Lifestyle

၂၀၁၇ က ထူးခြားတဲ့နှစ်လို့ဆိုတဲ့ အလှမယ် ရွှေအိမ်စည်

အလှမယ်ရွှေအိမ်စည်က ၂၀၁၇ ခုနှစ်ဟာ သူမအတွက် ထူးခြားတဲ့နှစ်တနှစ်လို့ ပြောလို့ရသလို သင်ခန်းစာတွေအများကြီးရတဲ့နှစ်လည်း ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“၂၀၁၇ ကတော့ အိမ်စည်အနေနဲ့ ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ အောင်မြင်မှုရတဲ့နှစ်လို့ ပြောလို့ရသလို သင်ခန်းစာတွေ အများကြီးရတဲ့နှစ်လို့လည်းပြောလို့ရတယ်။ ဘာပဲပြောပြော ဒီနှစ်မှာရတဲ့သင်ခန်းစာတွေကို စုပေါင်းပြီး နောက်နှစ်မှာ ဒီထက်မကပိုပြီးတော့ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကို သင်ယူလို့ရတာပေါ့” လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။

အလှမယ်ရွှေအိမ်စည်က ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Grand International ပြိုင်ပွဲသို့ သွားရောက်ခါနီးအချိန်ကျမှ Organization ဘက်က သရဖူပြန်လည်သိမ်းယူခဲ့ခြင်းနဲ့ပတ်သတ်ပြီး လူအများရဲ့ သတိပြုခြင်းခံခဲ့ရကာ အဲဒီနောက်မှာတော့ အနုပညာအလုပ်များကို ခပ်စိပ်စိပ် လှုပ်ရှားလာခဲ့တာလည်း ဖြစ်ပါတယ်။

“အိမ်စည်ကို အားပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီနှစ်က အိမ်စည်အတွက် အခက်အခဲရှိတဲ့နှစ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် အခက်အခဲတွေထဲက အိမ်စည်ကိုချစ်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေလည်း ဆက်လက်ချစ်ခင်ပေးပါ” လို့ ရွှေအိမ်စည်က ပြောပါတယ်။

မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၂၀၁၈ နှစ်ကူးမှာတော့ ရွှေအိမ်စည်က သူမရဲ့ သူငယ်ချင်းများနဲ့အတူ New Year Party ပွဲလေးတခုပြုလုပ်သွားဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

“New Year မှာကတော့ ထွေထွေထူးထူးတော့ အစီအစဉ်မရှိသေးပါဘူး။ အိမ်စည်အနေနဲ့ New Year Party လေးတခု သူငယ်ချင်းတွေနဲ့စုပြီးတော့ လုပ်သွားဖို့တော့ ရှိပါတယ်” လို့ပြောပါတယ်။

Loading