ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်များစာရင်းထဲမှာတော့ အာရှမြို့တော်များက လွှမ်းမိုးထားပါတယ်။ ၂၀၁၆ ခုနှစ်က ဒီ စာရင်းထဲကို မိုးမျှော်တိုက်နှစ်တိုက် ထပ်မံဝင်ရောက်ခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း မိုးမျှော်တိုက်တတိုက် ဝင်လာခဲ့ပါတယ်။
ဟောင်ကောင်ရှိ မိုးမျှော်တိုက်မှာ အံ့သြဘနန်းဖြစ်သော်လည်း မြို့တော်ရဲ့အထပ်မြင့်တိုက်များအတွက် ကန့်သတ်ချက် များကြောင့် ဟောင်ကောင်တွင် မိုးမျှော်တိုက်တလုံးတည်းသာ ဒီစာရင်းမှာ ပါဝင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။
မြို့ပြအထပ်မြင့်အဆောက်အဦများကောင်စီက ကောက်ခံရရှိတဲ့အချက်အလက်တွေအရ ကမ္ဘာတလွှား အမြင့်ဆုံးတိုက်များစာရင်းကို ဖော်ပြလိုက်ပါတယ်။ ယင်းကောင်စီက အထပ်မြင့်ပေ ဘယ်လောက်ဆိုတာကိုသာ ဦးစားပေးထားပြီး ဗိသုကာအချက်အလက်တွေကိုတော့ ထည့်သွင်း စဉ်းစားခြင်းမရှိပါဘူး။
ယခုအမြင့်ဆုံးတိုင်းတာမှုစံနှုန်းကတော့ လေထုအသွားအလာအပေါ် ဆုံးဖြတ်ထားတဲ့အပေါ်မှာ အထောက်အကူ ပြုပါတယ်။
၁၀။ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးစင်တာ (ဟောင်ကောင်၊ အမြင့်ပေ ၁၅၈၈)
ဟောင်ကောင်မှာရှိတဲ့ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးစင်တာဟာ အထပ်ပေါင်း ၁၀၈ ထပ်ရှိပြီးတော့ ၂၀၁၀ ပြည့်နှစ်က ဆောက်လုပ်ပြီးစီးခဲ့တာပါ။ ယခုတော့ အဲဒီတိုက်ရဲ့အနေအထားက စာရင်းထဲမှာ နံပါတ် ၁၀ နေရာကို လျှောကျသွားပေမယ့် ထိုစဉ်ကတော့ ကမ္ဘာပေါ်မှာ စတုတ္ထအမြင့်ဆုံးမိုးမျှော်တိုက်ဖြစ်ခဲ့ပါတယ်။
၉။ ရှန်ဟိုင်းကမ္ဘာ့ဘဏ္ဍာရေးစင်တာ(တရုတ်၊ ၁၆၁၄ ပေ)
ရှန်ဟိုင်း ကမ္ဘာ့ဘဏ္ဍာရေးစင်တာဟာ ၂၀၀၈ ခုနှစ်မှာ ပြီးစီးခဲ့ပြီး အမြင့်ပေ ၁၆၁၄ ဖြစ်ကာ အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ရှန်ဟိုင်းမြို့ ပူဒေါင်ခရိုင်မှာတည်ရှိပြီး နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ကုန်သွယ်ရေးစင်တာအဖြစ် အသုံးပြုနေပါတယ်။ ဟိုတယ်အခန်းများ၊ ရုံးခန်းများ၊ ခန်းမများ၊ သုတေသနလုပ်ငန်းများနဲ့ ရှော့ပင်းမောလ်တွေ ပါဝင်ပါတယ်။ အဲဒီမိုးမျှော်တိုက်ကို တြာပီဇွိုက်(အနားမပြိုင်စတုဂံ) ပုံစံနဲ့ အမြင့်ကို ထိုးတက်သွားတဲ့ အမိုးချွန်ဒီဇိုင်းပါ။ လေထုထည်ချိန်ညှိစနစ်(Variable