Lifestyle

အနုပညာသက်တမ်း ၃၀ ကျော် ဟာသသရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံနဲ့ တွေ့ဆုံခြင်း

Want create site? Find Free WordPress Themes and plugins.

ဟာသဇာတ်ရုပ်များကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လို့ ပရိသတ်ရဲ့အားပေးလက်ခံမှုရရှိခဲ့ကာ ၂၀၁၅ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း “ဤအရာကို အချစ်လို့ခေါ်ပါသလား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူ ဂွမ်းပုံလေးလို့ ချစ်စနိုး ခေါ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံဟာ အခုဆိုရင် အနုပညာသက်တမ်း ၃၁ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းများစွာ အနုပညာလမ်းကြောင်းပေါ်မှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့တဲ့ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံရဲ့ သူ ဖြတ်သန်းလာခဲ့ရတဲ့ အနုပညာလမ်းကြောင်းပေါ်က အတွေ့အကြုံများ၊ သူ့ရဲ့ အနုပညာအပေါ် ခံယူချက်များကို ဧရာဝတီသတင်းထောက် ယုဖြူဟန်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မဂွမ်းရဲ့ အနုပညာလမ်းကြောင်းပေါ် စတင်ဝင်ရောက်လာမှုလေးတွေကို ပြောပြပေးပါ။

ဖြေ။ ။ မဂွမ်းက ၁၉၈၆ ခုနှစ်ကတည်းက ဒါရိုက်တာ အကယ်ဒမီ ဦးနန္ဒ၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်မြင့်ဦးတို့ရဲ့ သွန်သင်ညွှန်ကြားမှုနဲ့ “ရင်ခုန်မိတာအချစ်လား”ဆိုတဲ့ ကားကြီးနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာပေါ့။ အခုဆိုရင် အနုပညာသက်တမ်းကတော့ ၃၁ နှစ်ရှိပါပြီ။

မေး။ ။ အနုပညာသက်တမ်းကလည်း မနည်းတော့ဘူးပေါ့။ အဲဒီလိုဖြတ်သန်းလာခဲ့ရတဲ့သက်တမ်းတလျှောက်မှာ တွေ့ကြုံရတဲ့ သင်ခန်းစာတွေကို ပြန်လည်မျှဝေပေးပါဦး။

ဖြေ။ ။ ရလာတဲ့ အတွေ့အကြုံတွေဆိုရင်တော့ ဝင်လာခဲ့တဲ့ ၁၉၈၆ ခုနှစ်နဲ့တော့ မတူတော့ဘူးပေါ့နော်။ အဲဒီတုန်းကဆိုရင်လည်း မျက်စိသူငယ် နားသူငယ်နဲ့ ကိုယ်လုပ်တာမှားသွားရင် ဒါရိုက်တာများဆူမလား၊ အဲဒီလိုမျိုးတွေပေါ့၊ အခုဆိုရင် နှစ်ပေါင်း ၃၀ လည်းကျော်လာပြီဆိုတော့ စီနီယာလို့လည်း သတ်မှတ်လာကြတော့ အသစ်တွေကို တွဲခေါ်ရမယ်။ ဘယ်နေရာမှာမဆို အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် တခရီးထဲသွားနေရတဲ့ အနုပညာမောင်နှမတွေ ဖြစ်နေတဲ့အခါကျတော့ တယောက်နဲ့တယောက် လေးစားသမှုရှိရမယ်။ နားလည်ပေးရမယ်။ ဒါဆိုရင်တော့ အနုပညာပန်းတိုင်ကို တကယ်ကို ချောချောမွေ့မွေ့နဲ့ရောက်မှာပါ။

မေး။ ။ ဟိုဘက်ခေတ်ကတည်းက အခုချိန်ထိရပ်တည်လာနိုင်တာက ဘာတွေကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ မဂွမ်းက ရုပ်ရှင်များများကြည့်တယ်။ဘယ်လိုကားပဲဖြစ်ဖြစ် ကာတွန်းကားလည်းမရွေးဘူးပေါ့။ နောက်ပြီးတော့ မဂွမ်းက မြန်မာစာအဓိကနဲ့သာပြီးတာ စာဖတ်အားနည်းတယ်။ အဲဒီတော့ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ Facebook ထဲကနေကြည့်တယ်။ လေ့လာတယ် ဟာသနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံခြားကားတွေ ဂျက်ကီချန်း၊ ဂျက်လီ၊ မစ္စတာဘင်းတို့ ကြောင်နဲ့ကြွက်ကားတောင်ကြည့်တယ်။ ပြီးရင်ကိုယ့်ရဲ့အိုက်တင်လေးနဲ့ပေါင်းစပ်လိုက်တဲ့အခါ ပရိသတ်ကလက်ခံတယ်။ ကလေးလိုအမူအယာလေးတွေ လုပ်ကြည့်လိုက်တဲ့အခါ ပရိသတ်ကလက်ခံတယ်။ အဲဒီလိုမျိုးလေးတွေတော့ ကိုယ့်ဘာသာစုစည်းရတာပေါ့။

မေး။ ။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ မဂွမ်းက မပါမဖြစ်ဇာတ်ရုပ်တခုအနေနဲ့ ရှိနေတယ်ပေါ့။ အဲဒီလိုမျိုး ဖြစ်လာအောင် ကိုယ့်ဘက်က ကြိုးစားခဲ့ရတဲ့ အပိုင်းတွေကို ပြောပြပေးပါ။

ဖြေ။ ။ မဂွမ်းက အမှန်အတိုင်းပြောရရင် အားနည်းချက်တွေအများကြီးရှိတယ်။ အရပ်ပုတယ် ရုပ်ဆိုးတယ် အဲဒီအတွက်ကြောင့် ပရိသတ်ရဲ့လက်ခံအားပေးမှုကို ကိုယ် ဘာနဲ့လုပ်မလဲဆိုတော့ ဟာသပိုင်းဆိုင်ရာမှာ ကိုယ့်ရဲ့အားနည်းချက်ကို အရင်ကြည့်ရတယ်။ နောက်တခါမှာ ကိုယ့်ရဲ့အားသာချက်ကဘာလ၊ ပုပုလေးနဲ့ဆိုရင် ကလေးဆန်တယ်။ နောက်တခုက မဂွမ်းက သရုပ်ဆောင်ဖြစ်ချင်တယ်။ အဝတ်လျှော်တဲ့မိန်းမဆိုရင် အဝတ်လျှော်တဲ့သူပုံစံ၊ အချဉ်ပေါင်းရောင်းတဲ့သူဆို အချဉ်ပေါင်းရောင်းတဲ့ပုံစံ၊ မင်းသမီးအမေဆိုရင်လည်း လေသံကအစပေါ့နော်။ အဲဒီလိုဇာတ်ရုပ်တွေကို ရုပ်ရှင်ကားတွေအများကြီးကြည့်ပြီး လေ့လာသလို ကာရိုက်တာကို ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲစဉ်းစားတယ်။ ဒါရိုက်တာချမှတ်ပေးတဲ့ ဇာတ်ရုပ်ပေါ်မှာ ဈာန်ဝင်စားပြီးလုပ်တဲ့အတွက် အံဝင်ခွင်ကျဖြစ်သွားတယ်လို့ မြင်ပါတယ်။

မေး။ ။ ကိုယ်ဖြတ်သန်းလာတဲ့ သက်တမ်းအရ အနုပညာလောကရဲ့ ပြောင်းလဲမှုတွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ အနုပညာလောကမှာ ပြောင်းလဲလာတာကတော့ နှစ်ပိုင်းဆိုင်ရာအရ ဖက်ရှင်တွေပြောင်းလဲလာမယ်။ မဂွမ်းတို့က သရုပ်ဆောင်ဖြစ်တဲ့အခါကျတော့ ဒီနေ့မှာ ကကြီးဖြစ်ပေမယ့် မနက်ဖြန်မှာ ခခွေးဖြစ်တာလေ၊ ကလေးတွေတက်လာတယ်။ ကိုယ့်ရဲ့အသက်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲမှုတွေက အမြဲတမ်းဖြစ်နေတယ်။ အနုပညာ ဆိုတာ ဘယ်တော့မှ ပြည့်စုံနေတယ်ဆိုတာ မရှိတဲ့အတွက် ၁၉၈၆ ကနေ အခုထိက ပညာတွေဝယ်နေရတုန်း အနုပညာ သမားဖြစ်တဲ့အတွက် လေ့လာရမယ်။ ဆည်းပူးရမယ်။ အတုခိုးသင့်တာခိုးရမယ်။ အတုမခိုးသင့်တဲ့ အိုဗာတွေကိုတော့ မယူရဘူးပေါ့။ အဲဒီလိုမျိုးတွေတော့ လေ့လာပါတယ်။

မေး။ ။ ဇာတ်ကားတကားရိုက်ဖို့ လက်ခံပြီဆိုရင် ကိုယ့်ရဲ့ကာရိုက်တာ ပီပြင်ဖို့အတွက် ဘယ်လိုပြင်ဆင်မှုတွေလုပ်ခဲ့ရလဲ။

ဖြေ။ ။ မဂွမ်းကတော့ ရုပ်ရှင်တကားရိုက်ဖို့အတွက် ကမ်းလှမ်းပြီ၊ ဒီ ကားရိုက်ရတော့မယ်နော်လို့ ပြောလာပြီဆိုရင် ကိုယ်ပါဝင်ရမယ့် သရုပ်ဆောင်ကဏ္ဍမှာ ချမ်းသာတဲ့အဆင့်ဆိုရင်တောင် ဘယ်အိမ်အဆင့်လဲ။ မင်းသမီးရဲ့အမေလား၊ အမလား၊ အဒေါ်လား တောကတက်လာတဲ့ ဇာတ်ရုပ်ဆိုရင်လည်း အပျိုလား အပျိုကြီးလားမေးရတယ်။ ဘာလို့လဲဆိုရင် မဂွမ်းတို့က ဆံထုံးတွေချိန်းရတာကိုး၊ ဇာတ်ရုပ်နဲ့လိုက်ဖက်မယ့် ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် သေချာပြင်ဆင်ရပါတယ်။

မေး။ ။ အခုလတ်တလောမှာ အနုပညာလှုပ်ရှားတွေက …။

ဖြေ။ ။ အနုပညာလှုပ်ရှားမှုက မြဝတီ Documentary မှာပြတဲ့ Hello Lady ဆိုတဲ့အစီအစဉ်ကို လစဉ်တိုင်း ရိုက်နေရပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့က စိတ်ကြီးဝင်တဲ့မိန်းမ ရိုက်ပြီးသွားပြီ။ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ နုံနုံအအ ဆိုတဲ့ ကားကြီးရိုက်နေပါတယ်။ လဆန်းပိုင်းမှာဆိုရင် ခရီးတွေထွက်ပြီး ရုပ်ရှင်ရိုက်ဖို့ရှိတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading