ဈေးကွက်မှာ အရည်အသွေးမြင့်မားတဲ့ ရေစိုခံဖုန်းတွေ ရှိနေပါတယ်။ ဘယ်မော်ဒယ်တွေပါလဲ။ အရင်နှစ်တွေကတော့ Sony ရဲ့ မော်ဒယ်တွေက ရေစိမ်လည်းခံပြီး ဈေးကွက်မှာ ထူးခြားချက်နဲ့ အတူနာမည်ကြီးခဲ့တာပါ၊ အခုတော့ ဖုန်းကုမ္ပဏီတိုင်း လိုလို ရေစိုခံဖုန်းတွေ ထုတ်လုပ်လာနိုင်ခဲ့ပါပြီ။ ဈေးကွက်ထဲက အကောင်းဆုံး ရေစိုခံဖုန်းတွေ အကြောင်း ပြောပြပါမယ်။
Apple iPhone X ။ ။ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အထူးထုတ်ဖုန်းက ၅ ဒသမ ၈ လက်မ အရွယ်မျက်နှာပြင်နဲ့ OLED ပြသစနစ်ကိုသုံးထားပါတယ်။ ဘောင်ကျဉ်း ဒီဇိုင်းပါ၊ ရှေ့ဘက်ရော နောက်ဘက် ကင်မရာတွေပါ ပုံရိပ် တည်ငြိမ်စနစ် ပါရှိပါတယ်။ ဒါပေမယ့် ဈေးတော့ မြင့်တာပေါ့။ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အခုတော့ အများသုံး ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးဖုန်း အဖြစ် ရပ်တည်နေတာပါ။
Google Pixel 2 ။ ။ ဒီမော်ဒယ်မှာ အကောင်းဆုံး အချက်က 12 MP နှုန်းရှိတဲ့ ကင်မရာ စနစ်ပါ။ အထူးသဖြင့် Potraits ပုံတွေ ရိုက်ကူးချိန်မှာLens သုံးပြီးရိုက်သလို ပုံထွက် အရမ်းကောင်းပါတယ်။ ၅ လက်မ အရွယ်ပါ၊ Snapdragon 835 အထိုင်ကို သုံးထားပါတယ်။ Google က ထုတ်တဲ့ ဖုန်းဖြစ်လို့ Android စနစ် အဆင့်မြှင့်နိုင်မှု စိတ်ကြိုက် လုပ်ဆောင်နိုင် ပါတယ်။ သူ့ထက် အရွယ်ကြီးတဲ့ ဖုန်းလိုချင်ရင်လည်း ၆ လက်မ အရွယ် Pixel 2 XL ရနိုင်ပါသေးတယ်။
Samsung Galaxy S8 Active ။ ။ ရေစိုခံနိုင်တယ် ဆိုတာထက် ဖုန်းကောင်းကောင်း သုံးချင်တယ် ဆိုရင် ရွေးချယ်ဖို့ အကောင်းဆုံး ဖုန်းပါ။ ဒီဖုန်းက S8 ထက် ပိုပြီး အကြမ်းခံ ပါတယ်၊ ကိုယ်ထည်က သတ္တုသားနဲ့ ဖြစ်ပါတယ်။ လျှပ်ကူးမှု မရှိပါဘူး။ ဘက်ထရီက 4000 mAh အားထိန်းထည့်ထားပြီး S8 မှာ 3000 mAh ဘက်ထရီထက် အရွယ်ပိုကြီးပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၈၅၀ ဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက အခုမော်ဒယ်ကို Samsung ကအမေရိကန် ဈေးကွက်မှာပဲ ရောင်းချတာ တွေ့ရပါတယ်။
LG V30 ။ ။ အရောင်ထွက် အရမ်းကောင်းတဲ့ ၆ လက်မ အရွယ်ဖုန်းပါ။ ဘောင်ကျဉ်းဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ နောက်ဘက် ကင်မရာစနစ်က နှစ်လုံးထိုင် ပုံစံ ဖြစ်လာပါတယ်။ ပြီးတော့ Lens အမျိုးအစားက Wide-Angle နဲ့ ဖြစ်လာ ပါတယ်။ ဈေးကွက်ထဲက ရုပ်သံအကောင်းဆုံးရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ ဖုန်းအဖြစ် လူသိများပါတယ်။ အသံမှတ်စနစ် ပါရှိတယ်။ သဘောကျစရာပါ။ Floating Bar စနစ်ထည့်ထားပြီး မိမိသဘောကျတဲ့ App တွေ စုထားနိုင်ပါတယ်။
Motorola Moto X4 ။ ။ ရေစိုခံဖုန်း အများစုက ဈေးမြင့်ပေမယ့် Motorola ထုတ် ဖုန်းတွေကတော့ မဟုတ်ပါဘူး။ နောက်ဘက် ကင်မရာလည်း နှစ်လုံးထိုင်ပုံစံ ဖြစ်ပါတယ်။ SD ကတ် စိုက်နိုင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၄၀၀ လောက်ပဲ ရှိပါတယ်။ Amazon Alexa လို အသုံးဝင် App အများစုကို Original အဖြစ် ထည့်သွင်းဖန်တီးထားပါတယ်။ Google နဲ့ Amazon ကနေလည်း နည်းပညာရယူ ဖန်တီးထားလို့ အရည်အသွေး စိတ်ချရတဲ့ ဖုန်းတခုပါ။
iPhone 8, iPhone 8 Plus ။ ။ ၂၀၁၇ အတွက် Apple ရဲ့ ထုတ်လုပ်မှုပါ၊ 8 နဲ့ မျက်နှာပြင် အရွယ် ပိုကြီးတဲ့ 8 Plus၊ ၂ မျိုးလာပါတယ်၊ ထူးခြားချက်က မှန်သားကိုစတီးလ်နဲ့ အကူအားဖြည့် ဖန်တီးထားတယ်၊ ကင်မရာ စွမ်းဆောင်ရည် ပိုကောင်းလာတယ်၊ Processor ပိုင်း အားကောင်းလာတယ်၊ အာရုံခံစနစ် ပိုစုံလာတယ်၊ ကြိုးမဲ့ အားသွင်းလာနိုင်တယ်၊ X မော်ဒယ်လည်း ဈေးချိုတယ်၊ 8 ဆိုရင် ၆၉၉ ဒေါ်လာနဲ့ ရနိုင်ပြီး 8 Plus ဆိုရင် ၇၉၉ ပဲ ရှိပါတယ်။ X မော်ဒယ်ထက် ဘက်ထရီ သက်တမ်းလည်းပိုကောင်းတဲ့ မော်ဒယ်နှစ်ခုပါ။
Samsung Galaxy Note 8, S8, S8 Plus ။ ။ Android စနစ်သုံးဖုန်းတွေ ထဲမှာတော့ ဈေးမြင့်တဲ့ ဖုန်းတွေပါ။ အရည်အသွေး လည်း ထိပ်တန်းအဆင့် ရှိပါတယ်။ ကင်မရာ ၂ လုံးထိုင် ပုံစံ ဖြစ်လာပါတယ်၊ လက်ရှိဈေးကွက်ထဲမှာ Android စနစ်ကို အပြည့်အဝဆုံး သုံးနိုင်တဲ့ မော်ဒယ်တွေ ဖြစ်လာပါတယ်။ Bixby လို အကူစနစ် ပါရှိလာတယ်၊ Snapdragon 835 ကို ထိုင်ထားတယ်၊ မျက်နှာဖတ်စနစ် ပါလာပြီးလက်ဗွေဖတ်စနစ်ထက် ပိုကောင်းလာတယ်။ Keyboard နဲ့ပါ ချိတ်ဆက်ပြီး ကွန်ပျူတာတလုံးနီးပါး အသုံးပြုနိုင်လာပါတယ်။
LG G6 ။ ။ ဘက်ထရီက 3300 mAh အားထိန်းနိုင်တယ်။ အမေရိကန် ဈေးကွက် အတွက် ရောင်းချတဲ့ မော်ဒယ်တွေမှာ ကြိုးမဲ့ အားသွင်း စနစ်ကိုပါ သုံးနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရတယ်။ နောက်ဘက် ကင်မရာစနစ်က နှစ်လုံးထိုင် ပုံစံ ဖြစ်လာတယ်၊ Google Assistant စနစ်ကို သုံးနိုင်တယ်၊ မျက်နှာပြင် အရွယ်က ၅ ဒသမ ၇ လက်မ ရှိပြီး အရွယ် ရွေးချယ်နိုင်ဖို့ နောက်ထပ် မော်ဒယ်ခွဲတော့ မရှိပါဘူး။ ဘက်ထရီပိုင်း သင့်ပြီး ကင်မရာပိုင်း အားကောင်းလို့ လူကြိုက်များနေတဲ့ ဖုန်းတလုံးပါ။
Sony Xperia XZ Premium ။ ။ Sony ဖုန်း သုံးနေကျသူတွေ အတွက် ဒီဇိုင်းက ရင်းနှီးလွယ်ပါလိမ့်မယ်။ တခြား Android ဖုန်းတွေနဲ့ ခလုတ် အထိုင် နည်းနည်းတော့ ကွဲပြားတာပေါ့။ 4K ရုပ်ထွက်ထိအောင် ပြပေးနိုင်မယ့် စနစ်ပါရှိတယ်၊ ကင်မရာက 19 MP ရှိပြီး ရုပ်ထွက် အရမ်းကောင်းပါတယ်၊ Slow-motion ရုပ်သံဖမ်းယူ ရိုက်ကူးနိုင်မှု ထိပ်တန်းအဆင့် ရှိပါတယ်။ Snapdragon 835 ကိုပဲ ထိုင်ထားတာပါ။ ရေအနက် ၅ ပေ အထိအောင် ရေစိမ်ခံနိုင်ပြီးမိနစ် ၃၀ ကြာအောင် ရေစိမ်ခံနိုင်ပါတယ်။
Ref: www.cnet.com