Air Volume) လို့ခေါ်တဲ့ လေဖိအားထိန်းချုပ်တဲ့စနစ်ပါ တပ်ဆင်ထားပါတယ်။ အဆောက်အဦးအမြင့်မှာ တက်နေတဲ့လူတွေအဖို့ မြေပြင်နှင့်မခြား လေတိုက်ခြင်း၊ ပစ္စည်းပစ္စယများလေးလံခြင်း တို့ ရှိစေအောင် ထောင့်ဖြတ်ဖရိန် ဗိသုကာဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာပါ။ အဲဒီ မိုးမျှော်တိုက်ဒီဇိုင်းဟာ အပြုသဘော ဆောင်တဲ့ဝေဖန်မှုတွေလည်း ရရှိထားပါတယ်။
၈။ တိုင်ပေ ၁၀၁ (ထိုင်ဝမ်၊ ၁၆၆၇ ပေ)
အမြင့်ပေပေါင်း ၁၆၆၇ ပေရှိပြီး ၁၀၁ ထပ် ပါဝင်တည်ဆောက်ထားတဲ့ တိုင်ပေ ၁၀၁ မိုးမျှော်တိုက်ဟာ တိုင်ပေမြို့တော်မှာ တည်ရှိပါတယ်။ ၂၀၀၄ ခုနှစ်က ဆောက်လုပ်ပြီးစီးတဲ့အချိန်မှာ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်အဖြစ် နာမည်ကြီး သွားခဲ့ပါတယ်။ အဆောက်အဦကို စိမ်းပြာရောင်မှန်ချပ်တွေနဲ့ ဖိတ်ဖိတ်တောက်နေအောင် တန်ဆာဆင်ထားပါတယ်။ ဒီဇိုင်းဆွဲ၊ ပုံထုတ်တည်ဆောက်ခဲ့တာကတော့ C. Y. Lee & Partners နဲ့ KTRT ဆိုတဲ့ ပူးပေါင်း ဆောက်လုပ်ရေး အဖွဲ့ဖြစ်ပါတယ်။ မြေငလျင်ဒဏ်နဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ်တွေခံနိုင်အောင် စီမံထားတယ်လို့ ဆိုပါတယ်။ ဒီ အဆောက်အအုံတည်ဆောက်ပုံကို Leadership in Energy and Environmental Design (LEED) အဖွဲ့ကနေ အသိအမှတ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ တိုင်ပေ ၁၀၁ ဟာ ပို့စ်မော်ဒန်ဗိသုကာပညာရဲ့နမူနာဆိုရင်လည်း မမှားပါဘူး။
၇။ CTF ဘဏ္ဍာရေးစင်တာ (တရုတ်၊ ၁၇၃၉ ပေ)
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂေါင်ဇုပြည်နယ်မှာတည်ရှိတဲ့ CTF ဘဏ္ဍာရေးစင်တာဟာ ကမ္ဘာ့အမြင့်ဆုံးစာရင်းမှာ ဝင်လာတာ သိပ်မကြာသေးပါဘူး။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ပြီးစီးခဲ့တဲ့မိုးမျှော်တိုက်ပါ။
တနာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ အတက်အဆင်းပြုလုပ်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကားတပ်ဆင်ထားတဲ့အတွက် စံချိန်တင်ပါတယ်။ စုစုပေါင်း ၁၁၁ ထပ်ရှိပါတယ်။ ကားရပ်ဖို့နေရာပေါင်း ၁၇၀၅ ခု ပါဝင်တဲ့ ရှော့ပင်းမောလ်တခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ ရုံးခန်းများအပြင် အထပ် ၇၀ ကျော်မှာ အခန်းပေါင်း ၂၅၁ ခန်းရှိတဲ့ ဟိုတယ်တလုံးရှိပေမယ့် မဖွင့်ရသေးပါဘူး။
