အောင်မလေး … ၁.၂၅ ဒေါ်လာဆိုတော့ မြန်မာငွေနဲ့ဆိုရင် ကျပ် ၁၅၀၀ သာသာပဲ ပေးရမယ်နော်။ ဥရောပရဲ့ အထင်ကရနိုင်ငံကြီး အီတလီမှာ အိမ်တလုံးတောင် ပိုင်ရမှာဗျ။
ဒါနဲ့ အိမ်ရောင်းမယ့် နေရာလေးကို ပြောပြပါဦးမယ်။ မြေထဲပင်လယ်ထဲက ဆာဒင်နီယာကျွန်း(Sardinia)ပေါ်မှာ ရှိတဲ့ အိုလိုလိုင်မြို့ရွာ(Ollolai)မှာ ဖြစ်ပါတယ်။ သူက လက်ရှိမှာ မြို့နေလူဦးရေ သိသိသာသာကိုပဲ လျော့နည်း လာတာကြောင့် အခုလို အိမ်တွေကို ဈေးလျော့ရောင်းနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာစုနှစ်ထက်ဝက်လောက်(နှစ် ၅၀ အတွင်း) မြို့နေ လူဦးရေက ၂၂၅၀ ဦး ရှိခဲ့ရာကနေ ၁၃၀၀ ဦး လောက်တောင် မကျန်တော့ပါဘူးတဲ့။ ဖွံ့ဖြိုးတိုးတက်လာမှုနဲအတူ မြို့နေလူဦးရေ နည်းသွားပြီး တရပ်တကျေးကို ပြောင်းရွှေ့အခြေချသွားကြလို့ပါတဲ့။ ဒီတော့ အခု အိုလိုလိုင်မှာ အိမ်ပေါင်း ရာနဲ့ချီပြီး လူမနေကြပါဘူးတဲ့။ Ghost Town(တစ္ဆေမြို့)လို့ တင်စားခေါ်ရလောက်အောင် ခြောက်ကပ်နေပါသတဲ့။
ဒါကြောင့် ဒေသတွင်း လူနေထိုင်မှု ပြန်များလာဖို့ အိုလိုလိုင် မြို့မိမြို့ဖတွေက လူမနေတဲ့ အိမ်ခြေ ၂၀၀ ကို ရောင်းချဖို့ ပြင်ဆင်လာတာဖြစ်ပြီး အိမ်တလုံးကို ၁.၂၅ ဒေါ်လာနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ CNN သတင်း ဌာနရဲ့ ဖော်ပြချက်အရတော့ လက်ရှိ အချိန်ထိအောင် အိမ် ၃ လုံး ရောင်းထွက်သွားပြီလို့ သိရပြီး ကမ္ဘာတလွှားက အိမ်သစ်ရှာဖွေနေသူ လူ ၁၀၀ ကျော်လောက်ရဲ့ စိတ်ဝင်စားမှုကိုတော့ ရနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အိမ်ဝယ်ဖို့ စဉ်းစားမယ့်သူတွေအတွက် အခက်အခဲ တခုတော့ရှိပါတယ်။ အခု အိုလိုလိုင် အိမ် တလုံးကို ၁.၂၅ ဒေါ်လာတည်းနဲ့ရမှာ မှန်ပေမယ့် တကယ်က အခု ပိုင်ဆိုင်မှုက အဆောက်အဦးဆိုတာထက် မြေကို ပိုင်ဆိုင်ခွင့်ရမှာပါ။ အိမ်တွေကတော့ အရင်လူတွေ နေထားတယ်။ မနေတာကြာတော့ ဟောင်းနွမ်း နေမယ်။ တချို့ပျက်စီးနေမယ်။ အိုလိုလိုင်မှာ အိမ်ဝယ်မယ့်သူတွေအနေနဲ့ ဝယ်ယူမှုနဲ့အတူ သဘောတူစာချုပ်ပါ အချက်တခု ထည့်သွင်းချုပ်ဆိုရမှာပါ။
အဲဒါကတော့ ဝယ်သူအနေနဲ့ အိမ်ကို ၃ နှစ်အတွင်း အပြီးသတ် နေထိုင်ဖို့ အသင့်ဖြစ်အောင် ပြန်လည်ပြင်ဆင် နေထိုင်ရမယ် ဆိုတာပါပဲ။ အိမ်ပြင်ခအတွက် ပျမ်းမျှပြန်တွက်ရင် ဒေါ်လာ ၂၅၀၀၀ လောက် ကုန်ကျနိုင်ပါတယ်။ ဒီတော့ အေးဆေးတိတ်ဆိတ်စွာ နေရမယ့် ကျွန်းမြို့လေးမှာ မြေအတွက် ၁.၂၅ ဒေါ်လာ၊ အိမ်ပြင်စရိတ် ဒေါ်လာ ၂၅၀၀၀ သုံးချင်သူရှိမှ အဆင်ပြေမယ့် သဘောပါ။
အိုလိုလိုင်ရဲ့ မြို့တော်ဝန် Efisio Arbau ကတော့ အခုလို အိမ်တွေ ရောင်းချရတဲ့ အဓိကရည်ရွယ်ချက်က ရိုးရာ ဓလေ့စရိုက်နဲ့ နေထိုင်မှုပုံစံတွေ ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သဘောကတော့ အိမ်တွေမှာ လူတွေနေစေချင်မယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ဓလေ့အတိုင်း နေထိုင်မယ့်သူတွေကို လာနေစေချင်တဲ့ သဘောပါ။
ဒီနယ်လေးမှာ သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးတွေ၊ လက်ရာတွေရှိပါတယ်။ ဒီလို အရာတွေကို ထိန်းသိမ်းဖို့ လူနေထိုင်မှုလည်း လိုအပ်သလို မေ့လျော့နေတဲ့ သမိုင်းဝင်နေရာတွေကို နေထိုင်ရင်း ထိန်းသိမ်းစေလိုတာပါလို့ CNN ကို သူ ပြောထားတာလည်း တွေ့ရပါတယ်။
အခုလို ဈေးချိုချိုနဲ့ အိမ်တွေ ရောင်းချခြင်းက အီတလီနိုင်ငံ သမိုင်းမှာလည်း ပထမဆုံးအဖြစ် မှတ်တမ်းဝင် သွားပါတယ်။ Business Insider ရဲ့ သတင်းမှတ်တမ်းတွေအရဆိုရင်တော့ ၂၀၁၅ ခုနှစ်အတွင်းက ဆိုင်စီလီယန်နယ်(Sicillian) ရှိ မြို့လေး Gangi (ဂန်ဂျီ)မှာ အိမ်တလုံးကို ၁ ယူရိုနဲ့ ရောင်းချဖူးတာ တွေ့ခဲ့ရပါတယ်။ အဆိုပါ ဂန်ဂျီနယ်ကလည်း အခု အိုလိုလိုင်လို ဖြစ်ရပ်မျိုးကြောင့် ဈေးချိုချိုနဲ့ အိမ်တွေ ရောင်းချခဲ့တာဖြစ်ပြီး အဆိုပါ ရောင်းချမှုအတွင်းမှာလည်း အိမ်ကို ဝယ်ပြီး ၁ နှစ်အတွင်း လူနေဖို့နဲ့ ၃ နှစ် အတွင်း အိမ်ပြင်ဖို့ သဘောတူညီချက်တွေ ပါရှိခဲ့တာပါ။
လက်ရှိမှာ အမေရိကန်ရဲ့ မြို့တချို့မှာလည်း အခုလို လူသစ်တွေကို လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်မှုတွေ ရှိနေပါသေးတယ်။ မြို့ငယ်လေးတွေဖြစ်တဲ့ ဂါရီ၊ အင်ဒီယားနားတွေအပြင် လူနေများတဲ့ အင်ဒီယန်နာပိုလစ်၊ အင်ဒီယားနားနယ်၊ ဒက်ထရွိုက်၊ မက်ချီကန်နယ်တွေမှာ အိမ်တွေကို ၁ ဒေါ်လာနဲ့ ရောင်းချနေတာတွေ၊ တချို့ဆိုရင် အခမဲ့ နေခွင့်တွေတောင် ပေးနေတာ တွေ့ရပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ An Italian village is selling homes for $ 1.25 so it doesn’t become a ghost town ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။