စာရေးသူ – မောင်ခင်မင် (ဓနုဖြူ)
စာအုပ်အမည် – အတ္ထဗေဒနိဒါန်း
အမျိုးအစား – ဘာသာဗေဒ
အနက်အဓိပ္ပာယ်ကို စနစ်တကျ လေ့လာတဲ့ ပညာရပ်ဖြစ်တဲ့ အတ္ထဗေဒပညာရပ်ကို နိဒါန်းပျိုး မိတ်ဆက်ပေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။ “ကွမ်းတောင်ကိုင်” ဆိုတဲ့စကားလုံးဟာ “အလှဆုံးမိန်းကလေး” လို့ အနက်အဓိပ္ပာယ် တိုးပွားလာတာဟာ ဥပစာ အနက် ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ အတ္ထဗေဒ၏ နယ်ပယ်၊ အခန်း ၂။ အခြေခံ အယူအဆများ၊ အခန်း ၃။ အနက်အဓိပ္ပာယ် အမျိုးမျိုး၊ အခန်း ၄။ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်၊ အခန်း ၅။ အနက်အဓိပ္ပာယ် ဆက်သွယ်မှု၊ အခန်း ၆။ အနက်အဓိပ္ပာယ်နှင့် ဥပစာစကား ၊ အခန်း ၇။ အနက်ဖွဲ့ယှက်မှု နယ်ပယ်၊ အခန်း ၈။ ဝါကျနက်၊ အခန်း ၉။ အတ္ထဗေဒမှ လက်တွေ့ အတ္ထဗေဒသို့ စတဲ့အခန်းတွေ လေ့လာရင်းကျယ်ပြန့်နက်ရှိုင်းတဲ့ အတ္တဗေဒပညာရပ်ကိုစူးစမ်းနိုင်မှာဖြစ်ပါတယ်။
“အတ္ထဗေဒနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောကျမ်း အများအပြား ရှိသော်လည်း မြန်မာ ဘာသာဖြင့် ရေးသားထားသော ကျမ်းဟူ၍ တစောင်တဖွဲ့မျှ မရှိသေးသည့် အတွက် ဤကျမ်းငယ်ကို ပြုစုလိုက်ရခြင်း ဖြစ်ပါသည်။ စိတ်ဝင် တစား စူးစမ်းလိုစိတ်များ တိုးပွားလာအာင် စာဖတ်သူတို့ကို အားပေးထောက်ကူ နိုင်လိမ့်မည် ဟု မျှော်လင့်မိပါသည်” လို့ ဆရာမောင်ခင်မင်(ဓနုဖြူ)က ဆိုပါတယ်။ the key colloction က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါ တယ်။
ဘာသာပြန်သူ – တင်စိန်
စာအုပ်အမည် – ဥရောပမှ ပေးစာများ
အမျိုးအစား – ဘာသာပြန်
ပြင်သစ်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ဘီဘီစီ ဦးနေဝင်းရဲ့ သမီး စာရေးသူ မအေးအေးဝင်းက ဥရောပအတွေ့အကြုံတွေကို ပေးစာတွေမှ တဆင့် ဖြန့်ဝေပေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။
ဒီစာအုပ်မှာ နန်းမြင့်ရွာမှ စထရပ်ဘိုးသို့၊ ဆင်းရဲမွဲတေခြင်းမှ သိက္ခာရှိရေးသို့၊ ဥရောပဆောင်းဦးပေါက်၊ စပိန်၊ စပိန် သာယာလှပသော စပိန် အပိုင်း (၁) (၂)၊ ဂျာမနီနိုင်ငံ ဥရောပပန်းခြံမှ ခရစ္စမတ်ပျော်ရွှင်ပွဲ၊ စထရပ်ဘိုး ခရစ္စမတ်မြို့တော်၊ ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ် ၂၀၁၇၊ ဇန်နဝါရီလ ဈေးရောင်းပွဲတော် – ဈေးဝယ်ချင်တဲ့ ဝါသနာပါသလား၊ ဆေးရုံသို့တစ်ခေါက်၊ ဒါဗို့စ်ခေါ်တဲ့ ဆွစ်ဇ်မြို့ကလေး၊ ဥရောပဒီမိုကရေစီ လက်တွေ့ဘဝ၊ သင့်ချစ်သူက ဘယ်သူလဲ၊ သြစတြီးယား အဲ့လပ်ပ်တွင် စကိတ်စီးခြင်း၊ ဥရောပတွင် ကားမောင်းခြင်း၊ ကာနီဗယ် ဥရောပ ပါတီပွဲ ကျင်းပချိန်၊ ဥရောပမြို့ကြီးများအတွင်း ပြည်သူလူထုခရီးသွားပုံနည်းလမ်းများ၊ သန့်ရှင်းသောမြို့ကြီးများနှင့် မြို့သူမြို့သားများ၏ တာဝန်၊ ဥရောပတိုက်ရဲ့ ပျော်ရွှင်ဖွယ်မြို့ကြီးများစတဲ့ စာစုတွေကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
“နိုင်ငံပေါင်း ၂၈ နိုင်ငံရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကား ကွဲပြားခြားနားမှုတွေရှိနေကြပေမယ့် MEPs အမတ်တွေဟာ ဥရောပတိုက်မှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ ဘဝတွေကို တိုးတက်ကောင်းမွန်စေမယ့် ဥပဒေ ပြဋ္ဌာန်းတဲ့နေရာမှာ ဆိုးဆိုးဝါးဝါး၊ မှားမှားယွင်းယွင်း လုပ်ခဲ့တာမျိုး မရှိလှပါဘူး။ အဲဒီလိုပဲ ကျမတို့ နေပြည်တော်က အမတ်တွေဟာလည်း ကျမတို့ ပြည်သူလူထု အတွက် အကျိုးရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းမယ် လို့ ယုံကြည်ပါတယ်” လို့ စာရေးသူက မျှော်လင့်ပါတယ်။
