တကယ်တော့ မူရင်းဆောင်းပါးမှာ ချစ်သူ မိန်းကလေးတယောက် စိတ်ကစား၊ ဖောက်ပြန်လိမ်လည်မှုပုံစံကို ရေးထားတာဖြစ်ပေမယ့် ဖတ်ကြည့်တော့ အမျိုးသားတွေမှာလည်း အဆိုပါ ပုံစံ လိမ်လည်မှုရှိနိုင်လို့ ဘယ်သူပဲ သစ္စာဖောက်သည်ဖြစ်စေ သိသာနိုင်မယ့် အချက်တွေအဖြစ်ပဲ ပြောပြချင်ပါတယ်။
(၁) ဖုန်းထဲမှာပဲ အာရုံရှိနေတတ်တယ်
သူ့ရဲ့ အချိန်တော်တော်များများက ဖုန်းပဲသုံးနေတယ်။ အတူတူ ရှိနေချိန်တွေမှာတောင် ဖုန်းကိုပဲ အာရုံစိုက်နေမယ်။ အထူးသဖြင့် ဂိမ်းကစားနေတာမျိုးထက် စာတွေ ရိုက်နေတာ၊ ပို့နေတာတွေ လုပ်နေမယ်။ သင့်ကို မကြည့်ဘူး၊ စကားကောင်းကောင်း မပြောတာမျိုးတွေ လုပ်ဆောင်မယ်။
(၂) သူက ဖုန်းကို Silent ချထားမယ်၊ တချို့ဖုန်းတွေကို မကိုင်ဘူး
အတူတူ ရှိနေချိန်မှာ သူ့ဖုန်း Ring ကို အသံပိတ်ထားတာတွေ၊ သင့်ရဲ့ရှေ့မှာပဲ ဖုန်းတခုခု လာပေမယ့်မကိုင်ပဲ ပစ်ထားမယ်။ သင် မမြင်အောင် အမြန်ပိတ်လိုက်တာမျိုးတွေ လုပ်ဆောင်မယ်။
(၃) သူ့ဖုန်းကို ပေးမသုံးဘူး
ဖုန်းလို့ အလွယ်ပြောပေမယ့် ကွန်ပျူတာလို သီးသန့်သုံးတဲ့စက်တွေလည်း ပါပါမယ်။ အထူးသဖြင့်တော့ ဖုန်းကို ပေးမသုံးတာတွေ၊ Facebook ဝင်ကြည့်ခွင့် မပေးတာမျိုးတွေ လုပ်ပါလိမ့်မယ်။ အလွယ်ဆုံး ပြောရရင်တော့ Password မပြောသလို ကြည့်ခွင့်လည်း မပေးဘဲ နေပါလိမ့်မယ်။
(၄) အတူတူနေချိန်တွေမှာကိုပဲ သွေးအေးနေမယ်
နှစ်ယောက်တည်း ညစာ အတူတူ စားချိန်တွေ၊ ရုပ်ရှင်အတူတူ ကြည့်ချိန်ကနေ နောက်ဆုံး လိင်ဆက်ဆံမှုလို နှစ်ဦးတည်း ရှိနေချိန်တွေမှာတောင် စိတ်မပါသလို နေမယ်၊ သွေးအေးနေမယ်၊ ချိန်းဆိုမှုလည်း မရှိသလို တွေ့ဖို့ ရှောင်နေတာမျိုးတွေ၊ တွေ့ဖြစ်ရင်လည်း စိတ်မပါသလို နေနေတာမျိုးတွေ တွေ့နိုင်ပါတယ်။
(၅) စကားလုံး အသစ်တွေ ပြောလာမယ်၊ အကြောင်းအရာ အသစ်တွေ ပြောလာမယ်
ဆိုလိုတာကတော့ သင်နဲ့တွေ့နေ၊ ပြောနေကျ အချိန်တွေမှာ သုံးနေ၊ ပြောနေကျစကားတွေ မပြောလာတော့ဘူး။ အရင်ကလို နေထိုင်သွားလာပုံတွေ မဟုတ်တော့ဘဲ အကြောင်းပြချက်အသစ်တွေ ပေးလာတာမျိုးပါ။ ဥပမာ ဖုန်းဆက်ပြီးတိုင်း ချစ်တယ်လို့ သုံးနှုန်း ပြောဆိုနေကျ အနေအထားကနေ မပြောလာတော့ဘူး၊ ချစ်တယ် မပြောတော့ဘူးလားလို့ ထောက်ပေးသည့်တိုင်အောင် အလုပ်များနေလို့ပါ။ စိတ်တွေရှုပ်နေလို့ပါ ဆိုတာမျိုး ဆင်ခြေပြန်ပေးမယ်။ ပြီးတော့ တွေ့နေကျ နေ့ရက်၊ နေရာမျိုးမှာ မဆုံဖြစ်ခဲ့ရင် အလုပ်ရှိလို့ပါ၊ သွားစရာ ရှိလို့ပါ ဆိုတာမျိုး ပြောဆို ငြင်းဆန်လာနိုင်ပါတယ်။
(၆) ဖုန်းဆီက အကြောင်းအရာအတွက် ပျော်နေတတ်တယ်၊ ဒါပေမယ့် ဘာကြောင့်ဆိုတာတော့ သင် သိရမှာ မဟုတ်ဘူး
ဖုန်းမှာ အာရုံများနေတယ်၊ အမြဲသုံးနေတယ်၊ စာတွေ ပို့နေ၊ ပြောနေရာကနေ နောက်ပိုင်း ဖုန်းပေါ်က အကြောင်းအရာ၊ စာသားတွေအတွက် သူ ရယ်နေတာ၊ သဘောကျနေတာတွေ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန်လို ဘယ်လိုအတွက် ရယ်စရာ၊ သဘောကျစရာ ကောင်းတယ် ဆိုတာကိုတော့ သင် မေးရင်တောင် ပြောပြမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ နောက်တယောက်က သတိရကြောင်း၊ ချစ်ကြောင်း စာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၇) အကြောင်းရင်း မရှိဘဲ သူ အရမ်းပျော်သွားတတ်တယ်
သင့် ချစ်သူ ပျော်နေတာကိုပဲ သင် တွေ့ချင်မှာပါ။ ဒါပေမယ့် သူဘက်က ဖောက်ပြန်နေပြီ ဆိုရင်တော့ သင်နဲ့ အတူ ရှိနေချိန်တွေမှာ အပြော၊အဆိုတွေ အေးစက်နေပါလိမ့်မယ်။ ဒီလို အေးစက်နေတဲ့ ပုံစံကနေ သင်မသိတဲ့ အကြောင်းအရင်း တခုခုနဲ့ သူ့အလိုလို ပျော်သွားတာမျိုး၊ ကျေနပ်သွားတာမျိုးတွေ တွေ့လာရပြီဆိုရင်တော့ သူ့မှာ ဖုံးကွယ်ထားမှု၊ ဖောက်ပြန်နေမှုတွေ ရှိနေဖို့ များနေပါပြီ။
(၈) သင့်ရဲ့ မေးခွန်းတွေကို အကြောက်အကန် ပြန်ပြောမယ်
တကယ်တော့ သင်က ရိုးရိုးသားသားနဲ့ ဘယ်မှာရောက်နေပြီလဲ။ ဘာတွေ လုပ်နေသလဲဆိုတဲ့ ပုံမှန် မေးခွန်းမျိုးကိုပဲ မေးမြန်းလိုက်ပေမယ့် သူ့ဘက်က အကြောက်အကန်သဘောနဲ့ ဘာလို့လဲ၊ မယုံလို့လား ဆိုတဲ့ အဖြေထက် မေးခွန်းတွေ၊ အဆင်မပြေစရာ စကားတွေ ပြန်ပြောလာနိုင်ပါတယ်။
(၉) သင့်အပေါ် အပြစ်မြင်မှုများလာမယ်
ချစ်လို့စလိုက်၊ နောက်လိုက်တဲ့ အကြောင်းအရာအတွက်ပဲဖြစ်ဖြစ် ပုံမှန် လုပ်ဆောင်နေကျ ကိစ္စတခုခု အနည်းငယ် ပေါ့လျော့မှုအတွက်ပဲဖြစ်ဖြစ် အတည်ယူပြီး အပြစ်ပြောမယ်။ အဆင်မပြေစရာတွေ လုပ်လာပါလိမ့်မယ်။ ဒါဟာ သူ့ရဲ့ အပြစ် တခုခုအတွက် ဖုံးကွယ်ဖိ့ုအတွက် သင့်ကို အပြစ်ရှာခြင်း သဘောပါ။ ဥပမာ ပုံမှန် ဖုန်းဆက်ချိန်ထက် နောက်ကျသွားတာမျိုးအတွက် အပြစ်ကြီး တခုအဖြစ် သတ်မှတ်ပြီး စိတ်ကောက်တာမျိုးတွေ၊ လမ်းခွဲဖို့လောက်ထိအောင် ပြောလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
(၁၀) သူပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေကို မေ့သွားတတ်တယ်
သူ ဘယ်လိုနေတတ်တယ်ဆိုတဲ့ အကျင့်တွေကနေ ဘယ်နေ့တွေ့မယ်၊ ဘယ်ကိုသွားမယ် ဆိုတဲ့ အကြောင်းအရာတွေထိအောင် သူ ပြောခဲ့သမျှ အကြောင်းအရာတွေကို နောက်တကြိမ် ထပ်ပြောလာမယ်။ ပြီးတော့မှ သူ ပြောပြီးပြီလား ဆိုတာတွေ ပြောတတ်တယ်။ ဒါတွေဟာ အမှန် စိတ်များနေသူ၊ ဖောက်ပြန်နေသူ တယောက်ရဲ့ ပုံစံ တခုပါ။ ဥပမာ လာမယ့် ပိတ်ရက်မှာ သူ့ အနေနဲ့ မိသားစုနဲ့အတူ ဈေးဝယ်လိုက်သွားရမယ်လို့ မနေ့က ပြောထားခဲ့ပေမယ့် ဒီနေ့မှာလည်း အဆိုပါအကြောင်းကို ထပ်ပြောလာမယ်။ ပြီးတော့မှ မနေ့က ပြောဖြစ်သေးလား ဆိုတာမျိုး ပြန်မေးတာတွေ ရှိလာတာမျိုး ဖြစ်ပါတယ်။
www.maxim.com တွင် ဖော်ပြထားတဲ့ 10 not-so-obvious signs she might be cheating on you ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။