အနောက်နိုင်ငံတွေရဲ့ အဓိက သောက်သုံးစရာ အစားအစာတခုဖြစ်တဲ့ ကော်ဖီကို ပြည်တွင်းမှာလည်း အလေးထား သောက်သုံးလာခဲ့တာ ဆယ်စုနှစ် ၃ စုလောက် ရှိနေပြီဖြစ်ပြီး ကော်ဖီမှာပါရှိတဲ့ ကဖင်းဓါတ်ရဲ့ စွဲလန်းစေမှု သဘောတရားနဲ့အတူ ကော်ဖီကို စွဲစွဲမြဲမြဲ သောက်သုံးဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ကော်ဖီမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲပါရှိနေလို့ တချို့ကလည်း ကော်ဖီ အလွန်အကျွံ မသောက်ဖို့၊ ကော်ဖီဖြတ်ဖို့တွေ ပြောလေ့ရှိပါတယ်။ ဒီတော့ သင့်အနေနဲ့ ကော်ဖီ သောက်နေကျ နေ့စဉ်ဘဝကနေ ကော်ဖီဖြတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်နိုင်ပါသလဲ။
(၁) ကိုယ်အလေးချိန်လျော့ကျသွားနိုင်တယ်
Duke တက္ကသိုလ်ရဲ့လေ့လာထားချက်အရ ကော်ဖီ၊ လဘက်ရည်နဲ့ အချိုရည် နေ့စဉ်သောက်သူတွေမှာ သွေးတွင်းသကြားဓါတ် ၁၀ ရာခိုင်နှုန်းလောက်ထိအောင် နေ့စဉ် မသောက်သူတွေထက် ပိုမိုနေလေ့ရှိတယ်လို့ သိရပြီး ဒါဟာ သွေးချိုနဲ့ အဝလွန်ခြင်းလို ဖြစ်စဉ်တွေအတွက် အားပေးနေရာ ရောက်စေတာလည်း ဖြစ်ပါတယ်။ ပြီးတော့ သကြားနဲ့ ကရင်(နို့)လို အရာတွေဖြည့်စွက် သောက်သုံးမှုကြောင့် ကော်ဖီတခွက် သောက်ပြီးတိုင်း ကယ်လိုရီ ၂၀၀ လောက်ရနိုင်ပြီး ခွက်ရေများများ သောက်လာရင်တော့ ကယ်လိုရီ အပိုတွေ စုစေနိုင်တယ်၊ ဝလာစေနိုင်တယ်လို့ Prevention ရဲ့ ဖော်ပြချက်မှာလည်း တွေ့ရပါတယ်။ ဒီတော့ ကော်ဖီ သောက်နေကျကနေ ရပ်လိုက်ရင်တော့ အဆိုပါ သကြားဓါတ်နဲ့ ကယ်လိုရီ အပိုတွေ မရနိုင်တော့ သင့်အနေနဲ့ ကိုယ်အလေးချိန် လျော့ကျ ကောင်းမွန်စေနိုင်ပါတယ်။
(၂) ကိုယ်အလေးချိန် တက်လာနိုင်တယ်
အထက်ကအချက်နဲ့ ဆန့်ကျင်ဘက်ရလဒ်လည်း ကော်ဖီဖြတ်လိုက်ရင် ဖြစ်လာနိုင်ပါတယ်။ ဒါက ကော်ဖီကြောင့်မဟုတ်ဘဲ မနက်ဘက် ကော်ဖီ အမြဲ သောက်တတ်သူတွေက ကော်ဖီဖြတ်လိုက်ရင် သွေးတွင်းမှာ ဇီ၀ သဘောက အချိန်မှန် ရနေကျ သကြားဓါတ်ကို မနက်ပိုင်းမှာ လိုချင်လာပါတယ်။ ဒါပေမယ့် ကော်ဖီဖြတ်လိုက်လို့ အဆိုပါ သကြားဓါတ် သွေးအတွင်း ရောက်မလာတဲ့အတွက် လူက သကြားဓါတ်လိုချင်လာတာလည်း ဖြစ်ပါတယ်။ ကော်ဖီ မသောက်တော့ဘူးဆိုတော့ အခြား သကြားဓါတ်ပါ အစာတွေစားသောက်ဖြစ်ပြီး ပမာဏ များသွားရင်တော့ ကိုယ်အလေးချိန် တက်လာစေနိုင်တာပဲ ဖြစ်ပါတယ်။
(၃) ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
ကဖင်းဓါတ်က လူကို လန်းဆန်းမှုဖြစ်စေပြီး ညဘက်တွေမှာလည်း မျက်စိကြောင်နေစေပါတယ်။ အထူးသဖြင့်တော့ နေ့ခင်းနဲ့ ညနေဖက် သောက်ထားတဲ့ ကော်ဖီက ညအချိန်ထိအောင် မျက်စိ ကြောင်စေပါတယ်။ ကော်ဖီဖြတ်လိုက်ရင်တော့ သင့်အနေနဲ့ အလုပ်ပင်ပန်းမှုတွေနဲ့အတူ ကောင်းကောင်း အိပ်ပျော်စေပါလိမ့်မယ်။ Journal of Clinical Sleep Medicine မှာ ဖော်ပြထားတဲ့ ဆောင်းပါးအရတော့ ကော်ဖီတခွက်ဟာ သောက်သုံးပြီး ၆ နာရီ အကြာထိအောင် အစွမ်းပြပြီး မျက်စိကြောင်စေနိုင်တယ်လို့ ဆိုပါတယ်။ မိမိ အိပ်ယာဝင်ချိန်ရဲ့ အချိန် ၆ နာရီအလိုကတည်းက ကော်ဖီ မသောက်တာ အကောင်းဆုံးပါနော်။
(၄) မကြာခဏ ခေါင်းကိုက်စေနိုင်တယ်
ကော်ဖီဖြတ်လိုက်သူတွေမှ မဟုတ်ဘဲ ပုံမှန် ကော်ဖီသောက်နေသူတွေမှာတောင် မနက်ဘက် ကော်ဖီသောက်နေကျ အချိန်ထက် နောက်ကျရင် ခေါင်းကိုက်မှု ဖြစ်စေတတ်ပါတယ်။ ဒါက ကော်ဖီကို သွေးတောင်းတဲ့ သဘောပါ။ ကော်ဖီဖြတ်လိုက်ရင်တော့ သင့် အနေနဲ့ မကြာခဏ ခေါင်းကိုက်မယ်၊ သွေးတောင်းမယ်၊ စိတ်မကြည်ဘူးပေါ့။ ဒါက သွေးတွင်း ဟော်မုန်း လှုံ့ဆော်မှုအပိုင်းမှာ ကဖင်းဓါတ်ကို လိုအပ်၊ လိုချင်လာလို့ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကော်ဖီကို တနေ့ ၃ ခွက်ထက် ပိုမသောက်ဖို့၊ ကော်ဖီဖြတ်မယ် စိတ်ကူးရင် ချက်ချင်း မဖြတ်ဘဲ သောက်နေကျ အချိန်တွေမှာ တခွက်သောက်သုံးနေရာကနေ တဝက်လောက် လျော့ချ သောက်သုံးပြီး တဆင့်ချင်းဖြတ်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ကော်ဖီ အစားထိုးအနေနဲ့ လဘက်ရည်ပြောင်းလဲ သောက်သုံးလို့လည်း ရပါတယ်။
(၅) ဖျားချင်သလို ဖြစ်လာမယ် (ဒါပေမယ့် ခဏပါ)
ကဖင်းဓါတ် လိုအပ်ချက်ကြောင့် ခေါင်းကိုက်မှု တခုတည်း ခံစားရမှာ မဟုတ်ဘဲ ကော်ဖီသောက်သုံးမှု ဖြတ်လိုက်တာနဲ့ စိတ်မကြည်ဘူး၊ အာရုံများမယ်၊ လူလည်း မလန်းဆန်းဘူး၊ ပြီးတော့ နေမကောင်းချင်သလိုလို အီလည်လည် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကမှ ကော်ဖီ ဖြတ်မယ် စိတ်ကူးရင် တောင့်ခံဖို့တော့ လိုအပ်ပါတယ်၊ သိရသလောက်ကတော့ ကော်ဖီဖြတ်လိုက်လို့ ခေါင်းကိုက်၊ ဖျားနာချင်သလို ဖြစ်မှုတွေက ကော်ဖီဖြတ်လိုက်ပြီး ၁ ရက်ကနေ ၂ ရက်အတွင်းအချိန် အများစုခံစားရပါမယ်။ ဒါပေမယ့် သတင်း ၁ ပတ် ကနေ ၂ ပတ်ဆိုရင် သက်သာသွားပြီး ကော်ဖီ ဖြတ်လိုက်နိုင်မယ်လို့ ဆိုပါတယ်။
(၆) အပြုံးလှလှလေးတွေ ဖန်တီးလာနိုင်မယ်
ကော်ဖီမှာ အက်ဆစ်ဓါတ် မြင့်မားစွာ ပါရှိပါတယ်။ ရလဒ်ကတော့ သွားတွေကို အရောင်စွန်းထင်းမှု ဖြစ်လာစေတယ်ပေါ့။ ကော်ဖီ ဖြတ်လိုက်တာနဲ့ သင့်ရဲ့ သွားတွေမှာ ကော်ဖီချိုးကပ်မှု လျော့ချ ထိန်းသိမ်းလိုက်နိုင်မယ်။ သွားတွေ ဖြူလာစေမယ်၊ အပြုံးလှလှလေးတွေ ဖန်တီးလာနိုင်မှာပါ။
(၇) အောက်ဆီဓါတ်တိုးခြင်းဆန့်ကျင်မှု မရနိုင်တော့ဘူး
Scranton တက္ကသိုလ်ရဲ့ လေ့လာထားချက်အရ ကော်ဖီဟာ အောက်ဆီဓါတ်တိုးခြင်းကို ဆန့်ကျင့်မှု (Antioxidants) အများဆုံးဖြစ်စေတဲ့ အစားအစာပါ။ လေ့လာချက်ပေါင်းများစွာအရလည်း တရက်ကို ကော်ဖီ သုံးခွက်လောက် ပုံမှန် သောက်သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျကာကွယ်မှု ဖြစ်စေပြီး အရိုးတွေကို အားကောင်းစေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ကော်ဖီဖြတ်လိုက်ရင်တော့ အခုလို ကျန်းမာရေးကောင်းကျိုးတွေ မရနိုင်တော့ပါဘူး။ ဒါပေမယ့် အခုလို ကျန်းမာရေးကောင်းကျိုးတွေ ရချင်ရင် ကော်ဖီဖြတ်လိုက်ပြီး အစားထိုး အောက်ဆီဓါတ်တိုးဆန့်ကျင့်မှုဖြစ်အောင် လဘက်ရည်(အခါးရည်)၊ သစ်သီးနဲ့ အရွက်တွေ စားသုံးပေးသင့်ပါတယ်။
(၈) အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲလာစေနိုင်တယ်
မောပန်းနွမ်းလျခြင်းနဲ့ စိတ်အလိုမကျခြင်းတွေက ကော်ဖီမသောက်လို့ ဖြစ်စေနိုင်တဲ့ စိတ်ခံစားချက်တွေဖြစ်ပြီး ရလဒ်ကတော့ အာရုံစူးစိုက်နိုင်မှု ခက်ခဲလာစေပါတယ်။ အာဟာရဓါတ်တွေအကြောင်း ရေးသားသူ Caba က MedicalDaily ကို ပြောကြားချက်မှာ ကော်ဖီ ဖြတ်လိုက်သူတွေဟာ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ချက်ချင်း ကျသွားတာ တွေ့ရပါတယ်၊ ကော်ဖီသောက်နေကျ အချိန်ကနေ သွေးတွင်း ကဖင်းဓါတ် မရောက်ရှိလို့ ဟော်မုန်း အပြောင်းအလဲဖြစ်လာပြီး သင့်ကို စိတ်ပင်ပန်းမှု ဖြစ်လာစေပါတယ်၊ အာရုံစူးစိုက်နိုင်မှု အားနည်းသွားစေပြီး စိတ်အလိုမကျမှုတွေနဲ့အတူ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကျသွားစေတာပါလို့ ရှင်းပြပါတယ်။
(၉) ဝမ်းချုပ်စေနိုင်တယ်
ကဖင်းဓါတ်က အူအတွင်း အစာတွေ သွားလာမှုကို မှန်ကန်စေပါတယ်။ ဒါပေမယ့် ကော်ဖီဖြတ်လိုက်ရင်တော့ ကဖင်းဓါတ်လည်း မရနိုင်တော့သလို အူအတွင်း အစာသွားလာမှု အားနည်းသွားပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီဖြတ်မယ်ဆိုရင် ဂရုပြုပြီးတော့ အမျှင်(Fiber)ဓါတ် ပြည့်ဝစာတွေ စားပေးမယ်ဆိုရင် ဝမ်းမချုပ်နိုင်တော့ပါဘူး။ အစေ့၊အနှံတွေ၊ အသီးအရွက်နဲ့ပဲတွေ စားပေးပါ။ ရေများများသောက်ပါ။ အဆင်ပြေပါလိမ့်မယ်။
(၁၀) စိတ်တည်ငြိမ်မှု ဖြစ်စေတယ်
ကဖင်းဓါတ်က သင့်ကို လှုံ့ဆော်မှုပေးတယ်၊ အိပ်ချင်စိတ်ပျောက်ပြီး လန်းဆန်းစေသလိုမျိုးပေါ့။ ဒါပေမယ့် ကော်ဖီဖြတ်လိုက်ချိန်မှာတော့ စိတ်က လန်းဆန်းနေတာထက် တည်ငြိမ်မှုဖြစ်သွားပါတယ်။ ထိုင်မှိုင်းခြင်း ပုံစံလည်း ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကလည်း ကြည့်ရင်လည်း စိတ်တည်ငြိမ်သွားတယ်ပေါ့၊ ဒါပေမယ့် တဖက်ကလည်း ကြည့်ရင်လည်း နိုးကြားတက်ကြွမှု နည်းသွားလို့ အလုပ်မတွင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ 10 things that happen to your body when you stop drinking coffee ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။