ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ စတင် ရုံတင်ခဲ့တဲ့ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Fifty Shades Freed” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာ ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။
နာမည်ကျော် အချစ်ဒရာမာ ရုပ်ရှင်စီးရီးရဲ့ တတိယမြောက်နဲ့ နောက်ဆုံးအပိုင်းဆက်ဖြစ်တဲ့ အဲဒီရုပ်ရှင်ဟာ စာရေးဆရာ E.L. James ရဲ့ နာမည်တူ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး ခန့်မှန်းချေ ဒေါ်လာ ၃၈ ဒဿမ ၈ သန်းရဲ့ရုံဝင်ငွေ စာရင်းမှာ နံပါတ်တစ် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးနဲ့ ဒုတိယမြောက် ရုပ်ရှင်တို့ဟာ ပထမဆုံးသီတင်းပတ်ကုန်ပိုင်းမှာတင် ဒေါ်လာ ၈၅ ဒဿမ ၂ သန်းနဲ့ ၄၆ ဒဿမ ၆ သန်း အသီးသီးစီ ရခဲ့တာကြောင့် အဲဒီရုပ်ရှင်စီးရီးတွဲထဲမှာတော့ ရုံဝင်ငွေ ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် အဲဒီအရေအတွက်ဟာ တကမ္ဘာလုံးမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံရရှိစေဖို့အတွက် တွန်းအားပေးဖို့ လုံလောက်နေပြန်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Fifty Shades of Grey” ရုပ်ရှင်ဟာ ရုံဝင်ငွေစံချိန် တော်တော်များများကို ချိုးဖျက်နိုင်ခဲ့ပြီးတော့ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၅၇၁ သန်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဖြန့်ချိခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင် “Fifty Shades Darker” ကတော့ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၈၁ သန်း ရရှိခဲ့ပါတယ်။
Universal ရုပ်ရှင်စတူဒီယိုအနေနဲ့ မကြာခင် ကျရောက်တော့မယ့် “ချစ်သူများနေ့”မှာတော့ ရုံဝင်ငွေ ကောင်းလိမ့်မယ်လို့ မျှော်လင့်ထားပြီး လာမယ့်သီတင်းပတ်မှာ စတင်ပြသမယ့် Marvel ရဲ့ “Black Panther” ရုပ်ရှင်နဲ့လည်း ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အသစ်ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေကတော့ Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Peter Rabbit” ရုပ်ရှင်နဲ့ ဒါရိုက်တာကြီး Clint Eastwood ရဲ့ “The 15:17 to Paris” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။
Rose Byrne နဲ့ Domhnall Gleeson တို့အပြင် James Corden ရဲ့ နောက်ခံအသံ သရုပ်ဆောင်မှုတွေနဲ့ ဟာသဇာတ်မြူး ကာတွန်းရုပ်ရှင် “Peter Rabbit” ဟာ ရုံဝင်ငွေ ဒေါ်လာ ၂၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါရိုက်တာကြီး Eastwood ရဲ့ သည်းထိတ်ရင်ဖို “The 15:17 to Paris” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ ၁၂ ဒဿမ ၆ သန်းနဲ့ တတိယ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
Ref : aceshowbiz