ထိပ်ပြောင်တယောက်ဖြစ်ရတာ အိပ်မက်တစ္ဆေထက် ဆိုးပါတယ်။ အခုခေတ်မှာ အမျိုးသားများ အတွက် ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းဟာ ပြဿနာတခုလိုဖြစ်လာပါပြီ။ အမေရိကန် ထိပ်ပြောင်သူများအသင်းရဲ့လေ့လာချက်အရဆိုရင် အမျိုးသား သုံးပုံတပုံဟာ ထိပ်ပြောင်ဖို့ အလားအလာများပြီး အသက် ၃၅ နှစ်ကျော်ရင် ဆံပင်ပါးဖို့ အခွင့်အလမ်းများလာတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း အမျိုးသား ၈၅ ရာခိုင်နှုန်းဟာ ဆံပင်ပါးတဲ့ဒဏ်ကို ခံစားနေရပါတယ်။ ဆံပင်ပါးပြီး ထိပ်ပြောင်တာကင်းဝေးဖို့အတွက် အခုဖော်ပြမယ့် သဘာဝနည်းလမ်း ၅ ချက်နဲ့ ကုစားနိုင်မှာပါ။ သာမန်အားဖြင့် ဆံပင်ပါးလာခြင်းဟာ အသက် ၅၀ လောက်ကျမှ စတင်တတ်ပေမယ့်လည်း အချို့အမျိုးသားများမှာကျတော့ အသက် ၂၁ နှစ်အရွယ် လောက်ကတည်းက ဆံပင်ပါးပြီး ကျွတ်တာဖြစ်နေတတ်ပါတယ်။
ဆံပင်ကျွတ်ခြင်းဟာ ထိန်းချုပ်ရခက်ပြီးတော့ သူ့အကြောင်းရင်းကိုလည်း ရှာရတာခက်ပါတယ်။ သုတေသီအတော်များများကတော့ ထိပ်ပြောင်တဲ့အကြောင်းက မျိုးရိုးနဲ့လည်း ဆိုင်ပါတယ်တဲ့။ ဆံပင်ကျွတ်ခြင်း၊ ပါးခြင်းဟာ အခြေခံအားဖြင့် လူတိုင်းအတွက် ကွဲပြားတဲ့အတွေ့အကြုံတွေကနေ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် ဘယ်လိုအကြောင်းတရားရှိပါသလဲ။
ဆံပင်ကျွတ်တဲ့ကိစ္စအတော်များများဟာ မိဘမျိုးရိုးနဲ့သက်ဆိုင်ပါတယ်။ ဗီတာမင်အေနဲ့ပရိုတိန်းဓာတ်ချို့တဲ့လျှင်လည်း ထိပ်ပြောင်တတ်တယ်လို့ ပြောကြပါတယ်။ ဲ အပြင်းဖျားတာ၊ စိတ်ဖိစီးမှုများတာကြောင့်လည်း ဆံပင်အထွေးလိုက်ကျွတ်တဲ့သူတွေလည်း ရှိပါတယ်။ ခေါင်းလျှော်ရည်အမျိုးအစားဟာလည်း ကိုယ်နဲ့တည့်မှန်းမသိ၊ မတည့်မှန်းမသိ သုံးမိရင်လည်း ဆံပင်ကျွတ်စေပါတယ်။ ဘယ်လိုပဲ ကျွတ်ကျွတ်၊ ဘယ်လိုပဲပြောင်ပြောင် အခုဖော်ပြမယ့်နည်းလမ်းကို သုံးကြည့်ရင် သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
(၁) ဦးရေပြားကို နှိပ်နယ်ပေးခြင်း
ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးခြင်းဟာ ဆံပင်ကျွတ်၊ ပါးတာကို သက်သာစေတဲ့ သဘာဝနည်းလမ်းတခုပါပဲ။ ဆံပင်အောက်ခြေက ဦးရေပြားမှာ သွေးလည်ပတ်စီးဆင်းမှု ကောင်းလာရင် ဆံပင်သန်လာမှာ အမှန်ပါပဲ။ သွေးလည်ပတ်စီးဆင်းမှုအားကောင်းရင် ဆံပင်အရင်းအမြစ်တွေကို အထောက်အကူပြုပါတယ်။ အောက်ဆီဂျင်က ဦးရေပြားအောက် သွေးထဲမှာ လှည့်လည်အားကောင်းလေလေ၊ ဆံပင်သန်ဖို့ အခွင့်အလမ်းများလေလေပါပဲ။ အောက်ဆီဂျင်ဓာတ်ဟာ ဆံပင်သန်စွမ်းစေပြီး မကျွတ်အောင် ထိန်းနိုင်ပါတယ်။
ဦးရေပြားသွေးလှည့်ပတ်မှုမှန်ကန်ရင် ဆံပင်မသန်မှာကို ပူစရာမလိုတော့ပါဘူး။ ဒါဆို ထိပ်ပြောင်ခြင်း ကင်းစေတဲ့နည်းလမ်းတခု သင်သိပြီပေါ့။
(၂) အုန်းနို့
အုန်းနို့ဟာ ဆံပင်ကျွတ်ခြင်းကို ကုသဖို့ သဘာဝဆေးနည်းတခုပါပဲ။ အုန်းနို့မှာ ဗီတာမင်ကြွယ်ဝစွာပါဝင်ပြီး ဆံပင်သန်စွမ်းစေဖို့ အရင်းအမြစ်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ အုန်းနို့ပါတဲ့ဒြပ်ပေါင်းဟာ ဆံပင်မွေးညှင်းပေါက်တွေကို ထိန်းသိမ်းပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။ အုန်းနို့နဲ့ထိတွေ့တဲ့ဦးခေါင်းအစိတ်အပိုင်းတွေမှာဆိုရင် ဆံပင်အသစ်ပြန်ပေါက်လာတာ အံ့မခန်းတွေ့ရမှာပါ။ အုန်းနို့ရော အုန်းဆီရော ဆံပင်သန်ဖို့ လိမ်းပေးနိုင်ပါတယ်။ အုန်းသီးဟာ စားလို့ကောင်းတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုပါ တားဆီးပေးနိုင်တာ သင်တွေ့ရမှာပါ။ သဘာ၀ ဆေးနည်းမို့ သုံးကြည့်စေချင်ပါတယ်။
(၃) ကြက်ဥ
ဆံပင်သန်စေဖို့ နောက်တစ်ခုကောင်းတာ ကြက်ဥပါပဲ။ ကြက်ဥမှာ ပရိုတိန်းဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် ဆံပင်သန်စေပြီး အုံထူလာစေပါတယ်။ ကြက်ဥဖောက်ပြီး ခပ်ပျစ်ပျစ်မွှေကာ ဆံပင်ပေါ် မိနစ်အနည်းငယ်ထားပြီး ခေါင်းလျှော်ပေးပါ။ ပရိုတိန်းဓာတ်ရဲ့အစွမ်းကြောင့် ဦးရေပြားကျန်းမာစေပြီး ဆံပင်သန်လာတာတွေ့ရမှာပါ။
(၄) Antioxidant အစားအသောက်များ
Antioxidant ပါဝင်တဲ့ ဟင်းသီးဟင်းရွက်အချို့ဟာလည်း စားသောက်ရုံအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ခုခံမှုစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ဆဲလ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အန်တီအောက်ဆီးဒင့်ပါတဲ့အသီးအရွက်တွေက စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားအောက်က ဆဲလ်အသေတွေကို ထိန်းသိမ်းပြုပြင်ပြီး ဆဲလ်အသစ် ပိုမိုတိုးပွားစေတဲ့အတွက် ဆံပင်သန်ဖို့ မခဲယဉ်းတော့ပါဘူး။
(၅) ရှာလကာရည်
ရှာလကာရည်ဟာ ဆံပင်သန်စွမ်းစေဖို့ သဘာဝနည်းအတိုင်းကုသရာမှာ အသုံးဝင်ပါတယ်။ ရှာလကာရည်မှာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အင်ဇိုင်းကို ဖြည့်တင်းပေးတဲ့အတွက် ဆံပင်သန်စေတဲ့အပြင် ဗောက်တွေပါ ပျောက်စေပါတယ်။ ဗောက်တွေကို ဖယ်ရှားပစ်ပြီး ဆံပင်ကို ပြန်ပေါက်စေနိုင်ပါတယ်။ အဖြူရောင်ရှာလကာရည်ကိုပဲ သုံးစွဲပါ။ ရှာလကာရည်ကို ရေနဲ့ရောဖျော်ပြီး ဦးရေပြားထိအောင် ပွတ်နယ်ပေးပါ။ ဆံပင်ကျွတ်ခြင်းကို ရှာလကာရည်နဲ့ထိန်းနိုင်တာ လက်တွေ့ သိရမှာပါ။