ကမ္ဘာမှာ နိုင်ငံအလိုက် ကမ္ဘာ့ဖလား ရယူထားနိုင်မှု အသင်းက ဘရာဇီး၊ ၅ ကြိမ်ထိ ရထားတယ်။ ဘောလုံးသမားကောင်းတွေ အများဆုံး ထွက်ရှိရာ နိုင်ငံတခု။ တောင်အမေရိကတိုက် တတိုက်လုံးလိုလို ဘောလုံးကို ဝါသနာပါပြီး နာမည်ကျော် ဘောလုံး အသင်းတွေ အများကြီး ရှိပေမယ့် မြောက်အမေရိကတိုက်မှာ ကမ္ဘာ့စီးပွားရေးရော စစ်အင်အားပါ အင်အားကြီးတယ်ပါဆိုတဲ့ အမေရိကန်က ဘောလုံးမှာတော့ ခေတ်စကားနဲ့ ဆိုရင် ငချွတ်ကလေးလို့ ပြောလို့ ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အီတလီ ကမ္ဘာ့ဖလား ခြေစစ်ပွဲကနေ ရှုံးပြီး ထွက်ရတော့ လူအများစုက စိတ်မကောင်း ဖြစ်ကြရပါတယ်။ အီတလီ ဆိုတာက ကမ္ဘာ့ဖလားကို ၄ ကြိမ် ရယူထားနိုင်တဲ့ ကမ္ဘာမှာ ဒုတိယမြောက် အောင်မြင်မှု အများဆုံး အသင်းပါ။ အမေရိကန်က အီတလီ မထွက်ရခင်ကတည်းက လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားကို ကျောခိုင်းပြီးခဲ့ပြီ။ အမေရိကန်မှာ ဘောလုံးထက် အမေရိကန် ဖွတ်ဘော၊ ဘတ်စကတ်ဘောနဲ့ တင်းနစ်တွေ၊ ဂေါက်သီးတွေကို လူပိုကြိုက်ကြတယ်။ အမေရိကန် ဘောလုံး အသင်း အကြောင်း ပြောပြပါမယ်။
အသင်းက United States men’s national soccer team ဆိုတော့ အမေရိကန် အမျိုးသားနိုင်ငံလက်ရွေးစင် ဘောလုံး အသင်းပါ။ အမေရိကန် ဘောလုံး အဖွဲ့ချုပ် United States Soccer Federation ရဲ့ လက်အောက်မှာ ရှိတယ်။ အခြား ကမ္ဘာ့နိုင်ငံတွေမှာ Football Federation ဖြစ်ပြီး အမေရိကန်က ဘာလို့ Soccer Federation ဖြစ်နေသလဲ ဆိုတော့ စာလုံး အသုံးအနှုန်းမှာ Football က အင်္ဂလန်သုံး၊ Soccer က အမေရိကန်သုံး ဖြစ်နေလို့ပါ၊ ဘောလုံးအဖွဲ့ချုပ် ဆိုတာကတော့ အတူတူပါပဲ။
CONCACAF ဆိုတဲ့ မြောက်အမေရိက ရယ်၊ ဗဟိုအမေရိက ရယ်၊ ကာရေဘီယံဒေသတွင်း နိုင်ငံများ ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အဖွဲ့ချုပ်၊ အသင်း တသင်းပေါ့။ မြန်မာ ဘောလုံး အသင်းဆိုရင်လည်း အာရှ ဒေသထဲမှာတော့ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိနေသလို ဖြစ်ပါတယ်။
တောင်အမေရိကမှာ ဘရာဇီးက ဘုရင်၊ မြောက်အမေရိကတိုက်မှာ အမေရိကန်က ဘုရင်၊ ဘရာဇီးက ကမ္ဘာ့ ဖလား ၅ ကြိမ် ရဖူးတယ်၊ ပြိုင်ပွဲကို ၂၁ ကြိမ် ဝင်ပြိုင်ဖူးတယ်၊ အမေရိကန်က ကမ္ဘာ့ဖလားတော့ မရဖူးပေမယ့် ကမ္ဘာ့ဖလားကို ၁၀ ကြိမ် ဝင်ပြိုင် ဖူးတယ်၊ အမြင့်ဆုံး အနေနဲ့ ဆီးမီးဖိုင်နယ်ထိ ၁ ကြိမ်ရောက်ဖူးတယ်၊ တတိယ ၁ ကြိမ်ရဖူးတယ်၊ ဒီလောက်ပါပဲ။
