မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ တသက်မှာတခါ ဆင်နွှဲလေ့ရှိတဲ့ မင်္ဂလာပွဲကို အခမ်းနားဆုံး ကျင်းပလေ့ရှိပြီး ယနေ့ခေတ်လို အစစအရာရာ ကုန်ကျစရိတ် ကြီးမားတဲ့ခေတ်မှာ မင်္ဂလာဆောင်မယ်ဆိုရင် အထွေထွေကုန်ကျစရိတ်ကို တတ်နိုင်သမျှ စနစ်တကျဖြစ်အောင် သေချာတွက်ချက် စီစဉ်ရပါတယ်။
မင်္ဂလာဆောင်ပွဲ ကျင်းပတော့မယ်ဆိုရင် ယနေ့ခေတ်မှာ မင်္ဂလာပွဲ အခမ်းအနားတွေကို အစအဆုံး Package အလိုက် စီစဉ်ပေးတဲ့ Wedding Planning Service လုပ်ငန်းတွေဆီမှာလည်း အပ်နှံလေ့ရှိကြပါတယ်။

Wedding Planning ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကတော့ မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာ မဆောင်မီကနေ မင်္ဂလာဆောင်ပြီးအထိ ပွဲခန်းမငှား၊ ခန်းမအပြင်အဆင်၊ ပန်းအလှဆင်၊ ဧည့်သည်၊ အကျွေးအမွေး၊ သတို့သား၊ သတို့သမီး မိတ်ကပ်၊ ဆံပင်၊ ဝတ်စုံ၊ ဓာတ်ပုံ၊ ဗီဒီယို စတဲ့ မင်္ဂလာပွဲ ဝန်ဆောင်မှုတွေကို စိတ်တိုင်းကျ စီစဉ်ပေးတာ ဖြစ်ပါတယ်။
မင်္ဂလာဆောင်ပွဲတွေကို ကျင်းပဖို့ အစအဆုံး ဝန်ဆောင်မှုပေးနေတဲ့ “My Wedding Dream Event Planner” မှာတော့ Wedding Package တွေကို Silver, Gold, Ruby, Diamond, Platinum ဆိုပြီး အမျိုးအစား ၅ မျိုး ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေကတော့ Package အမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး Silver Package – ၂၈ သိန်း ကနေ Gold Package – ၄၇ သိန်း၊ Ruby Package – ၆၅ သိန်း၊ Diamond Package – ၁၀၄ သိန်းနဲ့ အများဆုံး Platinum Package – ၁၄၆ သိန်း အထိ အစားစားရှိတယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေကတော့ အကြမ်းဖျင်း တွက်ချက်ထားတဲ့ ပျမ်းမျှ ဈေးနှုန်းတွေဖြစ်ပြီး မင်္ဂလာစုံတွဲများအနေနဲ့ မိမိတို့ရွေးချယ်တဲ့ အချိန်၊ နေ့ရက်၊ ဟိုတယ်ခန်းမ နေရာတို့ အပေါ်မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

Package တွေမှာ ပါဝင်တဲ့ ဟိုတယ်၊ ခန်းမနေရာတွေကတော့ Sliver Package မှာ ရွှေမင်းဝံ၊ ကျောက်ဆည်၊ အင်းလျားကန်ဖျား၊ ဇီဝိတဒါန၊ စွန်းလွန်းဂူ၊ မဟာစည်၊ ရွှေပုဇွန် စတဲ့ ခန်းမနေရာများ ပါဝင်ပြီး Gold Package မှာ လယ်တီ ဝိပဿနာ၊ မင်းကွန်း၊ နှင်းဆီကုန်း၊ Dolphin၊ Panda ဟိုတယ်၊ Excel Treasure ဟိုတယ်၊ M3 ခန်းမ၊ Central ဟိုတယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
Ruby, Diamond, Platinum Package တို့မှာတော့ မြရိပ်ညိုဟိုတယ်၊ Asia Plaza ဟိုတယ်၊ Hotel Yangon၊ ကရဝိတ်နန်းတော်၊ Inya Lake ဟိုတယ်၊ Rose Garden, Summit Parkveiw, Yuzana Garden, Chatrium, Gandamar Grand Ballroom, Sky Star ဟိုတယ်၊ တော်ဝင်ဂါးဒင်း၊ Melia, Park Royal, Sule-Shangrila, Novotel, Sedona စတဲ့ နာမည်ကြီး ဟိုတယ်တွေ ပါဝင်ပါတယ်။
“ဈေးနှုန်းတွေက အကြမ်းဖျင်း တွက်ပြပေးထားတာပါ။ တချို့ဟိုတယ်တွေက ခန်းမဈေးနှုန်း များတယ်။ လူဦးရေ မူတည်ပြီးတော့လည်း မင်္ဂလာပွဲကို ချဲ့ရင်ချဲ့သလို ဈေးနှုန်းက ပိုများနိုင်တယ်။ အများစု ဆောင်ကြတာက High Rate ထဲမှာဆိုရင် Sedona, Novotel, Melia, Chatrium, Sule-Shangrila, Inya Lake စတဲ့ ဟိုတယ်တွေ ဈေးမြင့်တယ်” လို့ My Wedding Dream Event Planner မှ ပိုင်ရှင် မကေဇင်က ဧရာဝတီကို ပြောပါတယ်။

မင်္ဂလာပွဲအတွင်း ဝန်ဆောင်မှုတွေမှာ ခန်းမအပါအဝင် ပွဲအတွင်း မိတ်ကပ်၊ ဆံပင်၊ မင်္ဂလာဝတ်စုံ၊ ခန်းမအပြင်အဆင်၊ အကျွေးအမွေး၊ MC (အခမ်းအနား အစီအစဉ် တင်ဆက်သူ)၊ တီးဝိုင်းဖျော်ဖြေရေး၊ ပန်းကြဲ၊ ပန်းကုံး၊ ဗန်းကိုင်၊ အရံတွဲ၊ ဓာတ်ပုံ၊ ဗီဒီယို စတဲ့ ဝန်ဆောင်မှုများစွာ ပါဝင်ပါတယ်။ ခန်းမ မပါဘဲ မင်္ဂလာပွဲ ဝန်ဆောင်မှုချည်းပဲလည်း သပ်သပ်ယူနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မင်္ဂလာပွဲမှာမှ နေ့ခင်းပိုင်းပွဲ၊ ညဘက် ဒင်နာပွဲဆိုပြီး၂ မျိုးရှိပြီး အဲဒီပွဲတွေအတွက်လည်း မင်္ဂလာမောင်နှံများမှ မိမိတို့ကြိုက်နှစ်သက်ရာ ဟိုတယ်၊ ခန်းမ နေရာတို့အပေါ်မူတည်ပြီး ဈေးနှုန်း အစားအစားနဲ့ Package အမျိုးမျိုး ရှိတယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် တသက်မှာတခါ ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ မင်္ဂလာပွဲ အခမ်းအနားတွေကို တတ်နိုင်သမျှ အမှားနည်းအောင် သေချာ စနစ်တကျ စီစဉ်ဆောင်ရွက်ရပါတယ်။ ဒါကြောင့်မလို့ ဒီနှစ် ပွင့်လင်းရာသီမှာ မင်္ဂလာ ဆောင်မယ့် စုံတွဲတွေအတွက် မင်္ဂလာပွဲခန်းမနဲ့ ပတ်သက်တဲ့ Package ဈေးနှုန်းအချက်အလက်တွေကို ဧရာဝတီမှ အကြံပြုရေးသားလိုက်ပါတယ်။