ဂရင်းဆလမ် ချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့သူ မာရီယာ ရှာရာပိုဗာ (Maria Sharapova) ကို သူကြော်ငြာပေးခဲ့သော အဆင့်မြင့်အိမ်ရာ စီမံကိန်း ပြိုကွဲ သွားပြီးနောက် လိမ်လည်မှု၊ ရာဇဝတ်ကြောင်း ပူးပေါင်းကြံစည်မှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေသည် ဟု ရှေ့နေတဦးက ပြောဆိုသည်။
စီမံကိန်းကို မရုပ်သိမ်းမီတွင် ထိုလုပ်ငန်းသည် အိုးအိမ် ဝယ်ယူသူများထံမှ ဒေါ်လာသန်းပေါင်း များစွာ ရယူသွားခဲ့သည် ဟု စွပ်စွဲခံ ထားရသည်။
ရဲတပ်ဖွဲ့က ရှာရာပိုဗာကို Homestead Infrastructure Development လုပ်ငန်း၏ တစိတ်တပိုင်း အဖြစ် လိမ်လည်မှုနှင့် ရာဇဝတ်ကြောင်း ပူးပေါင်းကြံစည်မှုများ အတွက် ကနဦး စွဲချက်တင်ထားသည် ဟု အိမ်ဝယ်သူများ၏ ရှေ့နေ ပီယပ်ဆင်း (Piyush Singh) က ပြောသည်။
အသက် ၃၀ အရွယ် ကမ္ဘာ့တင်းနစ် ချန်ပီယံ ရှာရာပိုဗာသည် ၂၀၁၂ ခုနှစ်တွင် Ballet ဟု ရှာရာပိုဗာ ကိုယ်တိုင် အမည် ပေးထားသည့် အဆင့်မြင့်အိမ်ရာ ဖွင့်ပွဲ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို အဆင့်မြင့်အိမ်ရာတွင် တင်းနစ် အကယ်ဒမီ တခု၊ ကလပ်တခုနှင့် ရဟတ်ယာဉ်ကွင်းတခု ပါမည် ဟုလည်း ဝယ်ယူသူများကို အသိပေး ကြေညာထားသည်။
ထိုအိမ်ရာမှ အိမ်ခန်း ဝယ်ယူသူများကို မတူကွဲပြား ထူးခြားဆန်းသစ်မှုများ ခံစားရစေရေးမှာ ရှာရာပိုဗာ၏ ရည်မှန်းချက် ဖြစ်သည် ဟုလည်း ထိုအိမ်ရာ စီမံကိန်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
“ကုန်ပစ္စည်းတခု ကောင်းကြောင်း ထောက်ခံပေးတဲ့ ကျော်ကြားသူ ဘယ်သူ မဆိုဟာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်လို့ သဘောတရား အရ ယူဆနိုင်တယ်။ ရှာရာပိုဗာရဲ့ နာမည်သာ မပါရင် ဘယ်သူမှ ဒီ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ ကြမှာ မဟုတ်ဘူး” ဟုလည်း ရှေ့နေ ပီယပ်ဆင်းက ပြောသည်။
နယူးဒေလီမြို့စွန် မြို့သစ်ဖြစ်သည့် ဂါဂုန်းတွင် ရှိသည့် ထိုစီမံကိန်းသည် ၂၀၁၆ ခုနှစ်တွင် ပြီးစီးရမည် ဖြစ်သော်လည်း ဆောက်လုပ်သူများသည် ဝယ်ယူသူများထံမှ ဒေါ်လာ သန်းပေါင်းများစွာ ရရှိပြီးနောက် စီမံကိန်းထားရစ်ကာ ထွက်ပြေးသွားခဲ့သည်။
ထိုအမှုကို ဒေလီတရားရုံးတွင် ကြားနာနေပြီး ရဲတပ်ဖွဲ့ထံမှ မည်သည့် သတင်းမျှ မရရှိသေးပေ။ ဆောက်လုပ်သူများ၏ ဖုန်းများကို ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ ရှာရာပိုဗာ ကလည်း အမှုအတွက် တစုံတရာ ဝေဖန်ပြောကြားခြင်း မရှိပေ။
ရှာရာပိုဗာသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ သန်း ၃၀ နီးပါး ရရှိပြီး ထိုငွေအနက် ဒေါ်လာ ၂၃ သန်း နီးပါးမှာ ထိုစီမံကိန်း ကဲ့သို့သော လုပ်ငန်းများကို ကြော်ငြာပေးသောကြောင့် ရရှိခဲ့သည်ဟု Forbes မဂ္ဂဇင်း၏ အဆိုအရ သိရသည်။
သူသည် တားမြစ်ဆေး သုံးခြင်း အတွက် ၁၅ လကြာ တင်းနစ်ကစားခြင်းကို ပိတ်ပင်ခံရပြီးနောက် ဧပြီလက ပြန်လည် ကစားပြီးချိန်မှ စတင်ကာ ဆက်တိုက် ပြန်လည် ကစားနေခဲ့သည်။
(AFP သတင်းတရပ်တွင် ဖော်ပြထားသည့် Sharapova named in India luxury housing fraud probe ကို ဘာသာပြန်သည်။)