နှစ်သစ်ကို ရောက်လာပြီဆိုတော့ မကောင်းတဲ့အကျင့်တွေ၊ အနေအထိုင်တွေ အားလုံး နှစ်ဟောင်းမှာပဲ ထားခဲ့ကြရအောင်လား။ ကိုယ့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်အောင် အခု နှစ်သစ်မှာ ဘယ်လိုနေကြမလဲ။ အခု ပြောမယ့်အကျင့်တွေ၊ အနေအထိုင်တွေကို ပြင်လိုက်ရအောင်ပါ။
(၁) ဆေးလိပ်ဖြတ်ကြမယ်
အမေရိကန် ကင်ဆာအဖွဲ့အစည်းကနေ သိရသလောက်တော့ ဆေးလိပ်သောက်ခြင်းက အဆုတ် ကင်ဆာအပြင်၊ လည်မျိုကင်ဆာ၊ ပါးစောင်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ အားလုံးအပါအဝင် ကင်ဆာ ဖြစ်နိုင်ချေကို ၂၄ ရာခိုင်နှုန်းထိအောင် အားပေးတယ်လို့ ဆိုပါတယ်။ ကင်ဆာတမျိုးချင်းစီ ပြန်ခွဲထုတ်မယ် ဆိုရင် ဆေးလိပ်သောက်သူတွေက အဆုတ်ကင်ဆာဖြစ်ဖို့ ၈၄ ရာခိုင်နှုန်း၊ လည်မျိုကင်ဆာဖြစ်ဖို့ ၇၅ ရာခိုင်နှုန်း၊ အစာအိမ်ပြွန်ကင်ဆာဖြစ်ဖို့ ၅၂ ရာခိုင်နှုန်းထိအောင် တခြားသူတွေထက် ပိုစေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဆေးလိပ်သောက်သုံးမှု သက်တမ်း ၁ဝ နှစ်ကျော်လာတာနဲ့အမျှ ဖြစ်နိုင်ချေ ပိုများလာစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါဆိုရင်တော့ နှစ်သစ်မှာ ဆေးလိပ်လေးပါ ဖြတ်လိုက်ရအောင်လားဗျာ။
(၂) အရက်အများကြီးမသောက်ပါနဲ့တော့
ဆိုလိုတာက အရက်ဖြတ်ဖို့ မဟုတ်ပါဘူး။ အရက်မှာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးပေးမှု ရှိပါတယ်။ ဒီတော့ အရက်အလွန်အကျွံမသောက်ဘဲနေလိုက်ရအောင်လားဗျာ။ အရက်သောက်များရင် အသည်းကို ထိခိုက်စေမှုအပြင် နောက်ဆုံးလေ့လာချက်တွေအရတော့ ရင်သားကင်ဆာ၊ အူမကင်ဆာ၊ အစာအိမ် ပြွန်ကင်ဆာနဲ့ ဦးခေါင်းနဲ့လည်ပင်းဆိုင်ရာ ကင်ဆာတွေပါ ဖြစ်နိုင်ချေများစေတယ်လို့ ဆိုပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးအတိုင်းပဲ သင့်ရုံသောက်သုံးသင့်ပါတယ်။
(၃) အစားအရမ်းမစားတော့နဲ့
ဓါတုဗေဒ အမြင်အရဆိုရင် ပါကင်ထုတ်ထားတဲ့ အစာတွေက အစာအိမ်ကို ထိခိုက်စေမယ်။ ကာဘွန်ဟိုက်ဒရိတ်များချင် များနေမယ်။ အထားခံအောင်၊ အရသာရှိအောင် ဓါတုပစ္စည်းတွေ ထည့်သွင်းဖန်တီးထားမှုတွေရှိမယ်။ သေချာတာကတော့ ကျနော်တို့ ပါကင်ထုတ်ထားတဲ့ အစာတွေနဲ့ လွတ်ကင်းသူ မရှိသလောက်ပါပဲ။ နေ့စဉ်သောက်နေတဲ့ ကော်ဖီကအစ ဟင်းခတ်ပစ္စည်းတွေ အထိအောင် ထုတ်ပိုးထားပါတယ်။ ဒီတော့ များများစားရင် များများ ဓါတုပစ္စည်းတွေ ကိုယ်တွင်းကို ဝင်ပါလိမ့်မယ်။ အာဟာရ ဖြစ်ရုံ၊ သင့်ရုံပဲ စားကြရအောင်ပါ။ စစ်တမ်းတွေအရတော့ ထုတ်ပိုးစာ စားသုံးမှုဟာ သင့်ကို တရက်မှာ ကယ်လိုရီ ၂၀၀ လောက် အပိုရနေစေပြီး ဝလာဖို့ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
(၄) ဆားနည်းနည်းပဲ စားကြမယ်
ဆိုဒီယမ်ဓါတ်က ကျနော်တို့အတွက် မရှိမဖြစ် ဓါတ်တခု ဖြစ်ပေမယ့် အစားများရင်တော့ မကောင်းပါဘူး။ စိတ်မကြည်မသာမှုတွေကနေ သေစေနိုင်လောက်သည်အထိအောင် ဒုက္ခပေးနိုင်ပါတယ်။ သွေးတိုးသမားတွေ သတိထားရမယ်၊ နှလုံးရောဂါကိုလည်း အားပေးတယ်၊ လေဖြတ်ဖို့လည်း များစေပါတယ်။ CDC အဖွဲ့ကတော့ အသက် ၅၁ နှစ်အောက်ဆိုရင် တရက်ကို ဆား ၂၃၀၀ မီလီဂရမ်ပဲ စားဖို့နဲ့ ၅၁ နှစ်နဲ့အထက်ဆိုရင် ၁၅၀၀ မီလီဂရမ်ပဲ စားသုံးဖို့ ဆိုထားပါတယ်။
(၅) ဆိုဒါတွေ မသောက်နဲ့တော့
ဒါနဲ့ ဆိုဒါဆိုလို့ အရက်နဲ့ရောသောက်တဲ့ ဆိုဒါစစ်စစ်တင် မဟုတ်ဘဲ ဆိုဒါပါရှိတဲ့ ဖျော်ရည်တွေကိုပါ ဆိုလိုတာပါနော်။ ပြည့်ဝသကြားပါဝင်မှုများတဲ့ ဆိုဒါသုံး ဖျော်ရည်တွေက သင့်အတွက် လုံး၀ မကောင်းပါဘူး။ နောက်ဆုံး လေ့လာချက်တွေအရ ဆိုဒါပါတဲ့ ဖျော်ရည်တွေက အဝလွန်ခြင်း ဖြစ်စေပါတယ်။ကယ်လိုရီ ပိုစေတယ်။ မှတ်ဉာဏ်ကိုလည်း ပျက်စီးစေတယ်လို့ ဆိုပါတယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းကလည်း ဆိုဒါသောက်သုံးမှုများခြင်းက လေဖြတ်ဖို့အားပေးတယ်လို့ ဆိုပါတယ်။ ဘီယာသောက်တာတောင် ဆိုဒါပါတဲ့ ဖျော်ရည်သောက်တာလောက် မဆိုးစေပါဘူးတဲ့။
(၆) အစားကို ဖြည်းဖြည်းစားမယ်
သွားနဲ့ချေဖျက် ဝါးမြိုမှု အားနည်းရင် သင်စားတဲ့ အစာက ကြေညက်မှုမရှိဘဲ အစာအိမ်ထဲ ရောက်မယ်။ အစာအိမ်က အာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မယ်ပေါ့။ အစာကိုကြေအောင်ဝါးပြီး စားသုံးခြင်းက ဇီဝဖြစ်စဉ်ကိုတောင် မှန်ကန်စေတယ်လို့ ဟီရိုရှီးမား တက္ကသိုလ်က ဝမ်းတွင်းပိုင်း ပညာရှင် Takayuki Yamaji က ဆိုပါတယ်။ ကြေညက်အောင် မဝါးဘဲ စားသုံးမှုက အစာကိုပိုပြီး စားမိစေသလို သွေးတွင်း ဂလူးကို့စ် အတက်၊ အကျဖြစ်စေတယ်။ ဆီးချိုအတွက် အားပေးရာ ရောက်စေတယ်လို့ ရှင်းပြပါတယ်။ ဆီးချို အစ ပျိုးချင်သူတွေအတွက်ကတော့ အစာကို ကြေညက်အောင် မဝါးရင် ရောဂါဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းလောက်ကို ပိုစေတယ်လို့ ဆိုပါတယ်။
(၇) ပုံမှန်လိင်ဆက်ဆံမယ်
ကျန်းမာရေး ရှုထောင့်ကနေပဲ ကြည့်မယ်ဆိုရင် လိင်ဆက်ဆံခြင်းက ကျန်းမာရေးကို အထူးကောင်းစေပါတယ်။ ပုံမှန်လိင်ဆက်ဆံမှု မရှိသူတွေက အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်ဖို့ ရာနှုန်းများစေပါတယ်။ ဟားဗက်တက္ကသိုလ် အများပြည်သူကျန်းမာရေးဌာနက လေ့လာချက်အရ အသက် ၂၀ ကျော် အမျိုးသားတွေမှာ တလကို သုတ်လွှတ်မှု ၂၁ ကြိမ် ပျမ်းမျှရှိသူတွေက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းထိအောင် လျော့ကျစေတယ်လို့ ဆိုပါတယ်။ အသက် ၄၀ ကျော် အမျိုးသားတွေမှာတော့ ၂၂ ရာခိုင်နှုန်းကျော်ထိအောင် လျော့ကျကောင်းမွန်လာစေတာပါ။ လိင်ဆက်ဆံမှုက ကိုယ်တွင်း အပူ၊ အအေးလည်း မျှစေတယ်၊ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်မှုလည်း မှန်ကန်စေတယ်၊ စိတ်ဖိစီးမှုကို လျော့ကျစေတယ်၊ အခြား ဆောင်းပါးတွေအရဆိုရင် ကယ်လိုရီ ချေဖျက်နှုန်းကိုတောင် အားကောင်း စေသေးတာ တွေ့ရပါတယ်။
(၈) များများအိပ်မယ်
လေ့လာချက်ပေါင်းများစွာရဲ့ တူညီတဲ့ ရလဒ်တွေအရ အိပ်ရေးဝဝ မအိပ်သူတွေဟာ ကျန်းမာရေးအတွက် လုံးဝကို မကောင်းပါဘူး။ အိပ်ရေးမဝသူတွေက အိပ်ရေးဝဝ အိပ်သူတွေထက် အချိန်စောပြီး သေဆုံးနှုန်း ၁၂ ရာခိုင်နှုန်း ပိုစေ၊ မြန်စေနိုင်ပါတယ်။ ချစ်သူ၊ လင်မယားတွေအကြား ဆက်ဆံရေး မပြေလည် ဖြစ်စေပါတယ်။ တရက်ကို ၄ နာရီခွဲလောက်ပဲ အိပ်စက်သူတွေမှာ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ တရက်ကို ၈ နာရီလောက် ရအောင် ကောင်းကောင်းအိပ်ပါ။ သင့်ကျန်းမာရေးအတွက် ဖြစ်ပါတယ်။
www.maxim.com တွင်ဖော်ပြထားတဲ့ 8 bad habits you need to break in 2018 ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။