Lifestyle

ဝန်ထမ်းကောင်းတွေကို အလုပ်ထွက်စေတဲ့ ကုမ္ပဏီစည်းကမ်းများ

Want create site? Find Free WordPress Themes and plugins.

တကယ်တော့ ကုမ္ပဏီ တခု၊ လုပ်ငန်းတခု လည်ပတ်ဖို့ဆိုတာ ကုမ္ပဏီဘက်ကလည်း လစာ၊ ဆုကြေး၊ ခံစားခွင့်တွေ ကောင်းကောင်း ပေးနေရုံနဲ့ မဖြစ်သေးဘဲ စည်းကမ်းပိုင်းမှာလည်း အရမ်းကြီး တင်းကျပ်မှု မရှိဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းကောင်းလို့ ဆိုနိုင်တဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်သူတွေ၊ ကုမ္ပဏီ အတွက် အရေးပါသူတွေဟာ အချို့သော စည်းကမ်းတွေကြောင့် အလုပ် ထွက်သွားတတ်ပါတယ်။ ဘယ်လို စည်းကမ်းတွေက ဝန်ထမ်းကောင်းတွေကို အလုပ်ထွက်ချင်စိတ်ပေါက်စေနိုင်လောက်အောင် ဖြစ်စေပါသလဲ။

(၁) ခြောက်လ သဘောတူညီချက်

အများစုသော ကုမ္ပဏီတွေမှာ ဝန်ထမ်းသစ် တယောက် ရောက်လာခဲ့ရင် အစမ်းခန့် အဖြစ် ၆ လလောက်ထိအောင် အစမ်းခန့်ပါတယ်။ အဆိုပါ အစမ်းခန့် ကာလအတွင်းမှာ လစာ၊ ခံစားခွင့်နဲ့ အခြား ခံစားခွင့် အားလုံးက အမြဲတမ်း ဝန်ထမ်းတွေလို ခံစားခွင့် မရှိသလို လွယ်လွယ်ပြောရရင် အဆိုပါ ၆ လတာ အတွင်းမှာ အစမ်းခန့် ဝန်ထမ်းတွေဟာ မျက်နှာငယ်ရပါတယ်။ ဒီလို အချိန်အတွင်းမှာ ကုမ္ပဏီအတွက် ဝန်ထမ်းကောင်း ဖြစ်လာနိုင်သူတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ အစမ်းခန့် ၃ လဟာ လုံလောက်သလို တကယ်လို့ တိတိကျကျ မပြောရင်လည်း အချိန် ၃ လထက် မပိုသော ကာလအတွင်းမှာ အမြဲတမ်း ဝန်ထမ်းအဖြစ်ရော အဆိုပါ ဝန်ထမ်းနဲ့ ကိုက်ညီသင့်လျော်မယ့် နေရာ၊ လစာ၊ ခံစားခွင့်တွေကို ပေးသင့်ပါတယ်။

(၂) တင်းကျပ်သော ရုံးတက်ချိန်

ရုံးချိန်ထက် လုံး၀ နောက်ကျခြင်း မရှိရ၊ ရုံးချိန်ပြည့်မှ ရုံးဆင်းရမည်၊ အားလပ်ချိန်၊ ခေတ္တအနားယူချိန် တိကျရမည် ဆိုတဲ့ အချို့သော ရုံးတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းကို တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အကြောင်းကြောင်းကြောင့် ရုံးတက် နောက်ကျမှုကို တလ အတွက် ဘယ်နှစ်ရက်တော့ ခွင့်ပြုခြင်း၊ လုပ်ငန်းတာဝန်လည်း ပြီးစီးပြီဖြစ်လို့ အကြောင်းရင်း တခုကြောင့် ရုံးချိန်စောပြီး ဆင်းခွင့်ပြုခြင်းနဲ့ အားလပ်ချိန်ကိုလည်း ညှိုနိုင်းပေးခြင်းက လုပ်ငန်းခွင် ပျော်စေပြီး ဝန်ထမ်း မြဲစေပါတယ်။

(၃) ရုံးချိန်တွင်း အာရုံပြည့်အလုပ်လုပ်ဖို့

ဝန်ထမ်းရယ်မှ မဟုတ်ဘဲ ဘယ်လို လူသား တဦးတစ်ယောက် ဖြစ်စေ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စရပ်တွေနဲ့အတူ အာရုံတခုခု ရှိနေတတ်ပါတယ်။ ရုံးချိန်ပြည့် ရုံး အလုပ်ကိုပဲ အာရုံစိုက်မှု ဆိုတာလည်း ခက်ပါတယ်။ ဒီလို အခြေအနေအတွက် ဥပမာ လူမှုရေး ပြဿနာ တခုခုကြုံနေရသူကို ခွင့်ပေးခြင်းမျိုး၊ ရုံးတွင်း ပျော်ရွှင်အောင် နေစေခြင်းမျိုးနဲ့ ဝိုင်းဝန်း ကုစားစေသင့်ပါတယ်။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ရုံးချိန်တွင်း အာရုံပြည့်ထားပြီး အလုပ်လုပ်စေဖို့ အတင်းမခိုင်းပါနဲ့။