အသင်းကို အမည်ပြောင် အဖြစ်နဲ့ The Stars and Stripes လို့လည်း ခေါ်သလို The Yanks လို့လည်း ခေါ်ကြပါတယ်။ လက်ရှိ အသင်းနည်းပြက Dave Sarachan ဖြစ်ပြီး ယာယီနည်းပြ အဖြစ် တာဝန်ယူနေတာပါ။ အောက်တိုဘာလအတွင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးလို့ Bruce Arena က နည်းပြရာထူးကနေ နှုတ်ထွက်သွားလို့ လက်ရှိ အမေရိကန်အသင်းက အမြဲတမ်းနည်းပြ မရှိသေးပါ။
အသင်း ခေါင်းဆောင်က Danny Williams ဖြစ်ပါတယ်။ အိမ်ကွင်း အဖြစ် တိတိကျကျ လက်ခံကစားတဲ့ ကွင်းရယ်လို့ မရှိဘဲ အဆင်ပြေတဲ့ ကွင်းမှာ ပြောင်းလဲ လက်ခံကစားပါတယ်။ ဒီနေရာမှာ အင်္ဂလန် ဆိုရင် နိုင်ငံပွဲတွေမှာ ဝင်ဘလေကွင်းကို အိမ်ကွင်း အဖြစ် အမြဲသုံးတဲ့ အကျင့်နဲ့တော့ နည်းနည်းကွာပါတယ်။
FIFA ကနေ ထုတ်ပြန်တဲ့ အောက်တိုဘာလ အဆင့် သတ်မှတ်ချက်မှာ အမေရိကန်က ကမ္ဘာ့အဆင့် ၂၇ ရှိပါတယ်။ ဒါက ရှေ့လ စက်တင်ဘာထက် ၁ ဆင့် တက်လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ချက် အဖြစ် ၂၀၀၆ ခုနှစ် ဧပြီလ အတွင်းက ကမ္ဘာ့အဆင့် ၄ ထိအောင် ရောက်ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒီလိုပဲ သမိုင်းတလျှောက် အနိမ့်ဆုံး အဆင့် အဖြစ်တော့ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက အဆင့် ၃၆ ထိအောင် ရောက်ရှိဖူးတာလည်း တွေ့ရပါတယ်။
ဘောလုံးကစားမှု အပိုုင်းမှာ ဝါသနာ နည်းတဲ့ အမေရိကန်က ပထမဆုံး နိုင်ငံတကာ ကစားပွဲစဉ်ကို နိုင်ငံကိုယ်စားပြု အနေနဲ့ ၁၉၁၆ ခုနှစ် သြဂုတ် ၂၀ ရက်ကမှ စတင် ယှဉ်ပြိုင်တာ တွေ့ရပြီး ပွဲဦးထွက် ကစားပွဲကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ သွားကစားခဲ့ပြီး အဆိုပါ ပွဲမှာ ဆွီဒင်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
သမိုင်းတလျှောက် အကြီးမားဆုံး နိုင်ငံအဖြစ် ၂၀၀၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ်၊ ကာဆန်မြို့မှာ ကစားတဲ့ ဘာဗာဒို့ (Barbados) နဲ့ ပွဲမှာ ၈ ဂိုး ဂိုးမရှိနဲ့ နိုင်ဖူးတယ်၊ သမိုင်းတလျှောက် အကြီးမားဆုံး ရှုံးပွဲ အဖြစ် ၁၉၄၈ ခုနှစ် သြဂုတ် ၆ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမှာ ကစားတဲ့ နော်ေ၀ အသင်းနဲ့ ပွဲမှာ ၁၁ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးဖူးတာတွေ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ၁၉၃၀ ခုနှစ်မှာ စတင် ဝင်ခွင့်ရခဲ့ဖူးပြီး အခုချိန်ထိ ၁၀ ကြိမ် ဝင်ခွင့်ရထားတယ်၊ ထူးခြားချက်ကတော့ အဆိုပါ ပထမဆုံး ဝင်ခွင့်ရတဲ့ နှစ်မှာပဲ အမေရိကန် အသင်းက ကမ္ဘာ့ဖလားမှာ တတိယ အထိအောင် ရခဲ့လို့ အမြင့်ဆုံး အောင်မြင်မှု အဖြစ် မှတ်တမ်းဝင်နေ သလို ပထမဆုံး နိုင်ငံတကာ ပွဲမှာလည်း နိုင်တယ်၊ ပထမဆုံး ကမ္ဘာ့ဖလားဝင်ခွင့် မှာလည်း အမြင့်ဆုံး အောင်မြင်မှုတွေ ရထားလို့ အမေရိကန်က တာထွက်တော့ ကောင်းတယ်၊ နောက်မှ အဖျားရှုးတတ်တဲ့ အသင်းလို့ ဆိုရမှာ ဖြစ်တယ်။
ကိုပါအမေရိက ဖလား ပွဲကိုတော့ ၁၉၉၃ ခုနှစ်မှာ စတင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖူးပြီး အခုချိန်ထိအောင် ၄ ကြိမ် ဝင်ခွင့်ရဖူးတယ်၊ ၁၉၉၅ နဲ့ ၂၀၁၆ တွေမှာ စတုတ္ထ ၂ ကြိမ်ရဖူးတယ်။ ကွန်ကာကပ် (Gold Cup) တွေမှာတော့ ၁၉၈၅ ခုနှစ် ကနေ ဝင်ခွင့်ရလာခဲ့ပြီး အခုချိန်ထိ ၁၆ ကြိမ် ဝင်ပြိုင်ထားပြီး အခုနှစ် အပါအဝင် ချန်ပီယံ အဖြစ် ၆ ကြိမ်ရထားတယ်၊ ဒုတိယ ၅ ကြိမ်နဲ့ တတိယ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲကိုတော့ ၁၉၉၂ ခုနှစ်ကစပြီး ၄ ကြိမ် ဝင်ခွင့်ရထားသလို အချိန်ထိ အမြင့်ဆုံး အနေနဲ့ ၂၀၀၉ ခုနှစ်က ဒုတိယ တကြိမ်ပဲ ရဖူးထားပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင် အဖြစ် ၁၉၉၄ ခုနှစ်က လက်ခံကျင်းပဖူးပါတယ်။ ၁၆ သင်း အဆင့်ထိ ရောက်ပေမယ့် အဆိုပါ အဆင့်မှာ ဘရာဇီးကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား မှာလည်း ကွာတားဖိုင်နယ် အထိ ရောက်ခဲ့ပေမယ့် ဂျာမနီကို ရှုံးလို့ ထွက်ခဲ့ရတယ်၊ ၂၀၀၉ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလား မှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်ပေမယ့် စပိန်ကို ရှုံးပြန်တယ်။
အခုလည်း လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အမေရိကန် မပါလာတော့ပါဘူး။ ခြေစစ်ပွဲ မအောင်တော့ ကမ္ဘာ့ဖလားကို ၇ ကြိမ် ဆက်တိုက် ဝင်ခွင့် ရထားတဲ့ စံချိန်လည်း ရပ်တန့်သွား ပါပြီ။ ဒါက အမေရိကန် ဘောလုံး အသင်း အကြောင်း တစေ့တစောင်းပါပဲ။ အခြား နိုင်ငံအသင်းတွေ အကြောင်းလည်း ဆက်ပြောပြသွားပါဦးမယ်။
Ref: en.m.wikipedia.org