“မင်းသား” ဆိုတာ အညာဒေသမှာရှိတဲ့ အရိပ်ကောင်းကောင်း အပင်အောက်က ရေချမ်းစင်တွေ ပေါ်မှာ နေရာယူထားတဲ့ သဘာဝ မြေအိုးတွေကို ဆိုလိုချင်တာပါ။
မြေကြီးကို မီးဖုတ်ပြီး အိုးဖြစ်အောင် လုပ်တဲ့လုပ်ငန်းက အခုနောက်ပိုင်း မြို့ပြတွေမှာ မြင်တွေ့နိုင်ဖို့ အတော်ခက်ခဲလာတဲ့ အလုပ်တခုပါ။မြို့ပြတွေမှာတင် မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်း အထိုက်အလျောက် ပေါများလာတဲ့ နယ်အချို့မှာပါ အဲဒီအလုပ်က တဖြည်းဖြည်း နည်းပါးလာပါပြီ။
ပလတ်စတစ် အသုံးအဆောင် ပစ္စည်းတွေ ပေါများလာတဲ့ ဒီခေတ်မှာ အခုလို မြေကြီးကနေ ဖြစ်လာတဲ့ သဘာဝ မြေအိုးတအိုးကို ရန်ကုန်လို မြို့ကြီးမှာ မြင်နိုင်ဖို့လည်း မလွယ်တော့ပါဘူး။
ဒါဆိုရင် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း တခုဖြစ်တဲ့ အိုးဖုတ်လုပ်ငန်းက တိမ်ကောသွားတော့မှာလား၊ ပပျောက်သွားတော့မလား။ ရေချမ်းစင်ပေါ်က ခေတ်ဟောင်းမင်းသားကြီးတွေ ဖြစ်တဲ့ သဘာဝမြေအိုးတွေက မှိုလိုပေါလာတဲ့ ပလတ်စတစ် ရေသန့်ဗူးတွေကို မယှဉ်ပြိုင်နိုင်တော့ဘူးလား။
ဆွေစဉ်မျိုးဆက် ၅ ခု အထိ အခုလို အိုးဖုတ်လုပ်ငန်း လုပ်ကိုင်လာတဲ့ ကိုမိုးဝင်းကတော့ လုပ်ကိုင်တဲ့သူ ရှားလာတဲ့ အတွက် ဒီဘက်နောက်ပိုင်း အရောင်းအဝယ်တောင် ပိုကောင်းလာတယ်လို့ ဆိုပါတယ် ။
ပုံဖော်ပြီးသား ရွှံ့အိုးတွေကို နေပူလှန်းနေရင်း ကိုမိုးဝင်းက “ ၃ လ လုပ်တာ သိန်း ၃၀၊ ၂၅ သိန်း လောက် ကျန်တယ်။ မိသားစုပဲ လုပ်တာ။ လူ လေး ငါးယောက်နဲ့ပေါ့။ အရင်းက ဘာမှမကုန်ဘူး။ မြေငှါးစရိတ် ၊ ကောက်ရိုးစရိတ်နဲ့ ဖွဲ စရိတ်ပဲ ကုန်တယ်” လို့ပြောပါတယ် ။
ကိုမိုးဝင်းတို့ မိသားစုက ရမည်းသင်းမြို့နယ် ၊ နွားကူးကျေးရွာကနေ နေပြည်တော်၊ ပျဉ်းမနား၊ သစ်လေးလုံးကျေးရွာ အနီးမှာ မြေငှါးပြီး အိုးဖုတ်တဲ့လုပ်ငန်းကို လာရောက် လုပ်ကိုင်ကြတာပါ။
ကိုမိုးဝင်းတို့မိသားစု နေပြည်တော်မှာ အခုလို အိုးဖုတ်လုပ်ငန်းလာရောက်လုပ်ကိုင်တာ ၁၀ နှစ် အထက် ရှိပါပြီ။ တပို့တွဲလကနေ တန်ခူးလအထိ ဒီအလုပ်ကို လုပ်ကိုင်ကြပြီး လုပ်ငန်းပြီးတဲ့အချိန်မှ နေရပ်ပြန်ကြတာ ဖြစ်ပါတယ် ။