(၄) အင်တာနက် အသုံးပြုမှုကို မပိတ်ပင်ပါနဲ့

အချို့သော ရုံးတွေမှာ ကွန်ပျူတာတင် မဟုတ်ဘဲ အင်တာနက် ချိတ်ဆက် အသုံးပြုမှုကိုပါ ဝန်ဆောင်မှု ပေးထားပြီး ဒီလို ချိတ်ဆက် အသုံးပြုမှုမှာအလုပ်အတွက်ပဲ အင်တာနက် သုံးရမည်၊ ကိုယ်ရေး ကိုယ်တာ ဥပမာ Facebook မသုံးရ ဆိုတာမျိုး မတင်းကျပ်ပါနဲ့၊ အလုပ်ချိန် အလုပ်၊ စိတ်ခဏတာ အပန်းဖြေမှုအတွက်လည်း Facebook သုံးတတ်သူရှိရင် ပေးသုံးလိုက်ပါ။ လုပ်ငန်းခွင် ပျော်စေပါတယ်။

(၅) အလုပ်ပြီးမြောက်မှုအတွက် ဖိအားမပေးပါနဲ့

ဥပမာ- ဈေးကွက်ရှာဖွေရေး ဝန်ထမ်းကောင်း တဦးဟာ အခုလအတွက် ဝင်ငွေ သိန်း ၁၀၀ ရှာပေးနိုင်ခဲ့ပေမယ့် နောက်လမှာ အဆိုပါနှုန်းအထိအောင် ရှာချင်မှ ရှာနိုင်ပါလိမ့်မယ်။ အကြောင်းရင်း တခုခုကြောင့် အလုပ် ပြီးမြောက်မှု၊ စွမ်းဆောင်ရည်လျော့သွားခြင်း ရှိခဲ့ရင် အချိန် ခဏတော့ ပေးပါ၊ ချက်ချင်း ဖိအားမပေးပါနဲ့၊ ဝန်ထမ်းကောင်းတွေ အလုပ်ထွက်သွားတတ်ပါတယ်။

(၆) ဖုန်းအသုံးပြုခွင့် မပိတ်ပါနဲ့

လိုအပ်သည်ထက် ပိုမို ပြောဆို သုံးစွဲမှုအတွက် ခေါ်ယူ သတိပေးသင့်တာ မှန်ပေမယ့် အလုပ်ချိန်အတွင်း ဖုန်းပိတ်ထားဖို့၊ ဖုန်းကို လော့ခ်ကာထဲမှာ ထားခဲ့ဖို့ဆိုတဲ့ နည်းမျိုးနဲ့ ဖိအားပေး မတားမြစ်ပါနဲ့၊ ဝန်ထမ်းကောင်း တွေမှာ အလုပ်ချိန်ကို အလုပ်လုပ်ဖို့ အသိကောင်းကောင်း ရှိကြပါတယ်။

(၇) အားလပ်ရက် ကောင်းကောင်းပေးပါ

အခြား ရုံးတွေနည်းတူ အားလပ်ရက်ပေးဖို့၊ ရုံးပိတ်ပေးဖို့ မမေ့ပါနဲ့၊ အပိုချိန်လစာ ကောင်းကောင်း ပေးပြီးလည်း အလုပ် မခိုင်းချင်ပါနဲ့၊ အလုပ်များထားလို့ ပင်ပန်းထားသူတွေအနေနဲ့ အပိုချိန် လစာထက် အားလပ်ချိန်ကို ခဏတော့ လိုချင်ကြပါတယ်။ ရုံးကို အခြား ရုံးတွေ နည်းတူ ပိတ်ပေး၊ အားလပ်ခွင့်ပေးပါ။

(၈) Mail အသုံးပြုမှုကိုလည်း လွတ်လပ်ခွင့်ပေးပါ

Messenger လို လူမှုရေးသုံးစနစ်ကို ခွင့်မပြုချင်ဘူး ဆိုရင်တောင်မှ Email လို စာ၊ ပုံလို အလုပ်နဲ့ရော ကိုယ်ရေး ကိုယ်တာ အသုံးပါ သုံးနိုင်တဲ့ စနစ်ကိုတော့ လွတ်လပ်စွာ အသုံးပြုခွင့်ပေးပါ။ Facebook လို Mail စနစ်ဟာ အချိန်ပေး အသုံးပြုတဲ့စနစ် မဟုတ်ပါဘူး။ ဝန်ထမ်းကောင်းတွေကို ဖိအားအများကြီး မပေး၊ မတင်းကျပ်ပါနဲ့။

(၉) လူမှုရေးပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းပေးပါ

ဒီတချက်ကတော့ မူရင်းဆောင်းပါးမှာ ထည့်သွင်းရေးသားထားလို့ ထည့်ရေးရပေမယ့် ကျနော်တို့ဆီမှာတော့ ကူညီနေကျ ဓလေ့တခုပါ။ ပညာရေး လိုအပ်ချက်အတွက် ဝန်ထမ်းချင်း မဟုတ်ဘဲ ကုမ္ပဏီကနေ ထောက်ပံ့မှု တတ်နိုင်သလောက် လုပ်ပေးပါ။ အချိန်ပေးဖို့ လိုအပ်ခဲ့ရင် လစာနဲ့ အားလပ်ရက်ပေးခြင်းမျိုး ကူညီပေးပါ။

www.businessinsider.com တွင် ဖော်ပြထားတဲ့ 9 company rules that make good employees quit ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading