ‘သမ္မတကြီးထံပေးစာ’ဆိုတဲ့ကားရိုက်နေပါတယ်။ ဒီကားကတော့ ‘ည’ ကားနဲ့တော့ ဇာတ်လမ်းပုံစံချင်းတော့ မတူဘူးပေါ့။ ဖွေးဖွေးနဲ့ အလင်းရောင်ပါပါတယ်။ ကျနော်ကတော့ ပြည်ထောင်စု ဝန်ကြီးသား ဂျွန် ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်” လို့ ချမ်းမင်းရဲထွဋ် က ဆိုပါတယ်။
“သမ္မတကြီးထံပေးစာ” ဇာတ်ကားကတော့ သူ့အနေနဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ပထမဆုံး ရိုက်ကူးတဲ့ကားဖြစ်ပြီး ဒီကားနဲ့ ပတ်သက်ပြီးတော့လည်း အများကြီးမျှော်လင့်ထားပါတယ်လို့ ပြောပါတယ်။
ပထမဆုံးပရိသတ်အားပေးမှုရရှိခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားတွင်လည်း ဗီလိန်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ခဲ့ပြီး ယခုရိုက်ကူးလျက်ရှိတဲ့ “သမ္မတကြီးထံပေးစာ” တွင်လည်း ဗီလိန်ဇာတ်ရုပ်နေရာမှာပဲ သရုပ်ဆောင်ထားတဲ့အပေါ် ချမ်းမင်းရဲထွဋ်က “ ဒီကားက လုပ်ကွက်တွေအများကြီးရပါတယ်။ စူပါဗီလိန်ဇာတ်ရုပ်ပေါ့။ ဒီ ကားပြီးရင်တော့ ဗီလိန်ဇာတ်ရုပ်ကို မရိုက်တော့ဘူး။ ည ကားထဲမှာလည်း ဗီလိန်ဇာတ်ရုပ်ဆိုတော့ ဒီဇာတ်ရုပ်နဲ့ပဲ တွဲမြင်နေမှာစိုးလို့ပါ” လို့ ပြောပါတယ်။
“သမ္မတကြီးထံပေးစာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအမည်နဲ့ရိုက်ကူးနိုင်ရန်အတွက် သုံးနှစ်တာမျှ စောင့်ဆိုင်းခဲ့ရပြီး ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ရိုက်ကူးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာ လူနေရဲ့ ဝတ္ထုဖြစ်တဲ့ ခခယယ ကို နေနော်က ဇာတ်ညွှန်း ရေးသားထားကာ ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးနေခြင်းဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး ၊ မေဆူးမောင်၊နဲ့ အရိုင်းတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။