Lifestyle

ကမ္ဘာပေါ်က အလှဆုံး ပင်လယ်ဂူများ

အခုပြောမှာကတော့ ကမ္ဘာတလွှားမှာ ရှိတဲ့ ပင်လယ်ဂူတွေထဲကမှ အလှဆုံးဆိုတဲ့ ကျောက် ပင်လယ်ဂူတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ ပင်လယ်ရေနဲ့ လေရဲ့ စုပေါင်း တိုက်စားမှုတွေကြောင့် အခုလို လှပတဲ့ ပင်လယ်ဂူတွေ ဖြစ်လာတယ်လု့ိ့ ဆိုပါတယ်။

(၁) Fingal’s Cave

စကော့တလန်က Isle ကျွန်းစုမှာ ရှိပါတယ်။ အမြင့်က ၇၂ ပေ၊ ပင်လယ်ဂူရဲ့အတွင်းပိုင်းကို အနက် ၂၇ဝ ပေ ထိအောင် ရှည်လျားပါတယ်။ အုတ်ခဲတွေ စီပြီး ကျောက်တိုင်ပုံစံ ဖန်တီးထားသလို ထူးထူးဆန်းဆန်း ဖြစ်တည်နေတာပါ။ လှေနဲ့သော် လည်းကောင်း ကျွန်းမှ ခြေလျင်ခရီးဖြင့်သော်လည်းကောင်း သွားရောက်လည်ပတ်နိုင်ပါတယ်။

(၂) Ana Kakenga

ချီလီနိုင်ငံက Easter ကျွန်းမှာ ရှိပါတယ်။ လည်ပတ်သူ အများဆုံး လာရောက်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ထူးခြားချက်က အဝင်ပေါက်က အနည်းငယ်ကျဉ်းပါတယ်၊ ပုလင်းဝ ပုံစံ အဝင်ပေါက် သေးငယ် ကျဉ်းမြောင်းပြီး အတွင်းမှာ ကျယ်ဝန်းပါတယ်၊ အရှည်(အနက်) ၁၆၄ ပေထိအောင် ရှိပါတယ်။

(၃) Blue Caves

ဂရိနိုင်ငံ Zakynthos မြို့မှာ ရှိပါတယ်။ သူက ပင်လယ်ဂူတခုတည်း ပုံစံ မဟုတ်ဘဲ ထုံးကျောက်သားကို ပယ်လယ်ရေ တိုက်စားလို့ ကွင်းပုံစံ ပင်လယ်ဂူတွေ အစီလိုက် အစုလိုက် တည်ရှိနေတာ ဖြစ်ပါတယ်။ ဝင်ရောက် လည်ပတ်ဖို့ထက် ပတ်ဝန်းကျင် ရှုခင်းကောင်းကောင်းကို ခံစားနိုင်မယ့် နေရာပါ။ ၁၈၉၇ ခုနှစ်ကတည်းက အများပြည်သူကို လည်ပတ် ဝင်ရောက်ခွင့်ပေးထားတာပါ။

(၄) Marble Caves

ချီလီနိုင်ငံ Chico မြို့မှာ ရှိပါတယ်။ လှေငယ်လေးများအသုံးပြုကာ သွားရောက်နိုင်ပါတယ်။ ကုန်းလမ်း မရှိဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၂၀၀ လောက်ကတည်းက ဖြစ်တည်နေတာ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ပင်လယ်ဂူပတ်လည်ရှိ ရေများဟာ ကြည်လင်နေပြီး ဂူရဲ့ ကျောက်သားတွေက ပင်လယ်ရေရဲ့ အရောင်အတိုင်း ဆင်တူ ဖြစ်တည်နေပါတယ်။

(၅) Blue Grotto

အီတလီနိုင်ငံ Capri မှာ ရှိပါတယ်။ ကမ္ဘာမှာ လူသိအများဆုံး ပင်လယ်ဂူတွေထဲက တခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ပင်လယ်ရေပေါ် ဘုရားကျောင်း အဖြစ် အသုံးပြုခဲ့တဲ့ ပင်လယ်ဂူလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ဂူတွင်းမှာ မကောင်းဆိုးဝါးများ၊ နတ်ဘုရားများရှိတယ်ဆိုတဲ့ ကောလဟလ အယူအဆများကြောင့် နှစ်ပါင်းများစွာ လူသူကင်းမဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။ ၁၈၂၆ ခုနှစ်မှ စတင်ပြီး အမျိုးသား သုံးဦးမှ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ရာက အများပြည်သူ သွားရောက်လည်ပတ်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ မွန်းတည့် ၁၂ နာရီကနေ နေ့လည် ၂ နာရီအတွင်း လည်ပတ်ဖို့ အကောင်းဆုံး အချိန်န် ဖြစ်တယ်လို့ သိရပါတယ်။

