Lifestyle

အောင်မြင်ကျော်ကြားသူတွေကို မိဘတွေက သင်ပေးထားတဲ့ ဘဝသင်ခန်းစာ ၈ ခု

Want create site? Find Free WordPress Themes and plugins.

ဇာတာတွေ၊ နက္ခတ်တွေကို ခဏလောက် မေ့ထားလိုက်ရအောင်ဗျာ၊ လူသား တယောက်အနေနဲ့ မွေးဖွားလာကတည်းက ဘယ်သူက ဘယ်လို အောင်မြင်မယ်၊ ကျော်ကြားမယ် ဆိုတာ ကြိုတင် မသိနိုင်ကြပါဘူး။ အကောင်းဆုံးက လက်ဦးဆရာ တဖြစ်လဲ မိဘတွေက သားသမီးတွေကို ကလေး ဘဝကတည်းက အကောင်းဆုံး သွန်သင်လမ်းပြမှုနဲ့ အတူ တချိန်မှာ Cele တွေအဖြစ် နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ရလာမှာပဲ ဖြစ်ပါတယ်။ ဒီတော့ အခု အောင်မြင်နေတဲ့သူတွေကို ကလေးဘဝမှာ မိဘတွေက ဘာတွေ သင်ပေးလိုက်သလဲ၊ လေ့လာချက်တွေအရတော့ မိဘတွေက အခု ပြောမယ့် ဘ၀ သင်ခန်းစာ ၈ ခုကို ကလေးဘဝကတည်းက သင်ပေးလိုက်လို့ အခုဆိုရင် အောင်မြင်သူတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဘယ်လို သင်ခန်းစာတွေပါလိမ့်။

(၁) အောင်မြင်မှုကို ဆာလောင်ပါစေ

အရွယ်အလိုက် လုပ်ဆောင်နိုင်မှု ရှိပါစေ၊ ဥပမာ-စက်ဘီးစီးတတ်ရမယ့် အရွယ်မှာ စီးတတ်အောင် သင်ပေးပါ၊ အဲဒီကနေမှ ဆိုင်ကယ်၊ ကားတွေကနေ လေယာဉ်အထိအောင် စီးတတ်လာဖို့ စိတ်ကိုလည်း လှုံ့ဆော်ပေးပါ။ အောင်မြင် တတ်မြောက်မှုရဲ့ အရသာကို သိစေပြီး နောက်ထပ် အောင်မြင်မှုတွေကို ဆာလောင်ပါစေ။ ဒီနေရာမှာ သတိပြုစရာ ရှိတာက လုပ်ဆောင်တတ်ရုံတင် မဟုတ်ဘဲ သဘောတရားကိုပါ နားလည်ပါစေ။ ဥပမာ- စက်ဘီးစီးတတ်ရုံတင် မဟုတ်ဘဲ ဘာကြောင့် ဘီးနှစ်ဘီး အပေါ်မှာ ရပ်တည် သွားလာနိုင်တယ် ဆိုတဲ့ သဘောတရားကို သိအောင်ပါ သင်ပေးပါ။ အခြား လေ့လာမှုတွေမှာလည်း သင်ကြားမှုရော သဘောတရားကိုပါ နားလည်အောင် လေ့လာတဲ့ အကျင့်ရသွားစေပါတယ်။

(၂) ယုံကြည်မှုအတွက် အကြောက်တရား မရှိပါစေနဲ့

တွေဝေမှု မရှိအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် သင်ပြပေးစေခြင်း ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ဥပမာ အတိုင်း ဆက်ပြီး ပြောရရင် မိမိက စက်ဘီးစီး သင်ပေးတယ်၊ ကလေးငယ်ကို အဆင်ပြေမယ် ထင်တဲ့အချိန် လက်လွှတ်စီးနင်းစေဖို့ ပြောမယ်၊ ဒီအချိန်မှာ ဘေးတယောက်က စက်ဘီးလဲရင် ဘယ်လို နာကျင်ခံစားရတယ် ဆိုတာကို ဝင်ပြောမယ်၊ ဒါဆို ကလေးက ကြောက်သွားပြီ၊ အထိန်းနဲ့ပဲ စက်ဘီးဆက်စီးမယ်လို့ ပြောပါလိမ့်မယ်။ ဒီလို တွေဝေမှုမျိုး မဖြစ်အောင် မိဘအနေနဲ့ မင်း ကိုယ်တိုင် စီးနိုင်မလား၊ အထိန်းလိုမလား၊ စီးနိုင်မယ် ထင်ရင် စီးပါ၊ မကြောက်၊ မတွေဝေပါနဲ့ ဆိုတာမျိုး သင်ပေးပါ။ မိမိ ယုံကြည်ချက်အတွက် အကြောက်တရားမရှိ ရပ်တည်နိုင်ခြင်းက အောင်မြင်မှုကို ပေးစွမ်း နိုင်ပါတယ်။

(၃) စကားပြောပညာ သင်ပေးပါ
စကားပြော အရမ်းကောင်းတဲ့ အရောင်းစာရေး တယောက်ဟာ ကမ္ဘာမှာ စကားပြော အကောင်းဆုံးသူ မဟုတ်ပါဘူး။ သူ့ အလုပ်သဘောအရ စကားပြောကောင်းဖို့ လိုအပ်ပေမယ့် တကယ်တော့ အောင်မြင်သူ တယောက်ဟာ စကားပြောဟန် ကောင်းဖို့ ပိုမို လိုအပ်ပါတယ်။ လေ့လာချက်တခုအရ သင့်ပြောစကားကို နားထောင်နေသူက သင့်စကားကို သဘောမကျရင် သင့်အနေနဲ့ စကားကို မြန်မြန်ပြောပါ၊ နားထောင်သူက သင့်စကားကို သဘောကျရင် စကားကို ဖြည်းဖြည်းပြောပါ၊ သင့် စကား အောင်မြင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒီတော့ ကျနော်တို့ စကားသွက်စရာ မလိုပါဘူး။ နှေးချိန်မှာ နှေး၊ မြန်သင့်ချိန်မှာ မြန်၊ အသံတိုးသင့်ချိန်မှာ တိုး၊ အသံမြှင့်သင့်ချိန်မှာ မြှင့်ပြီး မိမိစကားကို တပါးသူ စိတ်ဝင်စား၊ လက်ခံအောင် ပြောတတ်တဲ့ စကားပြောပညာကို ကလေးတွေကို သင်ပေးဖို့ လိုအပ်ပါတယ်။

(၄) တဖက်လူရဲ့ စိတ်ခံစားချက်ကို နားလည်ပေးဖို့ သင်ပေးပါ

စိတ်ခံစားချက်ဆိုတာ အားလုံးကို ချုံပြောလိုက်တာပါ၊ မိသားစုရေးကြောင့် စိတ်ညစ်နေသူကနေ အလုပ်အတွင်းမှာ စိတ်ကူးစိတ်သန်းအသစ် စဉ်းစားထားမိသူအထိအောင် မိမိနဲ့ ပြောဆို ဆက်ဆံရာမှာ တဖက်ကို နားလည်ပေးဖို့ သင်ပေးပါ။ ဥပမာ- မိသားစုရေးနဲ့ ပတ်သက်ပြီး စိတ်ညစ်နေသူကို ဘယ်နေ့၊ ဘယ်အချိန် အလုပ်ကိုပြီးမြောက်အောင် လုပ်ပါလို့ ဖိအားပေးတာမျိုး မဟုတ်ဘဲ တဖက်ကို နားလည်ပေးသလို မိမိ အလုပ်လည်း ပြီးမြောက်အောင် ဘယ်နှစ်ရက် ခွင့်ယူပါ၊ ဘယ်ရက် အလုပ်ပြန်ဝင်ပြီး အချိန်ပိုဆင်းပေးပါဆိုတာမျိုး စဉ်းစားတတ်အောင် သင်ပေးခြင်းမျိုး၊ အလုပ်ထဲမှာ စိတ်ကူး စိတ်သန်းအသစ် ရသူကို အဆိုပါ စိတ်ကူးမှာ ဘယ်လို အားနည်းချက် ရှိတယ်ဆိုတာ ပြောဆို ကန့်ကွက်မယ့် အစား၊ ဒီလို အားနည်းချက်တော့ ဖြစ်လာနိုင်တယ်၊ ဘယ်လို ကျော်ဖြတ်ပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာ တိုင်ပင်ပြီး အလုပ်အောင်မြင်အောင် လုပ်ဆောင်ရမယ် ဆိုတာတွေကို သိအောင် သင်ပေးသင့်ပါတယ်။

(၅) စိတ်ထွက်ပေါက် စကားတွေ ပြောပါစေ

သင်ခန်းစာတွေ ကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ဆဲရေးတိုင်းထွာမှုပုံစံဖြစ်စေ၊ သက်ပြင်းချခြင်းမျိုး ဖြစ်စေ၊ တခုခုကို ပြောလိုက်၊ လုပ်လိုက်ရရင် လူတစ်ယောက်ဟာ စိတ်သက်သာမှု အနည်းငယ် ရသွားတတ်ပါတယ်။ ဒီနေရာမှာ လူကြားထဲအတွင်း မိမိ လုပ်ချင်ရာကို စိတ်ထင်သလို လုပ်ဖို့၊ ပြောဖို့ မဟုတ်ဘဲ စိတ်ဖိစီးမှုအတွက် စိတ်ထွက်ပေါက် ရဖို့ရာ၊ ပြောဆိုမှု တခုခုလုပ်ပြီး ထွက်ပေါက် ရှာသင့်ကြောင်းနဲ့ ဒီအချိန်မှာ လူယဉ်ကျေးတယောက်လို ခဏတာ မနေလည်း ရတယ်ဆိုတာ သင်ပေးပါ။ စိတ်ဖိစီးမှု လျော့နည်းသွားခြင်းက သူ့တို့ကို လန်းဆန်းမှုရော စိတ်ခွန်အားတွေပါ ဖြစ်စေပါတယ်။ လိမ္မာအောင် သင်ပေးထားတယ်၊ သင့်ကလေးက ဆဲရေးတိုင်းထွာမှု မလုပ်တတ်ဘူး၊ လူလိမ္မာလေးလို့ ကြွားမနေပါနဲ့၊ သူတို့ စိတ်ထင်သလို ပြောတတ်၊ ဆဲတတ်ကြပါတယ်။ စိတ်ထွက်ပေါက်အတွက် ပြောဖို့သာ သင်ပါ၊ လူကြားထဲ အမြင်၊ အကြား မတင့်တယ်စရာ မလုပ်ဖို့သာ ပြောပါ။

(၆) တိုးတက်မှုရလဒ်ကို အာရုံစိုက်တတ်အောင် သင်ပေးပါ
ကျောင်းတက်ချိန်အရွယ်မှာ ထူးချွန်ဆုရတဲ့ ကလေးကို နောက်ထပ် ပိုပြီးမြင့်မားတဲ့ ဆုရအောင်ယူဖို့၊ ကြိုးစားဖို့၊ ဒီဆုကို ရတဲ့အတွက် ဘယ်လို တန်ဖိုးမြင့်လာတယ် ဆိုတာ သင်ပေးခဲ့မယ်ဆိုရင် လုပ်ငန်းခွင်ဝင်ချိန်မှာလည်း အကျိုးအမြတ် အနည်းငယ် ရလာမှုကနေ လုပ်ငန်းကို တိုးချဲ့ပြီး အောင်မြင်အောင် လုပ်ဖို့ ခွန်အားတွေ၊ ယုံကြည်မှုတွေနဲ့ လုပ်ချင် ကိုင်ချင်စိတ်တွေ ရှိလာစေပါတယ်။ မိမိရရှိလာတဲ့ တိုးတက်မှု ရလဒ်ကို အာရုံစိုက်ပြီး နောက်ထပ် ပိုမို ကြီးမားတဲ့ အောင်မြင်မှုရအောင် လိုချင်စိတ် မွေးမြူပေးပါ။

(၇) အကောင်း၊ အဆိုးကို သိပါစေ

အီလီနွိုက်တက္ကသိုလ်က ပါမောက္ခ Daniel O’Keefe ရဲ့ ပြောကြားချက်အရ အကောင်း၊ အဆိုး သဘောတရား နှစ်ရပ်လုံးကို ကောင်းစွာ သဘောပေါက်ခြင်းက ပြဿနာ ဖြေရှင်းနိုင်မှု အကောင်းဆုံးနည်းလို့ ဆိုပါတယ်။ စိတ်ကူး၊ အကြံအစည်တိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိကြပါတယ်။ လူတိုင်းက မိမိ အတွေးကိုပဲ အကောင်းဆုံးလို့ ထင်လေ့ရှိပါတယ်၊ အားနည်းချက် ထောက်ပြသူ ရှိလာရင် မကြိုက်တာမျိုးတောင် ရှိပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေး ဘဝကတည်းက အရာရာတိုင်းမှာ အားနည်းချက်၊ အားသာချက် ရှိကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ အားနည်းချက်ကို ဘယ်လို အကောင်းဆုံး ဖြေရှင်း ကိုင်တွယ်မလဲဆိုတာ စဉ်းစား၊ လုပ်ဆောင်တတ်အောင် သင်ပေးဖို့ လိုအပ်ပါတယ်။ လူအများကို ချမပြခင်ကတည်းက မိမိစိတ်ကူးရဲ့ အားနည်းချက်ကို အရင်ရှာ၊ ဖြေရှင်းမှုတခုခု ကြိုတင် ပြင်ဆင်ထားပြီး ချပြ၊ လုပ်ဆောင် ရင် အောင်မြင်မှု ပိုရဖို့ သေချာစေတယ်ဆိုတာ သင်ပေးပါ။

(၈) ငါမှန်တယ်ဆိုတာထက် မှန်အောင်လုပ်ဖို့ သင်ပေးပါ

ငယ်စဉ်ကတည်းက ငါ မှန်တယ်ဆိုတဲ့ အတ္တမျိုးကို သင်ပေးတာထက် ငါ အကောင်းဆုံးနေမယ်၊ မှန်အောင်နေမယ်၊ မြန်မာ စကားအတိုင်း ဘယ်သူပျက်ပျက် ကိုယ်တရား မပျက်အောင်နေမယ်ဆိုတဲ့ အတွေးမျိုးရှိအောင် သင်ပေးပါ။ အဓိက အနေ နဲ့တော့ အတ္တမကြီးဖို့ သင်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတဲ့ ခေတ်စကားကို လူငယ်အများစု ပြောဆိုသုံးနှုန်းနေကြပါတယ်။ တကယ်တော့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုတာ မှန်ပေမယ့် ယှဉ်ပြိုင် ပြောဆို အနိုင်ရဖို့ ပြောဆိုနေမယ့်အစား ကိုယ်တိုင် ကောင်းအောင်နေ၊ ကောင်းဖို့သာ ကြိုးစားနေပြီး မိမိရော မိမိဝန်းကျင် ကောင်းဖို့သာ လုပ်ဆောင်သင့်ကြောင်း ငယ်စဉ်ကတည်းက သင်ပေးသင့်ပါတယ်။

www.businessinsider.com တွင် ဖော်ပြထားတဲ့ Science says kids who become successful have parents who teach them 8 things ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading