သေချာတာကတော့ ချစ်သူတိုင်း၊ တယောက်အကြောင်းကို တယောက် ခရေစေ့တွင်းကျ သိမှာ မဟုတ်ဘူးဗျ၊ ချစ်သူ သက်တမ်း နှစ်ပေါင်းများစွာ ရှိနေပြီဆိုရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ချစ်သူ ဘ၀ ဆိုတာ တရားဝင် အဆင့် မဟုတ်သေးလေတော့ လမ်းခွဲချင် လမ်းခွဲလို့ရနိုင်သေးတာပေါ့။ ဒီတော့ ပြင်မယ်ဆိုရင် ပြင်လို့ ရနိုင်သေးတာကြောင့် လက်မထပ်ခင်ကတည်းက ချစ်သူကို မေးထားသင့်တဲ့ မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။ ဒီမေးခွန်းတွေ မေးထားပြီး အဖြေရထားပြီဆိုရင်တော့ အိမ်ထောင်ပြုချိန်မှာလည်း ထင်ထားတာထက် ပိုပြီး အဆင်ပြေနိုင်တာပေါ့လေ။
(၁) ကလေးလိုချင်သလား
သားသမီးဆိုတာ ရတနာလို့လည်း ဆိုတယ်၊ မိသားစုမှာ ခိုင်မာစေတဲ့ သံယောဇဉ်လို့လည်း ဆိုတယ်၊ ဒါပေမယ့် တချို့ကလည်း လက်ထပ်ပြီးတာနဲ့ ချက်ချင်း ကလေး မလိုချင်ကြဘူး၊ အချိန်ဘယ်လောက် ယူမလဲ၊ ဘ၀ အနေအထား ဘယ်လောက်မှာ ကလေးယူမလဲဆိုတာ ကြိုတင် တိုင်ပင်သင့်သလို တချို့သော ယောကျာ်းလေး တွေက ကလေးယူလိုက်မှုနဲ့အတူ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတခုခု ထိခိုက်မှာကို စိုးရွံ့တတ်လို့ လက်မထပ်ခင်ကတည်းက ကလေးယူ၊ မယူ အတွက် ကြိုတင် မေးမြန်းသင့်ပါတယ်။
(၂) အိမ်မှုကိစ္စတွေ ဘယ်သူလုပ်မလဲ
အခုခေတ်ကတော့ သိတဲ့အတိုင်း ကျား၊မ ရင်ပေါင်တန်းတဲ့ခေတ်ကို ရောက်လာပြီ၊ ပြီးတော့ ခင်ပွန်းသည်ရဲ့ လစာတခုတည်းနဲ့ လောက်ငှမှုမရှိတဲ့ အိမ်ထောင်သည်တွေလည်း ရှိတယ်၊ ဒီအနေအထားမှာ ရှေးကလို အမျိုးသမီးဟာ အိမ်ထောင်မှု ထိန်းသိမ်းရမယ်ဆိုတဲ့ ပုံသေနည်းနဲ့ သွားလို့ မရတော့ပါဘူး။ ၂၀၀၇ ခုနှစ်အတွင်းက Pew Research ကနေ လုပ်ထားတဲ့ လေ့လာချက်အရ အိမ်ထောင်သည်တွေရဲ့ အလုပ်တွေထဲမှာ အိမ်ထောင်မှုထိန်းသိမ်းခြင်း အလုပ်က အရေးအကြီးဆုံး အဆင့် ၃ အနေနဲ့ ရှိတယ်လို့ သိထားရပါတယ်။ ဒီတော့ ထမင်းချက်၊ အဝတ်လျှော်နဲ့ အခြား အိမ်အလုပ်တွေကို ဘယ်သူ၊ ဘယ် အလုပ်လုပ်မလဲ၊ စီးပွားရှာဖို့ရော ဘယ်သူဦးဆောင်မလဲ စသဖြင့် လက်မထပ်ခင်ကတည်းက မေးထား သင့်ပါတယ်။
(၃) ငွေဘယ်လောက် စုထားပြီလဲ
မင်္ဂလာဆောင်စရိတ် တခုတည်းအတွက်မဟုတ်ဘဲ အိမ်ထောင်သည် ဘဝရောက်ပြီဆိုတာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့မှာဖြစ်လို့ ကောင်လေးကလည်း ကောင်မလေးကို၊ ကောင်မလေးကလည်း ကောင်လေးကို ဘယ်လောက် စုမိထားတယ်၊ ဘယ်လိုရှေ့ဆက်ပြီး အောင်မြင်အောင် ကြိုးစားကြမလဲဆိုတာ လက်မထပ်ခင်ကတည်းက ကြိုတင်မေးထားသင့်ပါတယ်။ ဒီနေရာမှာ မူရင်းဆောင်းပါးပါ အကြောင်းအရာလေးဖြစ်တဲ့ သင့်ချစ်သူမှာ အကြွေးရှိတယ်ဆိုရင်လည်း ဘယ်လောက်များရှိနေလဲဆိုတာ ပွင့်ပွင့်လင်းလင်း မေးထားပါ။ ဒီမှာတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေလို အကြွေးဝယ်ကတ်နဲ့ ဘဏ်ကြွေးစနစ်တွေ ခေတ်မစားသေးလို့ အဆင်ပြေအောင် ငွေဘယ်လောက် စုမိထားပြီလဲ ဆိုတာ မေးဖို့ လိုအပ်မယ်လို့ ဆိုလိုက်ပါရစေ။
(၄) ဘယ်တော့ လက်ထပ်ကြမလဲ
အိမ်ထောင်ပြုတယ်ဆိုတာလည်း အလုပ်တခုလို သတ်မှတ်ပြီး အစီအစဉ်ကျဖို့ လိုအပ်ပါတယ်။ ဘဝအတွက် ငွေကြေးစုဆောင်းဖို့၊ အရွယ်ရှိချိန် မင်္ဂလာဆောင်ဖို့၊ သားသမီးယူဖို့တွေပေါ့။ ဒီတော့ ကိုယ်တိုင်ကလည်း ချစ်သူကို လက်ထပ်မယ် စိတ်ကူးပြီဆိုရင်တော့ ဘယ်တော့ လက်ထပ်မယ်ဆိုတာ မေးပါ။ Kellogg School of Mangement ရဲ့ စိတ်ပညာရှင် Eli Finkel ရေးတဲ့ The All-or-Nothing Marriage စာအုပ်မှာဆိုရင် လက်ထပ်ကြစို့လားဆိုတဲ့ မေးခွန်းကို ခဏ ခဏ မမေးဘဲနေခြင်းက ချစ်သူကို တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ တကယ်တမ်း သင့်ကို နှစ်သက်သူအနေနဲ့ အချိန်တခုကို သတ်မှတ်ပြီးမှ စောင့်ဆိုင်းကြိုးစားနေမှာဖြစ်ပြီး သတ်သတ်မှတ်မှတ် နေ့ရက်၊ အစီအစဉ် မရှိသူကတော့ သူငယ်ချင်းတွေနဲ့ စကားပြောသလို အလွယ်ပဲ ပြောနေ၊ ဆက်ဆံနေဖို့ ရှိတာကြောင့် ဖြစ်ပါတယ်။
(၅) ဖုံးကွယ်ထားတာတွေ ရှိမယ်ဆိုရင် စိတ်ဆိုးမှာလား
လက်ရှိ သင့်ချစ်သူနဲ့ လက်ထပ်ဖို့ အထိအောင် စဉ်းစားနေပြီ၊ ဒါပေမယ့် ကောင်မလေးဆိုရင်လည်း အရင်က အဆက်ဟောင်းတွေ ရှိဖူးမယ်၊ ကောင်လေးဆိုရင်လည်း မိန်းမရှုပ်ဖူးတယ်၊ ကလပ်တွေ ဘာတွေ တက်မယ်ပေါ့။ ဒါပေမယ့် သေချာတာက မသိအောင် ဖုံးထားကြမှာပါပဲ။ ဒါပေမယ့် တသက်လုံးတော့ ဖုံးနိုင်ဖို့ မလွယ်ဘူးလေ၊ အထူးသဖြင့် လက်ထပ်ပြီးရင်တော့ အားလုံးက ပေါ်လာမှာပဲလေ။ ဒါကြောင့် လက်မထပ်ခင်ကတည်းက မိမိ အနေနဲ့ ဖုံးကွယ်ထားတာတွေ ရှိလို့သိခဲ့ရင် စိတ်ဆိုးမှာလားဆိုတာ မေးသင့်ပါတယ်။ လူတိုင်းမှာ သည်းခံနိုင်မှု အတိုင်းအတာဆိုတာ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောသင့်ရင် ပြောပြီး ပြေလည်အောင် ညှိနှိုင်း ယူသင့်ပါတယ်။
(၆) ကွာရှင်းပြတ်စဲမှုတွေကို ဘယ်လိုမြင်လဲ
ချစ်ခင်လို့ လက်ထပ်ပြီး အတူတူ နေထိုင်သူတွေ အားလုံးအတွက် ကွာရှင်းပြတ်စဲမှုဆိုတာ ရွေးချယ်စရာ နည်းလမ်းတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခက်အခဲတခုခုကြောင့် ကွာရှင်းရမှုတွေ ရှိလာတတ်ကြပါတယ်။ ဒီနေရာမှာ လက်မထပ်ခင် ချစ်ရသူကို အခုလို မေးခွန်း မေးမြန်းမှုက သူ့ရဲ့ ဖြေဆိုမှုခံစားချက်ကို မိမိ လေ့လာနိုင်ပါတယ်။ ပေါ့ပျက်ပျက်လား၊ အလေးအနက်လား၊ သူ ဘယ်လောက် ခံစားမှုရှိသလဲ ဆိုတာတွေ လေ့လာနိုင်ပါတယ်။ ကတိတွေလည်း ပေးကောင်းပေးလာနိုင်တာပေါ့။
(၇) လက်ထပ်ပြီးရင် ဆက်ဆံရေးတွေ ပြောင်းလဲသွားမှာလား
ဒီမေးခွန်းကတော့ ကောင်မလေးတွေက ကောင်လေးတွေကို အမေးများကြပါလိမ့်မယ်။ မြန်မာ စကားပုံလို မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်၊ ရပြီး ဖျာလိုခင်း နင်းလို့ချေ ဆိုသလို တချို့သော ကောင်လေးတွေက လက်ထပ်ပြီးရင် ဆက်ဆံရေးပုံစံ ပြောင်းသွားတတ်ပါတယ်။ ဒီအတွက် အခု မေးခွန်းကို ကြိုတင် မေးထားသင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လည်း အိမ်ထောင်ပြုပြီးမှ လူကောင်း၊ စိတ်ကောင်း ဖြစ်သွားသူတွေလည်း ရှိပါတယ်။ လေ့လာချက်တွေအရတော့ အများစုက အိမ်ထောင်ကျပြီးရင် ပိုပြီး ကောင်းကောင်းမွန်မွန် နေထိုင်လေ့ရှိတယ်လို့ တွေ့ရပါတယ်။ BBC အတွက် ဆောင်းပါးတွေ ရေးပေးနေတဲ့ စိတ်ပညာရှင် Christian Jarrett က အဆိုပါ လက်ထပ်ပြီးချိန် စိတ်ခံစားချက် အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး လေ့လာချက်ပေါင်းများစွာ လုပ်ဆောင်ထားသူဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ လုပ်ဆောင်ထားတဲ့ ပေါ်တူဂီက လေ့လာချက်တရပ်အရဆိုရင် အိမ်ထောင်သည် ဘဝ ရောက်ရှိပြီးသွားသူတွေဟာ အိမ်ထောင်စ ကျချိန်ကနေ ပထမ ၄ နှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းရော ခွင့်လွှတ်သည်းခံနိုင်စွမ်းပါ ပိုမို ကောင်းမွန်တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ လက်မထပ်ရသေးခင်ကတည်းက အတူတူနေရင် ဘယ်လို နေထိုင်၊ ဆက်ဆံမယ်ဆိုတာ မေးထားတာ အကောင်းဆုံးပါ။
www.businessinsider.com တွင် ဖော်ပြထားတဲ့ 7 unavoidable questions to ask your partner before it’s too late ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။