နောက်ပြီး သန့်ရှင်းသော မြို့ကြီးများနှင့် မြို့သူ မြို့သားများ၏ တာဝန် စာစုမှာလည်း မြန်မာတို့ရဲ့ ခပ်ပေါ့ပေါ့ ပြုမူတတ်တဲ့ စရိုက်လက္ခဏာနဲ့ သူတို့မြို့တော် သန့်ရှင်းရေး အတွက် မြို့သူမြို့သားများ ပါဝင်ဆောင်ရွက်မှု စရိုက်လက္ခဏာတွေကို နှိုင်းယှဉ်တင်ပြထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
ဘာသာပြန်သူ – အယ်ရိုး (တောင်ကြီး)၊ ညီစေမင်း
စာအုပ်အမည် – ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အမျိုးသမီးအသံ
အမျိုးအစား – ဘာသာပြန်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အမျိုးသမီးများဟာ အမျိုးသားများနည်းတူ ရင်ပေါင်တန်း ဦးဆောင် လှုပ်ရှားခဲ့နိုင်တာ တွေကို ဖတ်ရှုရမယ့် စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ မသီတာ (စမ်းချောင်း)၊ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ဘဝဇာတ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှု၊ အမျိုးသမီး အခွင့်အရေးနဲ့ စာပေလက်ရာတွေ အကြောင်းကို ဖတ်ရှုရမှာပါ။
မူရင်းစာရေးသူ NILANJANA SENGUPTA က “ထိုအမျိုးသမီး လေးဦးစလုံးသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည် ကြသူများ ဖြစ်နေကြသည်။ သူတို့က ဘာသာရေး အဆုံးအမနှင့် အကျင့်အကြံများအား သူတို့ဘဝ၏ အခက်ခဲဆုံး အပိုင်းများကို ဖြတ်သန်းရာတွင် ထက်သန်စွာ ကျင့်သုံးလိုက်နာခဲ့ကြသူများလည်း ဖြစ်နေကြသည်” လို့ ဆိုပါတယ်။ ငါတို့စာပေကတန်ဖိုး ၇၀၀၀ ထောင်ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ညီစေမင်း
စာအုပ်အမည် – သမိုင်းရိပ်ထင် ဂန္ထဝင်ရုပ်ရှင်ကားများ
အမျိုးအစား – ရုပ်ရှင်
ရုပ်ရှင်သစ္စာ မဂ္ဂဇင်းမှာ လစဉ်ရေးသားခဲ့တဲ့ ဆရာညီစေမင်းရဲ့ ရုပ်ရှင်ဆောင်းပါးတွေကို စုစည်း ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အသောက မဟာရာဇာ၊ ကန္တာရ သူရဲကောင်း၊ လွင့်ပါးပျက်ပြယ်သွားသော အိပ်မက်များ၊ ရုပ်သေးဧကရာဇ်၊ သံခေါင်းစွပ် မင်းသား၊ ဒေါက်တာဇီးဗားဂိုး၊ ညနေဆည်းဆာကို မမြင်လိုက်ရသူများ၊ သူတော်စင်ရဲ့ အကြောင်း (ဂန္ဓီ)၊ မြက်ခင်းပြင်က လင်းယုန်များ၊ ရောမကို အာခံသူ၊ ကွိုင်မြစ်ပေါ်က တံတား၊ ကိုယ်နှင့် အသက် နှင်းဆက်တိုက်မည်၊ ဂက်တီးစဘတ်က သင်ခန်းစာ၊ ပုလဲဆိပ်ကမ်းက သွေးသင်ခန်းစာ၊ ထွက်မြောက်ရာလမ်း၊ အင်ပါယာတခုရဲ့ ဆည်းဆာအချိန်၊ ဝါတာလူးက မိုးစက်များ၊ သူတို့တတွေ၊ မျိုးဆက်အမွေ၊ ဒဏ္ဍာရီဆန်တဲ့ မိန်းကလေးစတဲ့ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
“လူအတော်များများက သမိုင်းဆိုရင် မဖတ်ချင်ကြဘူး။ ခုနှစ်သက္ကရာဇ်တွေ၊ နာမည်တွေ မှတ်ရတာခက်တယ် လို့ဆိုကြတယ်။ ဒါပေမယ့် ရုပ်ရှင် မကြည့်ချင်ဘူးလား ဆိုတော့ ကြည့်ချင်သူတွေ များပါတယ်။ ဒါကြောင့် တချက်ခုတ် နှစ်ချက်ပြတ်သဘောနဲ့ ရုပ်ရှင်ကြည့်ရင်း သမိုင်း ဗဟုသုတပါ ရပစေလို့ ရည်ရွယ်ပြီး ဒီစာအုပ်ကို ရေးသားထုတ်ဝေလိုက်ပါတယ်” လို့ ဆရာညီစေမင်းက ဆိုပါတယ်။ စာအုပ်ဈေးက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။