သိပ်မကြာသေးခင်က ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်အပြီးမှာ ထုတ်ပြန်ချက်အနေနဲ့ ကမ္ဘာပေါ်က နိုင်ငံသား တဦးချင်းအလိုက် အသက်အရှည်ဆုံး နေထိုင်နိုင်မယ့်နိုင်ငံတွေ၊ အသက်အတိုဆုံး နေထိုင်နိုင်ဖို့ရှိတဲ့နိုင်ငံတွေ စာရင်းကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။
အသက်အရှည်ဆုံး နေထိုင်နိုင်မယ့် ထိပ်ဆုံး ၁၀ နိုင်ငံကတော့ အာရှနဲ့ ဥရောပတိုက်တွေကနိုင်ငံတွေဖြစ်ပြီး နိုင်ငံပေါင်း ၁၃၇ နိုင်ငံကို ထည့်သွင်း စဉ်းစားတွက်ချက်မှုအရ အောက်ဆုံး၊ အသက်အတိုဆုံးပဲနေထိုင်ရဖို့ ရှိတဲ့ နိုင်ငံတွေကတော့ အာဖရိကမှာရှိတဲ့နိုင်ငံတွေပဲ ရပ်တည်နေတာ တွေ့ရပါတယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့အာရှမှာ လူဖြစ်ရတာ ကံကောင်းသွားတယ်ဗျနော်၊ နာမည်ကျော် အင်္ဂလန်နိုင်ငံဆိုရင် အဆင့် ၂၀ မှာ ရပ်တည်နေပါတယ်။ နိုင်ငံသားတဦးရဲ့ ပျမ်းမျှ အသက်အရှည်ဆုံး နေထိုင်နိုင်မှု အသက် ၈၁.၆ နှစ် အဖြစ် ခန့်မှန်းထားတာ တွေ့ရပါတယ်။ အမေရိကန်ဆိုရင် တိုးတက်ပြီး နိုင်ငံ၊ ကမ္ဘာ့အဆင့် ၁ အင်အား အကောင်းဆုံး ဖြစ်ပေမယ့် အသက်အရှည်ဆုံး နေထိုင်နိုင်မှု ခန့်မှန်းချက်ကတော့ အင်္ဂလန်ရဲ့ အောက်ဖက်ကိုတောင် ရောက်ရှိသွားပြီး အဆင့် ၃၇ မှာ ရပ်တည်နေပါတယ်။ အမေရိကန် နိုင်ငံသားတယောက်ရဲ့ အသက်အရှည်ဆုံး ပျမ်းမျှ နေထိုင်နိုင်မှုက ၇၈.၇ နှစ်ပဲ ရှိတာလည်း တွေ့ရပါတယ်။
၁၃၇ နိုင်ငံသော စာရင်းရဲ့အောက်ဆုံးမှာ ကမ္ဘာ့ အသက်အတိုဆုံးပဲ ရှင်သန်နေထိုင်ရမှုရှိတဲ့ နိုင်ငံအဖြစ် ဆွာဇီလန်နိုင်ငံ(Swaziland) က ရပ်တည်နေပြီး ပျမ်းမျှ ဆွာဇီလန်နိုင်ငံသားတယောက်ဟာ အသက် ၄၈.၉ နှစ်ပဲ နေထိုင်ရတာ တွေ့ရပါတယ်။
ဟုတ်ပါပြီ၊ ကျနော်တို့ ကမ္ဘာပေါ်က အသက်အရှည်ဆုံး နေထိုင်နိုင်မယ့် နိုင်ငံသားတွေကို နည်းနည်း ဆက်ကြည့်ရအောင်ပါ။
အဆင့် (၁၃၊ ၁၄၊ ၁၅) မှာ ပျမ်းမျှ အသက် ၈၂.၁ နှစ်ထိအောင် နေထိုင်နိုင်မယ့် နိုင်ငံသားတွေအဖြစ် ကနေဒါ၊ နော်ဝေနဲ့ အစ္စရေး ပြည်သူတွေက ပူးပွဲ ရပ်တည်နေပါတယ်။
အဆင့် (၁၁၊၁၂)မှာ ပျမ်းမျှ အသက် ၈၂.၂ နှစ်ထိအောင် နေထိုင်နိုင်မယ့်သူတွေကတော့ တောင်ကိုရီးယားနဲ့ လူဇင်ဘတ် ပြည်သူတွေပဲ ဖြစ်ပါတယ်။
အဆင့် (၁၀)မှာကျတော့ သြစတြေးလျသားတွေက ပျမ်းမျှ အသက် ၈၂.၅ နှစ်ထိအောင် နေထိုင်ရဖို့ ရှိနေပါတယ်။
အဆင့် (၈၊၉) တွင် ပျမ်းမျှ ၈၂.၆ နှစ်ထိအောင် အသက်ရှင်နေထိုင်ရဖို့ အတွက်ကတော့ ဆွီဒင်နဲ့ စင်ကာပူနိုင်ငံသားတွေက ပူးတွဲ ရပ်တည်နေတာပါ။
အဆင့် (၇)တွင် ပြင်သစ်နိုင်ငံသားတွေက ပျမ်းမျှ အသက် ၈၂.၇ နှစ်ထိအောင် နေထိုင်နိုင်ကြပါတယ်။
အဆင့် (၆) တွင် အိုက်စလန်သားတွေကတော့ ပျမ်းမျှ အသက် ၈၂.၉ နှစ်ထိအောင် အသက်ရှည်ကြပါတယ်။
အဆင့် (၅) မှာတော့ ဆွစ်ဇာလန်နိုင်ငံသားတွေဟာ ပျမ်းမျှ အသက် ၈၃.၂ နှစ်ထိအောင် နေကြရပါတယ်။
အဆင့်နေရာ (၄) တွင် စပိန်လူမျိုးတွေက ပျမ်းမျှ အသက် ၈၃.၄ နှစ်ထိအောင် နေထိုင်နေကြရပါတယ်။
အဆင့် (၃)မှာတော့ ဥရောပတိုက်မှာရှိ အသက်အရှည်ဆုံး နေထိုင်နိုင်သူအဖြစ် အီတလီက ရပ်တည်နေပြီး ပျမ်းမျှ အသက် ၈၃.၅ နှစ်ထိအောင် နေထိုင်နိုင်ကြပါတယ်။
အဆင့်နံပတ်(၂)တွင် ဂျပန်နိုင်ငံသားတွေက ကျန်းမာရေး ဦးစားပေးသူတွေပီပီ ပျမ်းမျှ အသက် ၈၃.၈ နှစ်ထိအောင် နေထိုင်နိုင်ကြပါတယ်။
အဆင့်နေရာ နံပတ်(၁)တွင် ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး နေထိုင်နိုင်သူတွေကတော့ ဟောင်ကောင် သားတွေပဲဖြစ်ပြီး ပျမ်းမျှ ၈၄.၃ နှစ်ထိအောင် နေထိုင်နိုင်ကြပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ The 13 countries with the longest life expectancies ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။