လူအများစုက ကိုယ်ကာယ လေ့ကျင့်ခန်းကို လ အနည်းငယ်အတွင်းသာ စိတ်ပါလက်ပါ လုပ်တတ် ကြပါတယ်။ တချို့ဆို ၂ ပတ်လောက်အထိ ကောင်းကောင်းလုပ်ပြီးမှ နောက်ပိုင်း အရှိန်လျော့သွား တတ်တာမျိုး၊ လုပ်ရမှာ ပျင်းတာကြောင့် လုံးဝ ရပ်လိုက်တာမျိုးတွေ ရှိပါတယ်။
ပုံမှန် ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်တာကို ရပ်တန့်စေမယ့် အကြောင်းအရာတွေကို စာဖတ်သူတွေ သိရှိနိုင်အောင် ဧရာဝတီမှ ရေးသား ဖော်ပြပေးလိုက်ပါတယ်။
(၁) သွေးပူအောင်မလုပ်ခြင်း
သင့်ခန္ဓာကိုယ်က သွေးပူ မနေဘူးဆိုရင် လှုပ်ရှားချင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အထိုင်များတဲ့ သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ သွေးပူအောင် လမ်းလျှောက်ခြင်း၊ ရွရွလေးပြေးခြင်းတို့ကို လေ့ကျင့်ခန်း မပြုလုပ်မီ ပုံမှန် ပြုလုပ်သင့်ပါတယ်။
(၂) အနားမယူခြင်း
သင့်ခန္ဓာကိုယ်က အားပြန်ပြည့်ဖို့ လိုပါတယ်။ တရက်မှ အနားမယူဘဲ လေ့ကျင့်ခန်းလုပ်တာဟာ မှန်ကန်တဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။
(၃) အိပ်ရေးမဝခြင်း
ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ အဆီတွေ လောင်ကျွမ်းစေဖို့ ဆောင်ရွက်ပေးမယ့် ဟော်မုန်း တွေက အိပ်နေတဲ့အချိန်မှာ လှုပ်ရှားပြီး နိုးနေတဲ့ အချိန်မှာလောက် တက်ကြွမှု သိပ်မရှိလှပါဘူး။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်း လုပ်နေသူဟာ အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။
(၄) ရေဓာတ် အလုံအလောက် မရခြင်း
လေ့ကျင့်ခန်း မလုပ်မီနဲ့ လုပ်ပြီးအချိန်မှာ ရေဓာတ် အပြည့်အဝ မရဘူးဆိုရင် သင်ဟာ နွမ်းနယ်နေပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ကုန် သွားပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်း မလုပ်မီနဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေများ သောက်သုံးသင့်ပါတယ်။
(၅) အစာကို ပြည့်ဝစွာ မစားခြင်း
အစာအာဟာရက ခွန်အားတွေ ပြည့်ဝနေဖို့နဲ့ ကြွက်သားတွေ တည်ဆောက်ဖို့အတွက် အရေးပါ ပါတယ်။ အာဟာရ ပြည့်ဝအောင် မစားဘူးဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ အားလျော့နေပါလိမ့်မယ်။
(၆) လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း
လေ့လာချက်တွေအရ တပတ်မှာ ပြေးတာ မိနစ် ၁၅၀ ထက် မပိုသင့်ပါဘူး။ သိပ္ပံပညာရှင်တွေက တစ်နာရီမှာ ၈ ကီလိုမီတာပဲ ပြေးသင့်တယ်လို့ အကြံပြုထားပါတယ်။
(၇) လူမှုကွန်ရက်များတွင် အချိန်ဖြုန်းခြင်း
၁၀ မိနစ်လောက်ဆိုပြီး Facebook ဝင်ကြည့်ရာကနေ ၁ နာရီလောက် အချိန်ဖြုန်းမိ တတ်ကြတယ် မလား။ လေ့ကျင့်ခန်း မလုပ်ခင်လေး ဝင်ကြည့်မိရာက သွေးအေးသွားတဲ့အခါ ဆက်မလုပ်ချင်ဘဲ နားမိတတ်ပါတယ်။ ခန္ဓာကိုယ်က သွေးအေးသွားတဲ့အချိန်မှ လေ့ကျင့်ခန်း ပြန်လုပ်မယ်ဆိုရင် ကြွက်သားတွေ နာကျင်နိုင်ပါတယ်။
(၈) လေ့ကျင့်ခန်း တမျိုးတည်း လုပ်ခြင်း
တချို့တွေက လေ့ကျင့်ခန်းတမျိုးတည်း တောက်လျှောက် လုပ်တတ်ပါတယ်။ လေ့ကျင့်ခန်း တခုတည်းကို ကြာရှည်စွာ လုပ်တာက ငြီးငွေ့လာပြီး တခြား လေ့ကျင့်ခန်းတွေလုပ်ဖို့ အားလျော့စေပါတယ်။ ဒါကြောင့် လေကျင့်ခန်းတခုကို ငြီးငွေ့လာပြီဆိုရင် နောက်ထပ် လေ့ကျင့်ခန်း အသစ်တမျိုး ပြောင်းပြီး လုပ်သင့်ပါတယ်။
အထက်ပါ အကြောင်းအရာတွေကို ဖတ်ရှုပြီး သင်ဟာ လေ့ကျင့်ခန်းကို ဘာကြောင့် ကြာရှည်စွာ မလုပ်မိလဲဆိုတာ စဉ်းစားမိမယ် ထင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုပြင်ပြီး ကျန်းမာ လှပတဲ့ ခန္ဓာကိုယ် ရအောင် လေ့ကျင့်ခန်း မှန်မှန်လုပ်ကြဖို့ အကြံပြု ရေးသားလိုက်ပါတယ်။ ။