အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ Ooredoo ပူးပေါင်း လက်မှတ်ရေးထိုး
အမေရိကန်နိုင်ငံအခြေစိုက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar တို့ ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာတရပ် MoU (Memorandum of Understanding) လက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ဘိုကလေးဈေးလမ်း၊ Pansuriya စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ “နားလည်မှုစာချွန်လွှာ” MoU လက်မှတ်ရေးထိုးခြင်းဟာ ရန်ကုန်မြို့တွင်း အများပြည်သူများ လွယ်ကူစွာ ခရီးသွားလာနိုင်မှုနဲ့ ဆက်သွယ်နိုင်မှုတို့အတွက် Uber နဲ့ Ooredoo တို့ မဟာဗျူဟာ ကျကျ ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပထမဆုံးခြေလှမ်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“Uber အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို စဝင်ရောက်ကတည်းက ရန်ကုန်အစိုးရအဖွဲနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုလိုဈေးကွက် ကျယ်ပြန့်လာတဲ့အချိန်မှာလည်း Ooredoo နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့အတွင်း ခရီးသွားလာမှုပုံစံနဲ့ အချင်းချင်း ဆက်သွယ်တဲ့ပုံစံတွေကို အတူလက်တွဲ ပြောင်းလဲ သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ Uber ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာ Ms. Charity Safford က ပြောပါတယ်။
ဆက်လက်ပြီး Ms.Charity Safford က “Uber နဲ့ Ooredoo အခုလို ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံ ဒီဂျစ်တယ် အသွင်ပြောင်းလဲခြင်းအတွက် အရေးပါတဲ့ ခြေလှမ်းတခုပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Ooredoo Myanmar အနေနဲ့ Uber နဲ့ ပူးပေါင်းပြီး Uber Application အသုံးပြုသူ ယာဉ်မောင်းများကို နေ့စဉ်အသုံးပြုနေတဲ့ အင်တာနက် ဒေတာကုန်ကျစရိတ်များ လျှော့ချနိုင်ပေးနိုင်ရန် Ooredoo မှ အထူးစီစဉ်ထားတဲ့ Package အစီအစဉ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။
အဆိုပါ Package မှာ အပိုဆုများအဖြစ် Uber ယာဉ်မောင်းများအနေနဲ့ Uber Application ကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဒေတာအသုံးပြုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုများကို အထူး ဈေးနှုန်းများနဲ့ ရယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
“ဒီလို Package အစီအစဉ်က ကျမတို့အတွက် တကယ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒေတာသုံးစွဲမှု ကုန်ကျစရိတ်က အထူးသဖြင့် ဝင်ငွေပေါ်မှီတည်နေရတဲ့ Uber အငှားယာဉ်မောင်းတွေ အတွက် ဘယ်လောက် ထိခိုက်မှုရှိလဲဆိုတာ ကျမတို့ သိထားလို့ပဲ ဖြစ်ပါတယ်” လို့ Uber ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ဒေါ်အိဖြူလွင်က ပြောပါတယ်။
Uber နဲ့ Ooredoo Myanmar တို့ ဆက်သွယ်ရေးနည်းပညာလုပ်ငန်းနှစ်ခု ပူးပေါင်းလိုက်ပြီး ၎င်းတို့ရဲ့ ဝန်ဆောင်မှုများမှတဆင့် ဆက်သွယ်ရေးနဲ့နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းများအနေနဲ့ လက်ရှိမှာ အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ Uber ၊ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီ Grab နဲ့ ပြည်တွင်း အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများဖြစ်တဲ့ Oway နဲ့ Hello Cabs စတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ပြေးဆွဲလျက် ရှိပါတယ်။
စင်ကာပူနိုင်ငံအခြေစိုက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab အနေနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု Wave Money နဲ့အတူ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ခြင်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းက ပြုလုပ်ခဲ့ပါတယ်။
ဆက်စပ်သတင်းလင့်ခ် – “Uber” Application အငှားယာဉ်ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်