(၆) Benagil Cave

ပေါ်တူဂီနိုင်ငံမှာ ရှိပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်း ကမ်းခြေမှာ ရှိတဲ့ တံငါရွာလေးနဲ့အတူ ရှိနေတာပါ။ သူက ဒီရေ တက်ချိန်မှာပဲ ပင်လယ်လှိုဏ်ဂူအတွင်း ရေ အနည်းငယ် ဝင်ပြီး ရေအမြဲ မရှိပါဘူး။ ခရီးသွားဝန်ဆောင်မှု ပေးတဲ့ လှေလုပ်ငန်း နည်းလို့ ကြိုတင် စီစဉ်ပြီးမှ သွားရောက်လည်ပတ်တာ အကောင်းဆုံးလို့ ဆိုပါတယ်။

(၇) Ayia Napa Sea Caves

ဆိုက်ပရပ်နိုင်ငံက အိုင်ယာနာပါ မှာရှိပါတယ်။ ပင်လယ်ဂူလို့ ဆိုပေမယ့် ကျောက်သားကို ပင်လယ်ရေ တိုက်စားထားလို့ ကွင်းပုံစံ ဖြစ်နေပါတယ်။ အတွင်းကို ဝင်ရောက် လည်ပတ်ဖို့ထက် ပတ်ဝန်းကျင်ကောင်း ခံစားဖို့ပဲ ရနိုင်မယ့် နေရာပါ။ ၂၆၂ ပေထိအောင် ရှည်လျားပါတယ်။ ဂူပတ်လည်မှာရှိတဲ့ ပင်လယ်ရေများဟာ ကြည်လင်နေတာကြောင့် ရေငုပ်ချင်သူတွေ ရေကူးချင်သူတွေအတွက် အကောင်းဆုံးနေရာတခုလို့ ဆိုနိုင်ပါတယ်။ ကုန်းလမ်းရော ရေလမ်းကနေပါ သွားရောက် လည်ပတ်နိုင်ပါတယ်။

(၈) Rosh HaNikra Grottoes

အစ္စရေးနိုင်ငံမှာ ရှိပါတယ်။ အရှည် ၆၅၆ ပေထိအောင် ရှည်တဲ့ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ပင်လယ်ဂူတခုလည်း ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ ကမ်းစပ်တခုမှာ ဖြစ်ပါတယ်။ လည်ပတ်သူတွေဟာ အဖြူရောင် မတ်ဆောက်တဲ့ ထုံးကျောက်နံရံအစွန်းအဖျားရဲ့ ဟိုဘက် ဒီဘက် ချိတ်ဆက်ထားသော ကေဘယ်လ်ကားများဖြင့် ဂူပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနိုင်ပါတယ်။

(၉) Admirals Arch

သြစတြေးလျနိုင်ငံ Kangaroo ကျွန်းမှာ ရှိပါတယ်။ အခြား သက်တမ်းရင့် ပင်လယ်ဂူတွေလိုပဲ သက်တမ်း နှစ်ပေါင်း ထောင်ချီနေပြီလို့ ခန့်မှန်းကြပါတယ်။ ပင်လယ်ထဲမှာ ရွက်လွှင့်ရင်း လာရောက် လည်ပတ်နိုင်ပါတယ်။ ကျွန်းတပတ် လမ်းလျှောက်လို့ရတဲ့ သစ်သားလှေကားတံတားတည်ရှိပြီး တချို့လည်ပတ်သူတွေက လမ်းလျှောက်ကာ ပတ်ဝန်းကျင်အလှအပကို ကြည့်ရှုခံစားကြတယ်လို့ သိရပါတယ်။

(၁၀) Waianapanapa State Park

ဟာဝိုင်ရီက Maui မှာ ရှိပါတယ်။ ပင်လယ်ဂူလို့ ဆိုပေမယ့် သူ့ရဲ့ အနီးအနားက ရေတွေက ရေချိုတွေ ဖြစ်ပါတယ်။ ရေက ကြည်လင်နေပြီး ရေကူးလို့ ကောင်းနိုင်ကာ ဒီရေ အတက်အကျနည်းတဲ့အတွက် တနေကုန်ရေကူးနိုင်တယ်လို့ သိရပါတယ်။ မနက် ၁၁ နာရီ ကနေ နေ့လည် ၁ နာရီ အတွင်းကတော့ အကောင်းဆုံးလို့ ဆိုပါတယ်။ ထုံးကျောက်နဲ့ အနည်ကျကျောက်တွေ အများဆုံးပါဝင် ဖွဲ့စည်း ဖြစ်တည်နေတဲ့ ပင်လယ်ဂူ ဖြစ်ပါတယ်။

www.rd.com တွင် ဖော်ပြထားတဲ့ 10 of the most beautiful sea caves in the world ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading