ကမ္ဘာမှာ လူဦးရေတိုးပွားလာမှုရဲ့ နောက်ဆက်တွဲ ရလဒ်တခုဖြစ်တဲ့ လူတိ့ုရဲ့ စွန့်ပစ် အမှိုက်ပမာဏ မြင့်မားလာမှုဟာ ဒီနေ့ခေတ် ကမ္ဘာကို အကြီးမားဆုံး စိန်ခေါ်နေမှုတွေထဲကတခုပါ။ အထူးသဖြင့်တော့ ပလက်စတစ် အမှိုက်တွေပါ။ ဆွေးမြေ့ဖို့ နှစ်ပေါင်းများစွာ အချိန်ပေးရသလို မြေဆီလွှာကိုရော အပင်တွေ ပေါက်ရောက်ဖို့ပါ ခက်ခဲစေတဲ့ အမှိုက်တွေပါ။ သုံးပြီဆိုရင်တော့ သေချာပေါက် အမှိုက်ဖြစ်လာမှာမို့ အသုံးလျော့မလား။ Recycle ဆိုတဲ့ ပြန်လည်သန့်စင် အသုံးပြုမလား၊ ဒီ၂ နည်းပဲရှိပါတယ်။ အခုတော့ ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းကနယ်မြို့လေး(ရွာ) Kamikatsu မှာ လျော့ချအသုံးပြုခြင်းလည်းဖြစ်၊ ပြန်လည် သန့်စင်အသုံးပြုခြင်းလည်းဖြစ်၊ တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ အမှိုက်စွန့်ပစ်မှု မရှိသလောက်ထိအောင် လျော့ချနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ အမှိုက်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ပုံကို ရုပ်သံနဲ့ အတူ Fast Company မှာ တင်ပြထားတာလည်း တွေ့ရပါတယ်။ သူတို့က အမှိုက်တွေကို အမျိုးအစား ၃၄ မျိုးထိအောင် ခွဲခြားလိုက်တယ်။ အဓိကအနေနဲ့ အလေးထား ရွေးချယ်မှုမှာတော့ အလူမီနီယမ်သား စည်သွပ်ဗူးခွံတွေ၊ သံဗူးခွံတွေ၊ ကတ်ထူစက္ကူတွေနဲ့ ပြန်လည် သုံးနိုင်မယ့်စက္ကူတွေကို အဆင့်မြင့် အမှိုက်အနေနဲ့ ခွဲခြားထားရှိတာ တွေ့ရပါတယ်။

ဒီအစီအစဉ်ကို ၂၀၀၃ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်လာတာဖြစ်ပြီး Zero-waste Program (အမှိုက်ကင်းစင်မြေ)အဖြစ် သတ်မှတ်ဖော်ဆောင်နေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဒေသခံတွေက အမှိုက်တွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လောက်ထိအောင် ထိခိုက်မှုရှိစေတယ်ဆိုတာ ကောင်းကောင်း နားလည်းသဘောပေါက်လာလို့ အားလုံးက ညီညီညာညာ ပါဝင်လုပ်ကိုင်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ အမှိုက်စုပုံမှုတွေကနေ ဖန်လုံအိမ်ဓါတ်ငွေ့နဲ့ အဆိပ်သင့်မှုတွေ ဖြစ်လာနိုင်တာကို သူတို့ ကောင်းကောင်း သဘောပေါက် သိရှိထားကြသလို အစာပင်ရင်းစနစ်မှာ ထိခိုက်မှု ပိုရှိမှာကို ကာကွယ်ဖို့ အတွက် အခုလိုနေထိုင်ကြတာလည်း ဖြစ်ပါတယ်။

အမှိုက်အမျိုးအစား ခွဲခြားခြင်းလုပ်ငန်းအတွက် အစပိုင်းမှာ အချိန်တော်တော်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကို မိမိအမှိုက်ကို မိမိ အမျိုအစား မှန်ကန်အောင် ခွဲခြားတတ်ဖို့ နည်းလမ်းပြသမှုတွေလည်း လုပ်ခဲ့ရပါတယ်တဲ့။ အခုတော့ ၂၀၁၃ ကတည်းက အမျိုးအစား ခွဲခြား စွန့်ပစ်တတ်လာလို့ အမှိုက်ပစ်ဌာနကို ရောက်လာတဲ့ အမှိုက်တွေကို မှန်ကန်တဲ့အပိုင်းကိုရောက်ဖို့ အမှိုက်သိမ်း ဝန်ထမ်းတွေက စစ်ဆေးဖို့လောက်ပဲ လိုအပ်တော့တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ အမှိုက်သိမ်းဌာနမှာ အဝတ်အထည်နဲ့ ပရိဘောဂလို အမှိုက်တွေထားဖို့ အပိုင်းလည်း ရှိပါသေးတယ်။ မိမိ မလိုချင်တော့တဲ့ အဝတ်နဲ့ ပရိဘောဂတွေကို အဆိုပါအပိုင်းမှာ လာပစ်လို့ရပါတယ်။ တခြားသူတွေ စွန့်ပစ်ထားတဲ့အရာကိုလည်း လိုချင်ရင် အခမဲ့ လဲလှယ်ယူလို့ ရသေးတယ်လို့ ဆိုပါတယ်။
ဒေသခံရပ်ကွက်တွေထဲမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင် နေရာလည်း ပိုလာခဲ့ပါတယ်။ အကြောင်းကတော့ စွန့်ပစ်ပစ္စည်းတွေကနေ ပြန်လည် ဖန်တီးလို့ရမယ့် ပစ္စည်းတခုခု ပြန်လည်ထုတ်လုပ်ခြင်း အလုပ်ပါ။ ဥပမာ စွန့်ပစ် ကီမိုနိုလို အဝတ်အစားတွေကနေ ဝက်ဝံရုပ်လေးတွေ ပြန်လည် ဖန်တီးတာမျိုးပေါ့။
ကျနော်တို့ဟာ လူနေထိုင်မှု ဘဝကို လုံးဝပြောင်းလဲသွားစေမယ့်၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခုကို ပြီးပြည့်စုံအောင် ကြိုးစားတည်ဆောက်နေတာပါလို့ Zero-waste Acedemy က လက်ထောက်တာဝန်ခံတဦး ဖြစ်တဲ့ Akira Sakano က ပြောပါတယ်။ ဒီ အကယ်ဒမီက အကျိုးအမြတ်မယူဘဲ လူထု အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုပါ။
အခုတော့ တမြို့လုံးရဲ့ အမှိုက် ၈၀ ရာခိုင်နှုန်းလောက်က ပြန်လည်သန့်စင် အသုံးပြုတယ်။ သုံးရတာတွေကို ဒီအတိုင်း ပြန်သုံးတယ်။ ပြင်လို့ရတာတွေကို ပြင်ပြီး အသုံးပြုတယ်။ တချို့တဝက်လောက်ပဲ စွန့်ပစ် အမှိုက် စစ်စစ် ဖြစ်ပါတော့တယ်လို့ သူက ပြောပါတယ်။
ဒီလိုအမှိုက်တွေကို ပြန်သုံးစနစ်ကြောင့် ဒေသတွင်း အမှိုက်သန့်ရှှုင်းရေးအတွက် ကုန်ကျစရိတ် သုံးချိုး တချိုးလောက်ပဲ ကုန်တော့တယ်လို့လည်း သိရပါတယ်။ ၂၀၂၀ မှာတော့ ဒီဒေသဟာ အမှိုက်စွန့်ပစ်စရာ လုံး၀ မရှိတော့တဲ့နေရာ ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အမှိုက်စွန့်ပစ်မှုနှုန်းက သိသာလောက်အောင် တိုးတက်လာတာလည်းဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့မြို့ကြီးတွေပေါ်က လူဦးရေ ၁.၄ ဘီလီယံလောက်က နေ့စဉ် အမှိုက် ၃ ပေါင်နဲ့ အထက်လောက်ထိအောင် စွန့်ပစ်မှု ရှိလာလိမ့်မယ်လို့ ခန့်မှန်ထားတာလည်း တွေ့ရပါတယ်။ ဒါဟာ လက်ရှိကာလ အမှိုက်စွန့်နှုန်းထက် ၂ ဆ လောက် ပိုများလာမှာလည်းဖြစ်တယ်လို့ ခန့်မှန်းချက်သဘောဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ ဂျပန်ကတော့ အမေရိကန်နဲ့စာရင် အမှိုက်ပစ်နှုန်းက ထက်ဝက်လောက်ထိအောင် လျော့နည်းနေတာပါ။ အခု ခမီခက်ဆုနယ်လေးကို ဥပမာထားပြီးတော့ ကမ္ဘာ့နေရာ အသီးသီးမှာလည်း အမှိုက်စွန့်နှုန်း လျော့ချမယ်၊ ပြန်လည် အသုံးပြုမယ်၊ ဆိုတဲ့ အစီအစဉ် တချို့တော့ လုပ်ကိုင် ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဥပမာဆိုရင် ၂၀၁၅ ခုနှစ်အတွင်းက ဆန်ဒီရေဂိုမြို့အနေနဲ့ လာမယ့် ၂၀၃၀ မှာ မြို့ရဲ့ အမှိုက်ပစ်နှုန်းကို ၇၅ ရာခိုင်နှုန်း လျော့ကျအောင် ဆောင်ရွက်မယ်လို့ ကြေညာထားတာ တွေ့ရသလို ၂၀၄၀ မှာ အမှိုက်စွန့်ပစ်မှု လုံးဝမရှိတဲ့မြို့အဖြစ် ရပ်တည်နိုင်ဖို့ ဆောင်ရွက်တော့မှာလည်း ဖြစ်ပါတယ်။
နယူးယောက်မှာလည်း ဒီလို ဦးတည်ချက်မျိုး ရှိတာတွေ့ရပြီး လာမယ့် ၁၅ နှစ်အတွင်း စွန့်ပစ်မှုကင်းစင်အောင် ဆောင်ရွက်မယ်လို့ စီစဉ်ထားတာ တွေ့ရပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ The simple way this Japanese town has become nearly zero-waste ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။