ချစ်သူများနေ့တော့ နီးလာပြီဗျ။ တချို့ကလည်း လာမယ့် ချစ်သူများနေ့မှာ ဘယ်လို ရွှေလက်တွဲ ပျော်ပွဲဝင်မလဲ ဆိုတာ ရင်ခုန်နေကြရောပေါ့။ ဒါပေမယ့် ချစ်သူတိုင်း အဆင်ပြေနေ၊ ချစ်နေကြတယ်တော့ မဟုတ်ပါဘူး။ တချို့ကလည်း အဆင်မပြေဖြစ်နေကြမယ်။ ဒီတော့ သင့်ချစ်သူက သင့်ကို မချစ်တော့ဘူးဆိုရင် ဘယ်လိုပုံစံတွေ မြင်လာရမလဲ။ တကယ်လို့ အခုရက်ပိုင်းအတွင်းမှာ ဒီလိုပုံစံတွေ မြင်နေရရင်တော့ ချစ်သူများနေ့မှာ ရွှေလက်တွဲဖို့ စဉ်းစားမနေပါနဲ့တော့။
(၁) သင့်အကြောင်း သူ သိပ်မပြောတော့ဘူး
ဆိုလိုရင်းကတော့ သင့်ကို စိတ်မဝင်စားတော့တာ။ ဒီတော့ သင် ဘာဖြစ်နေသလဲ၊ ဘာလုပ်နေသလဲ၊ ဘယ်လို နေပါ့လားဆိုတဲ့ စကားတွေ မပြောလာတော့ဘူး။ အတူတူ ရှိနေမယ်ဆိုရင်တောင် ဘဝနဲ့ ပတ်သက်တာထက် အခြား အပါ်ယံ စကားလုံးတွေ ပြောဆိုပြီး အချိန် ကုန်စေပါလိမ့်မယ်။ အရင်က သင့်အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ အားပေးခဲ့ဖူးမယ်။ အကြံတွေ ပေးကောင်းပေးခဲ့ဖူးမယ်။ သင့်ကို မချစ်တော့ဘူး ဆိုတဲ့ အချိန်မှာတော့ သင့်ဘဝ အကြောင်းအရာတွေဟာ သူ့အတွက် အရေးမပါတော့ပါဘူး။
(၂) သင့် အတွက် အချိန်မပေးချင်တော့ဘူး
အရင်က အားချိန်တွေ၊ ရုံးပိတ်ရက်တွေမှာ အတူတူ ရှိနေတတ်ခဲ့ပါသလား။ သူ မချစ်တော့ချိန်မှာတော့ အတူ ရှိချိန်တွေ လျော့လာပါလိမ့်မယ်။ အကြောင်းပြချက်တွေ ပေးကောင်း ပေးလာနိုင်ပြီး မတွေ့ဖြစ်ဘဲရှိကြမယ်၊ တွေ့ဖြစ်ခဲ့တယ် ဆိုရင်တောင် အရင်လောက် အချိန်မပေးတော့ဘဲ ခဏနဲ့ ပြီးဆုံးကြမယ်။ ပြောဆို ဆက်ဆံမှု တွေလည်း နွေးထွေးမှု လျော့နည်းသွားမယ်ပေါ့။ အနီးစပ်ဆုံး ပြောရရင် ချစ်သူများနေ့မှာတောင် တွေ့ဆုံဖို့ သင့်ဘက်က ချိန်းပေမယ့် သူက အကြောင်းပြချက် တခုခု ပြောလာတာမျိုး ဖြစ်လာနိုင်ပါတယ်။
(၃) သင့် ပတ်ဝန်းကျင်နဲ့ မဆက်ဆံလိုတော့ဘူး
သင့်ပတ်ဝန်းကျင်ဆိုတာ သင့်ဆွေးမျိုး သားချင်းတွေလည်း ဖြစ်နိုင်သလို သင့်ရဲ့ သူငယ်ချင်းတွေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သူ့ဘက်က သင့်ကို မချစ်တော့ဘူး ဆိုကတည်းက သူ့အနေနဲ့ သင့်ဆွေ မျိုး၊ မိဘတွေနဲ့လည်း တွေ့ချင်၊ ပြောချင်တော့မှာ မဟုတ်သလို သင့် သူငယ်ချင်းတွေနဲ့လည်း ပြောဆိုရင်းနှီးလိုမှာ မဟုတ်တော့ပါဘူး။ မိဘနဲ့ တွေ့ပေးဖို့ အိမ်လာခဲ့ဖို့ သင် ခေါ်ရင်တောင် ငြင်းဆိုမှုတွေ ရှိလာနိုင်ပါတယ်။ ဒါမှမဟုတ် အိမ်ကို ဝင်ထွက်နေကျ ဆိုရင်တောင် အလာနည်းသွားတာတွေ ဖြစ်နိုင်ပါတယ်။
(၄) သင်နဲ့ အတွင်းသိ အဆင်းသိ မနေလိုတော့ဘူး
အရင်က သူဘာလုပ်လုပ်၊ ကိုယ်တိုင်လည်း ဘာပဲလုပ်လုပ် အတွင်းကျကျ ပြောနေ၊ ဆိုနေရာကနေ သူ့ဘက်က စတင်ပြီး ပြောဆို အသိပေးမှုတွေ နည်းလာမယ်ဆိုရင် ဆက်ဆံရေး မကောင်းတော့တာ သိလိုက်ပါတော့။ ဒါဟာ နှစ်ရှည် အချိန်ကြာ တွဲလာတဲ့ ချစ်သူတွေမှာ ရှိနေတတ်တဲ့ ဆက်ဆံမှုတခုဖြစ်ပေမယ့် သူ့ဘက်က ပြောင်းလဲလာရင်တော့ သူ ဘာလုပ်လုပ် သင်မသိရအောင် နေထိုင်လာပါလိမ့်မယ်။ မေးရင်တောင် မဖြေတာတွေ၊ အကြောင်းပြချက် ပေးတာတွေနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ သင့်ကို သူမှ မချစ်တော့တာ။
(၅) လိင်မှုရေးရာမှာပဲ နွေးထွေးမှု ရှိနေတယ်
အခုခေတ်မှာတော့ အိမ်ထောင်မပြုခင်ကတည်းက အတူနေတယ်ဆိုတာ အဆန်းလိုတောင် မဟုတ်တော့ပါဘူး။ ယဉ်ကျေးမှု ရှုထောင့်ကကြည့်ရင် လူမှုစနစ် ပျက်စီးနေမှုက ပြည်တွင်းမှာပါ ကူးစက်ဖြစ်ပွားနေပါတယ်။ ထားပါတော့၊ တကယ်လို့ သင့်ချစ်သူက အထက်မှာ ပြောခဲ့သလို အရင်လိုစကားတွေ၊ အလုပ်တွေ၊ အနေအထိုင်တွေ အတွင်းကျကျတော့ မရှိတော့ဘူး။ ဒါပေမယ့် သင်နဲ့အတူ လိင်မှု ဆက်ဆံရေးရှိမယ်၊ ဒီအပိုင်းမှာပဲ အရင်လို နေနေသေးတယ် ဆိုရင်တော့ သင့်ကို ချစ်တာထက် သူ့ရဲ့ဆန္ဒကိုသာ ကျေနပ်အောင် နေထိုင်နေတယ်ဆိုတာ နားလည်ထားပါ။ PyschologyToday.com ရဲ့ ဖော်ပြချက်တခုမှာဆိုရင် လိင်မှုဆက်ဆံရေး တခုတည်းနဲ့တင် ချစ်ခင် ပြည့်ဝတဲ့ချစ်သူ၊ အိမ်ထောင်သည်တို့ ဘဝကို မရနိုင်ဘူးလို့ ဆိုထားတာ တွေ့ရပါတယ်။
(၆) ခဏ ခဏ ပျောက်သွားတတ်တယ်
အရင်က တွေ့နေကျ ရက်တွေ မတွေ့ဖြစ်တာမျိုး၊ ဖုန်းဆက်နေကျအချိန်တွေ မဆက်တာမျိုးတင် မဟုတ်ဘဲ လုံးဝကို လူချင်း မတွေ့ဖြစ်၊ ဖုန်းအဆက်အသွယ် ပြတ်တောက် သွားတာမျိုး ခဏခဏ ဖြစ်လာမယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကို မချစ်တော့တာ သိနိုင်နေပါပြီ။ Forbes မဂ္ဂဇင်းရဲ့ ဆောင်းပါး တပုဒ်မှာ တကယ်တမ်း သင့်ကို ချစ်သူတယောက်က တရက်မှာ အနည်းဆုံး စာတိုတခု၊ ဖုန်းတခု၊ လူချင်းတွေ့ဆုံမှု တခုခုတော့ မရှိဘဲ မနေကြဘူးလို့ ဆိုထားတာ တွေ့ဖူးပါတယ်။ ဒီလိုမျိုးမရှိဘူး၊ မကြာခဏ အဆက်အသွယ် ပြတ်နေတတ်လာပြီ ဆိုရင်တော့ သင်ဟာ အမည်ခံ ချစ်သူတယောက်ပဲဆိုတာ လက်ခံသိထားလိုက်ပါတော့။
(၇) အနာဂါတ်အကြောင်း သိပ်မပြောတော့ဘူး
ဘယ်တော့ မင်္ဂလာဆောင်မယ်၊ ဘယ်လို အတူတူ ကြိုးစားကြမယ်ဆိုတာတွေက ချစ်သူဘဝကနေ တသက်လုံး အတူရှိကြမယ်ဆိုတဲ့ အချစ်စစ်သမားတွေရဲ့ထုံးစံပါ။ တကယ်လို့ အဆိုပါ အနာဂါတ် အကြောင်းအရာတွေကို ပြောဆိုမှုမရှိဘူး၊ အရင်က ပြောခဲ့ဖူးရင်တောင် အခု ပြောမလာတော့ဘူးဆိုရင် သူ့ဘက်က သင့်ကို အတည် မစဉ်းစားနေဘူးဆိုတာ သိထားသင့်ပါတယ်။ လူတိုင်းမှာ အနည်းနဲ့အများ ရှေ့ရေး စဉ်းစားမှုရှိပေမယ့် သင်နဲ့ ဘာမှပြောမလာရင်တော့ သူ့အနာဂါတ်မှာ သင်မရှိတာ သေချာနေပါပြီ။
(၈) သူ့ရဲ့ အနာဂါတ်မှာ သင် မပါဘူး
အထက်မှာ ပြောခဲ့သလို သူ့ဘက်က ရှေ့ရေးအတွက် ဘာမှပြောမလာဘူး၊ ဒါနဲ့ သင်က ရှေ့ကို ဘယ်လို ခရီးဆက်မယ်ဆိုတာ မေးဖြစ်တယ်ပေါ့။ ဒါဆို အနည်းနဲ့အများတော့ သူ စဉ်းစားထားတာတွေ ထွက်လာပါလိမ့်မယ်။ သူ့ရဲ့ ပြောစကားတွေထဲမှာ သင့်အတွက် နေရာမပါဘူးဆိုရင် သူဟာ သင့်ကို ရေရှည်တွဲမယ့် ချစ်သူမဟုတ်တော့ပါဘူး။ နောက်ဆုံး ဘယ်တော့ လက်ထပ်မလဲ ဆိုတာမျိုးကအစ သင် မေးရတဲ့အထိ ဖြစ်လာနိုင်သလို သူ့မှာ အဆိုပါ မေးခွန်းအတွက် အဖြေရှိမနေဘူး၊ ကြိုးစားကြတာပေါ့ ဆိုတဲ့ အလွယ်တမ်း အဖြေမျိုးပဲ ပြန်ရတာမျိုး ဖြစ်နိုင်ပါတယ်။ သင့်အတွက်တော့ သူဟာ သင့်ဘဝထဲက မကြာခင် ထွက်သွားမယ့် သူတယောက် ဖြစ်ဖို့ များနေပါပြီ။
(၉) သင့်ကို အလေးထားမှု နည်းလာမယ်
Psychology Todayရဲ့ ဖော်ပြချက်တခုမှာ အလေးထားမှုဆိုတာ သင့်ကို ချစ်တာထက် ပိုပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။ ချစ်ခြင်းမေတ္တာနဲ့အတူ အလေးထားမှုတွေ ပါရှိလာပါတယ်။ သင့်ကို သူချစ်ရင် သင့်ကို သူ အလေးထားပါလိမ့်မယ်။ ဒီတော့ သင့်ကို အလေးမထားတော့ဘူးဆိုရင် သင့်ကို သူ မချစ်တော့လို့ ဆိုတာနဲ့ အတူတူပါပဲ။ သူ့အနေနဲ့ သင့်ကိုချစ်ရင် သင့်အတွက် သူ စဉ်းစားပါလိမ့်မယ်။ သင့်ကို ပျော်အောင် ထားပါလိမ့်မယ်။ သူ့ဘဝရဲ့ အရာရာတိုင်းက သင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ အလေးထားမှုတွေ ပျက်ကွက်လာရင်တော့ သူ သင့်ကို မချစ်တော့ပါဘူး။
www.businessinsider.com တွင် ဖော်ပြထားတဲ့ 9 signs your partner is falling out of love with you ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။