ရမည်းသင်းမြို့နယ်၊ နွားကူးကျေးရွာလို့ ဆိုလိုက်ရင် တရွာလုံးက ရွှံအသုံးပြုပြီး အိုးဖုတ်တဲ့ လုပ်ငန်း လုပ်ကိုင်ကြမှန်း အနီးတဝိုက်က နယ်တွေအားလုံး မသိတဲ့သူ မရှိကြပါဘူး။ ယနေ့တိုင်လည်း လုပ်ကိုင်နေကြဆဲ ဖြစ်တာကြောင့် အိုးဖုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှားပါးလာပါတယ် ။
ဒါကြောင့် နွားကူးကျေးရွာ ဒေသခံတွေက ကုန်ကြမ်းပစ္စည်း ပေါများတဲ့ ရမည်းသင်းကနေ တောင်ငူ ကြားက ကျေးရွာဒေသတွေကို ခေတ္တပြောင်းရွှေ့ လုပ်ကိုင်လျက် ရှိကြပါတယ် ။
ရွှံ့နဲ့ပြုလုပ်ထားတဲ့ အိုးတလုံး ဖြစ်လာဖို့အတွက် ပထမဆုံးမြေကြီးကို အမှိုက်သရိုက် မပါအောင် သန့်စင်ပြီး ညက်သွားအောင် အရင်ထုရပါတယ်။ ပြီးတဲ့အခါ ရေလောင်းပြီး ပိုညက်သွားအောင် ခြေထောက်နဲ့ ထပ်နင်းပါတယ်။ နင်းပြီးတဲ့အခါ သဲနဲ့ တခါစပ်နယ် ပြီးတော့မှ ရွှံ့တုံးကြီး အဖြစ် အပုံလိုက် ထားထားရပါတယ် ။
အဲဒီ ရွှံ့ပုံကြီးကို ပုံဖော်ဖို့ လိုသလောက် ဖြတ်တောက်ယူပြီး သစ်သားဆုံလည်အပေါ် တင်ရပါတယ်။ ရွှံ့တုံးကို သစ်သားဆုံလည်အပေါ်တင်ပြီး တဖြည်းဖြည်းချင်း အပေါ်ကို မြင့်တက်လာအောင် အတွင်းမှာ ဇောက်နက်နက်ကြီး ဖြစ်လာအောင် ပုံဖော်ရပါတယ်။
တဦးက ပုံသွင်း၊ တဦးက သစ်သားဆုံလည်ကို ထေ့ငေါ့သွားခြင်းမရှိဘဲ လည်နေအောင် လှည့်ပေး ရပါတယ်။ ဒီအဆင့်က အလေ့အကျင့် မရှိတဲ့သူအတွက် ဘယ်လိုမှ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး ။
ကိုမိုးဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ တယောက်နဲ့တယောက် အပေးအယူညီညီနဲ့ လှည့်သူက လှည့်ပြီး ပုံဖော်တဲ့သူက ပုံဖော်နေပါတယ်။
သစ်သားတုတ်တံလေးနဲ့ သောက်ရေအိုး နှုတ်ခမ်းမှာ အတွန့်ဖြစ်အောင် ပုံဖော်နေတဲ့ ကိုမိုးဝင်းဇနီး မမြမြက “ဒီပုံသွင်းတဲ့ အလုပ်ကလည်း မလွယ်ဘူး။ ကျမတို့က မွေးကတည်းက မြင်လာလို့သာ တတ်နေတာ။ ဆုံလည်ကို လှည့်တာလည်း မလှည့်တတ်ရင် ခြေသလုံးတွေ ရိုက်မိကုန်ရော” လို့ ဆိုပါတယ်။
“အိုးကောင်းတလုံးရဖို့ နာနာရိုက်ဖို့လိုတယ်” ဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်းပဲ ပုံသွင်းပြီးရင် အိုးကို အချိန် ၁၀ မိနစ်ခန့် သစ်သားတုတ်နဲ့ နာနာ ထုရိုက်ရပါတယ်။ ဒါတွေ ပြီးသွားရင် အိုးပုံစံပေါက်လာပြီ ဖြစ်တဲ့ ရွှံ့တွေကို နှုတ်ခမ်းသား အဖြူရောင် သမ်းလာတဲ့အထိ နေပူ ထုတ်လှန်းရပါတယ်။
နေပူ လှန်းပြီးတဲ့ အိုးတွေကို အသာအယာစီပြီး အပေါ်ကနေ ကောက်ရိုး၊ ဖွဲတို့နဲ့ အုပ်ထားရပါတယ်။ ညအချိန် ရောက်တဲ့အခါမှာ အဲဒီ ကောက်ရိုးဖွဲတွေကို မီးရှို့ပြီး အိုးကို ဖုတ်ရပါတယ်။ ဖွဲ ထည့်ရတာက မီးအရှိန်မပြင်းဘဲ တငွေ့ငွေ့နဲ့ လောင်ကျွမ်းစေဖို့ပါ။ အချိန် တညယူ၊ မီးဖုတ်ပြီးရင် အိုးဖုတ်တဲ့လုပ်ငန်း အဆင့်ဆင့် ပြီးဆုံးပါပြီ ။
ပြုလုပ်ပြီးသား အိုးတွေကို နောက်တနေ့ မနက်မှာ ဈေးကွက်ထဲ တင်ရောင်းနိုင်ပြီ ဖြစ်ပြီး ကိုမိုးဝင်းတို့ မိသားစုကတော့ သောက်ရေအိုးတလုံးကို လက်ကားဈေး မြန်မာငွေ ၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။
ကိုမိုးဝင်းတို့မိသားစုက တရက်ကို အိုး အလုံးရေ ၅၀ ကနေ ၁၀၀ ကြားအထိ ပြုလုပ်နိုင်ပြီး ၃ လတာ ကာလအတွင်း ၂၅ သိန်းကနေ သိန်း ၃၀ အထိ ဝင်ငွေ ရရှိနေတာဖြစ်ပါတယ်။ ကျေးလက်နေ ပြည်သူ တဦးအနေနဲ့ အခုလောက်ဝင်ငွေ ရနေဖို့ဆိုတာ မလွယ်ကူလှဘူးလို့လည်း ကိုမိုးဝင်းကပြောပါတယ်။
မိရိုးဖလာလုပ်ငန်လည်းဖြစ်၊ အရင်းအနှီးနည်းပြီး မိသားစု ချောင်ချောင်လည်လည် ရပ်တည်နိုင်တဲ့ ဒီလုပ်ငန်းကို ကိုမိုးဝင်းက လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်သေးပါဘူး။ ဒါဆိုရင်တော့ လုပ်ကိုင်သူ ရှားပါးလာသည်ဖြစ်စေ၊ ခေတ်မှီ အသုံးအဆောင်ပစ္စည်းတွေ မည်မျှပင် ပေါများလာသည်ဖြစ်စေ၊ မြန်မာ့ရိုးရာ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ အိုးဖုတ်လုပ်ငန်းက တိမ်ကော ပျောက်ကွယ်သွားဖို့အကြောင်း မရှိပါဘူး။
စာရေးသူတို့ မြန်မာလူမျိုးအများစု အတွက်က ရေချမ်းစင်တခု မြင်ရခဲ့ရင်တောင် ပလတ်စတစ် ရေဗူး ထားထားတာထက် သဘာဝအတိုင်း အေးမြအောင် အရိပ်ကောင်းကောင်းမှာ မန်ကျည်းရွက်နဲ့ အုပ်ထားတဲ့ မြေအိုးလေးကို တွေ့လိုက်တာဟာ ရင်ထဲကိုတကယ် အေးချမ်းသွားစေတာ အမှန်ပါပဲ။ ။