၆။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(အမေရိကန်၊ ၁၇၇၆ ပေ)
ပေပေါင်း ၁၇၇၆ ရှိပြီး ၁၀၄ ထပ်ရှိတဲ့ One World ကုန်သွယ်မှုဗဟိုဌာနဟာ နယူးယောက်မြို့တော်မှာ အမြင့်ဆုံးဖြစ်ရုံသာ မက အနောက်တိုင်းမှာလည်း အမြင့်ဆုံးမိုးမျှော်တိုက်ပါ။
၂၀၁၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးပါတယ်။ အိုစမာဘင်လာဒင်ရဲ့ ၉/၁၁ တိုက်ခိုက်ခံရမှုအထိမ်းအမှတ်အဖြစ် မူလ ဝေါလ်ထရိတ်စင်တာရဲ့မြောက်ဘက်မှာ တည်ရှိတဲ့အတွက် မြောက်ဘက်တာဝါလို့ နာမည်ပေးထားပါတယ်။ ဒီ အဆောက်အဦဟာ သဘာဝမိုးရေခံတဲ့စနစ်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုထားပါတယ်။ အဆိုပါ ကုန်သွယ်မှုဗဟိုဌာနရဲ့အနာဂတ်အစီအစဉ်အဖြစ် စက်တင်ဘာ ၁၁ အထိမ်းအမှတ်အောက်မေ့ဖွယ်ရာပြတိုက်နဲ့ ရုံးခန်းများ ပေါ်လာထွက်ဖို့ လျာထားခဲ့ပါတယ်။
၅။ လော်တီ (LOTTE) ကမ္ဘာ့မျှော်စင်(တောင်ကိုရီးယား၊ ၁၈၁၉ ပေ)
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ လော်တီကမ္ဘာ့မျှော်စင်ဟာ ဒီစာရင်းထဲအသစ်ဝင်လာတဲ့မိုးမျှော်တိုက်ပါ။ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ကမ္ဘာပေါ်မှာ နံပါတ် ၅ နေရာရှိတဲ့မိုးမျှော်တိုက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လမှာ စတင်တည်ဆောက်ခဲ့ပြီး ၁၃ နှစ်တိုင်တိုင်ကြာမြင့်ပါတယ်။ ၁၂၃ ထပ်ရှိပြီး မြေအောက်ထဲမှာ ၆ ထပ်ရှိပါသေးတယ်။ ငလျင်ဒဏ် ရစ်ချ်တာစကေး ၉ အထိ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲတည်ဆောက်ထားတယ်လို့ သိရပါတယ်။
၄။ ပန်အန်းနိုင်ငံတကာဘဏ္ဍာရေးစင်တာ(တရုတ်၊ ၁၉၆၅ ပေ)
ပန်အန်းနိုင်ငံတကာဘဏ္ဍာရေးစင်တာဟာ ရှန်ကျန်းပြည်နယ်မှာ တည်ရှိပြီး ၁၉၆၅ ပေ မြင့်ပါတယ်။ မကြာသေးမီကမှ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်များစာရင်းထဲ ရောက်လာတာပါ။ ၂၀၁၅ ခုနှစ်ကတည်းက အမြင့်ဆုံးအဆောက်အဦစာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် ၂၀၁၇ မကုန်မီ ဆောက်လုပ်မှုအားလုံးပြီးစီးဖို့ လျာထားခဲ့တာပါ။ အဲဒီအဆောက်အဦဟာ ပန်အန်း အာမခံလုပ်ငန်းကို အစွဲဲပြုပြီး အမည်ပေးထားတာပါ။ အထပ်ပေါင်း ၁၁၅ ထပ်ကို အတက်အဆင်းကို ချက်ချင်း လုပ်နိုင်အောင် နှစ်ထပ်ဓာတ်လှေကား ၃၃ စင်းထည့်သွင်းထားပါတယ်။ ဒီအဆောက်အဦးမှာ လေကြောင်းခရီးစဉ်အတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပေမယ့်လည်း ရုပ်သံလွှင့်လုပ်ငန်းတွေအတွက် အင်တင်နာတာဝါအဖြစ် သုံးဖို့ အဆောက်အဦးဒီဇိုင်းမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
၃။ မက္ကက် တော်ဝင်နာရီစင်(ဆော်ဒီအာရေဗျ ၊ ၁၉၇၂ ပေ)
အာဘရစ်အယ်ဘိုင်တစ်လို့ ရည်ညွှန်းကြတဲ့ မက္ကက်တော်ဝင်နာရီစင်ဟာ ၁၉၇၂ ပေမြင့်တဲ့အတွက် ကမ္ဘာ့တတိယ အမြင့်ဆုံးအဆောက်အဦပဲဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာရှိပြီး ဆော်ဒီအစိုးရပိုင်ပါ။ အထပ်ပေါင်း ၁၂၀ ရှိတဲ့ ဟိုတယ်တလုံးအဖြစ် ဆော်ဒီဘင်လာဒင်လုပ်ငန်းစုက တည်ဆောက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစုဟာ ဆော်ဒီ ဆောက်လုပ်ရေးလောကမှာ အကြီးဆုံးပါ။
၂၀၁၂ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဂျာမန်ဗိသုကာလုပ်ငန်း SL Rasch GmbH နဲ့ မာမက်ဗိသုကာလုပ်ငန်းတို့ ပူးပေါင်းပြီး ဒီနာရီစင်ကို ဒီဇိုင်းထုတ်ခဲ့ကြပါတယ်။ နာရီမျက်နှာပြင်ကို ၁၄၁ စတုရန်းပေယူထားတဲ့အတွက် ကမ္ဘာ့အကြီးဆုံးနာရီအဖြစ် ဖန်တီးထားပါတယ်။ ဟိုတယ်အခန်းတွေအပြင် ဒီမျှော်စင်ကို အစည်းအဝေးခန်းမ၊ အစ္စလာမ်ပြတိုက်၊ လူတသောင်းဆန့် ဝတ်ပြုဆုတောင်းခန်း၊ ဥပုသ်ရာသီ လစောင့်ကြည့်ခန်း၊ အထပ် ၅ ထပ်ပါ ရှော့ပင်းမောလ် တို့ပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ နာရီရဲ့ထိပ်မှာ အစိမ်းနဲ့အဖြူ မီးပွင့်ပေါင်း ၂၁၀၀၀ တပ်ဆင်ထားပြီး ဆုတောင်းဝတ်ပြုချိန်ကို အချက်ပြပေးနေပါတယ်။ အဲဒီ မီးအလင်းဟာ ၁၉ မိုင်အထိ ရောက်ပါတယ်။
၂။ ရှန်ဟိုင်းမျှော်စင်(တရုတ်၊ ၂၀၇၃ ပေ)
အထပ်ပေါင်း ၂၁၂ ထပ်ရှိပြီး အမြင့်ပေ ၂၀၇၃ ပေရှိတဲ့ ရှန်ဟိုင်းတာဝါဟာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးအဆောက်အဦပါ။ ရှန်ဟိုင်းတာဝါကို ၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လမှ လုပ်ငန်းအပြီးသတ်ခဲ့တဲ့အတွက် ရှစ်နှစ်ကြာခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးလေ့လာရေးမျှော်စင်လည်းဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်ကတော့ ၄ ဒသမ၂ ဘီလီယံပါ။
ရှန်ဟိုင်းဘဏ္ဍာရေးဇုန်မှာ တည်ရှိပြီး ရှန်ဟိုင်းမှာရှိတဲ့အမြင့်ဆုံးမိုးမျှော်တိုက်တွေဖြစ်တဲ့ ဂျင်မော်မျှော်စင်နဲ့ ရှန်ဟိုင်းကမ္ဘာ့ဘဏ္ဍာရေးစင်တာတို့ထက် မြင့်ပါတယ်။ ဒီမျှော်စင်ကို အမေရိကန် ဗိသုကာလုပ်ငန်းတခုဖြစ်တဲ့ ဂန်စလာကနေ ဟိုတယ်တလုံးနဲ့ရုံခန်းအဖြစ် သုံးနိုင်အောင်ဆောက်ပေးခဲ့တာပါ။ ကားပါကင်ပေါင်း တသောင်း တထောင်ပါဝင်ပြီး ဟိုတယ်အခန်း ၃၂၀ ရှိပါတယ်။ ရှန်ဟိုင်းတမြို့လုံးရဲ့ကောင်းကင်မြင်ကွင်းကို တနေရာတည်းကနေ အကုန်ကြည့်နိုင်အောင် ဆွဲဆောင်စရာဖန်တီးပေးထားပါတယ်။
၁။ ဘာ့ဂျ်ခလီဖာ(အာရပ်စော်ဘွားများပြည်ထောင်စု ၊ ၂၇၁၇ ပေ)
မူလက ဘာ့ဂျ်ဒူဘိုင်းလို့ခေါ်တဲ့ ဘာ့ဂျ်ခလီဖာဟာ ဒူဘိုင်းတမြို့လုံးကို ကြည့်ရှုခံစားနိုင်တဲ့ ကောင်းကင်မြင်ကွင်းတခု ဖန်တီးပေးထားပါတယ်။ အထပ်ပေါင်း ၁၆၃ ထပ်နဲ့ ၂၇၁၇ ပေမြင့်ပါတယ်။ ဒါဟာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦပါပဲ။ စတီးနဲ့ကွန်ကရစ် အသုံးပြုတည်ဆောက်ထားပါတယ်။ ဆောက်လုပ်ပေးတဲ့လုပ်ငန်းစုတွေကတော့ မိုးမျှော်တိုက် ဆောက် ခြင်းအတွေ့အကြုံရှိကြတဲ့ One World ကမ္ဘာ့ကုန်သွယ်မှုစင်တာ၊ ဝီလစ်မျှော်စင်စတာတွေ ဆောက်ခဲ့တဲ့ ဗိသုကာအကျော်အမော် Owings, Skidmore နဲ့ Merrill of Chicago တို့ဖြစ်ကြပါတယ်။
တောင်ကိုရီးယားမှ ဆမ်ဆောင်း C&T က အင်ဂျင်နီယာပိုင်းနဲဆောက်လုပ်မယ့်ပုံစံတွေ ထုတ်ပေးခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ်မှာ အပြီးသတ်ခဲ့ပါတယ်။ ဒီအဆောက်အဦ ဆောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ယူအေအီးအစိုးရက တိုင်းပြည်ဝင်ငွေကို ရေနံအပေါ်တည်မှီနေရာမှ ခရီးသွားလုပ်ငန်းဘက် အာရုံပြောင်းတဲ့အနေအထားကြောင့်ပါ။ အိမ်ခန်းပေါင်း သုံးသောင်း၊ လူနေမျှော်စင် ၁၉ ခု၊ ၃၀ ဧကကျယ်တဲ့ လူလုပ် ရေကူးကန်၊ ခုနှစ်ဧကကျယ်တဲ့ ပန်းခြံ၊ ဟိုတယ် ၉ လုံး၊ ရှော့ပင်းမောလ်တခုတို့ ပါဝင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုအောင် ယူအေအီးအစိုးရက အထူး တည်ဆောက်ထားတာပါ။ ချောမွေ့ပြောင်လက်တဲ့ အဆောက်အဦဒီဇိုင်းကြောင့် ဝေဖန်သူတွေရဲ့ချီးမွမ်းခြင်းကိုတောင် ရရှိခဲ့ပါတယ်။
www.worldatlas.com တွင်ဖော်ပြထားတဲ့ 10 Tallest Buildings in the World ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။