ဗယ်လင်တိုင်းနေ့မှာ လိင်ဆက်ဆံဖို့ မငြင်းချင်ဘူးဆိုရင်
လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံတွင် ချစ်သူများနေ့ (Valentine′s Day) က ရေပန်းစားမှု ပိုတိုးလာသည်။ ဈေး ဆိုင်များက Valentine′s Day ကုန်ပစ္စည်းများ အကြီးအကျယ် ခင်းကျင်းပြသလာကြသည်။ ချစ်သူစုံတွဲများက တဦးကို တဦး အထူး အလေးပေးရမည့်၊ ပျော်ရွှင်စွာ တွေ့ဆုံကြရမည့် နေ့တနေ့ အဖြစ် သဘောထား လာကြသည်။ ချစ်ခြင်းတရား နှင့် စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုတို့က လေထုထဲတွင် ပျံ့နှံ့နေသည်။
သို့သော်လည်း မိန်းကလေး အများစု အတွက် Valentine′s Day က အကယ်၍ သူတို့က ဆန္ဒမရှိခဲ့လျှင်ပင် လိင်ဆက်ဆံ ရန်အတွက် ဖိအားများ ပိုမိုများပြားလာသည့် နေ့တနေ့ ဖြစ်သည်။ ချောကလက်နှင့် ပန်းလက်ဆောင်များ၊ စိတ်လှုပ်ရှားဖွယ် ရာ ပျော်ရွှင်စရာများနှင့် ထိုနေ့အတွက် မျှော်လင့်စောင့်စားရမှုများက မိန်းကလေးများ အနေဖြင့် Valentine′s Day တွင် လိင်ဆက်ဆံရန် သဘောတူရမည်ဆိုသည့် မျှော်လင့်ချက်ကို ဖန်တီးပေးနိုင်ပါသည်။
အချစ်နှင့် လိင်ဆက်ဆံခြင်း ကြားမှ ကွဲပြားမှုကို လေ့လာခြင်း
လူငယ်များသည့် အရွယ်ရောက်လာခြင်း၏ နယ်နိမိတ်များ၊ သူတို့၏ ကိုယ်ပိုင်ခံစားချက်နှင့် ဖိုမလက္ခဏာ အပေါ် စိတ်လှုပ်ရှားမှုကို ရှာဖွေ စူးစမ်းနေကြရဆဲ ဖြစ်သည်။ ကလေးဘဝမှသည် လူလားမြောက်လာခြင်း၏ အသွင်ကူးပြောင်းမှု တွင် အများစုက အချစ်နှင့် လိင်ဆက်ဆံမှုကြားမှ ကွဲပြားမှုကို မသင်ယူခဲ့ကြရသေးပါ။
“မိန်းကလေးတွေ အနေနဲ့ (ယောက်ျားလေးတွေလည်း ပါပါတယ်) လိင်ဆက်ဆံမှုကို ငြင်းပယ်ဖို့ သူတို့မှာ အခွင့်အရေး ရှိတယ် ဆိုတာကို သိဖို့ လိုပါတယ်။ လူငယ်တွေကို သူတို့ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အသိပေးဖို့၊ မှန်ကန်ပြီး ဘေးကင်း လုံခြုံတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီဖို့ လူ့အဖွဲ့အစည်းမှာ တာဝန် ရှိပါတယ်။ အထူးသဖြင့် အချစ်နှင့် လိင်ဆက်ဆံမှု ပတ်သက်တဲ့ ကိစ္စတွေမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့(UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျဲနက်ဂျက်ဆင် Janet Jackson က ပြောသည်။
လူငယ်များအား ယုံကြည်စိတ်ချမှုနှင့် သတင်းအချက်အလက်များ ပေးခြင်း
လူငယ်များအတွက် မှန်ကန်သော ဆုံးဖြတ်ချက်မှာ လိင်ဆက်ဆံခြင်းကို ငြင်းပယ်ရန် ဖြစ်သည်။ စိတ်လှုပ်ရှားစွာဖြင့် အသင့်ဖြစ်နေသော လူငယ်များလည်း ရှိပါသည်။ သူတို့အတွက် မှန်ကန်သော ဆုံးဖြတ်ချက်မှာ ယုံကြည်စိတ်ချရသော အဖော်နှင့်သာ လိင်မှုဆိုင်ရာ ပတ်သက်မှုကို လက်ခံရန် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း လုံခြုံဘေးကင်းမှု ရှိစေရန် သူတို့ အနေဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိသွားခြင်း၊ HIV နှင့် အခြားသော လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်သည့် ရောဂါများ ရရှိခြင်းနှင့် အကြမ်းဖက်ခံရခြင်း၊ စော်ကားခံရခြင်းများမှ ကိုယ်ကိုယ်ကို မည်သို့ ကာကွယ်ရမည် ဆိုသည်ကို သိရှိထားရန် လိုအပ်ပါသည်။
ယခုအခါတွင် မြန်မာနိုင်ငံ တလွှားမှ ဆေးဆိုင်များတွင် Valentine′s Day ပြီး၍ နောက်တနေ့ မနက်တွင် ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ကိုက်ညီစေရန် အရေးပေါ် ပဋိသန္ဓေတားဆေးများကို အသင့် သိုလှောင်နေကြသည်။ သို့သော်လည်း လူငယ်များ အနေဖြင့် ပြဿနာကို ဖြေရှင်းရန် ထိုရွေးချယ်မှုအထိ ရောက်မသွားသင့်ပါ။ အများစုအတွက် လိင်ဆက်ဆံမှုကို ငြင်းပယ်ရန် ယုံကြည်စိတ်ချမှု ရှိရန် လိုအပ်သလို အခြားသူများ အတွက်လည်း ဘေးကင်းလုံခြုံသည့် လိင်ဆက်ဆံခြင်းနှင့် သင့်တော်သော ပဋိသန္ဓေတားဆီးနည်း များကို သိရှိထားရန် လိုအပ်ပါသည်။
မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားခြင်း နှင့် HIV နှင့် အခြားသော လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်သည့် ရောဂါများ ရရှိခြင်း တို့မှာ ကာကွယ်ပေးနိုင်သည့် တခုတည်းသော နည်းမှာ ကွန်ဒုံး အသုံး ပြုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့ ပြုလုပ် သည် ဆိုလျှင်ပင် မိန်းကလေးများ နှင့် အမျိုးသမီးငယ်များ အတွက် ကွန်ဒုံး အသုံးပြုရန် နှင့် ဘေးကင်းစိတ်ချရသည့် လိင် ဆက်ဆံမှုဖြစ်ရန် သူတို့၏ ချစ်သူ ယောက်ျားလေးများနှင့် ညှိနှိုင်းဆွေးနွေးရန် ခက်ခဲလေ့ ရှိကြပါသည်။
လူငယ်များကို ကာကွယ်ပေးမည့် သတင်းအချက်အလက် ပေးသော မိုဘိုင်း အပလီကေးရှင်း
Valentine′s Day နှင့် နေ့ အားလုံးတွင် လူငယ်များ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီသည့် အနေဖြင့် UNFPA က လူငယ်များအတွက် မိုဘိုင်းအပလီကေးရှင်းတခု ထုတ်လုပ်နိုင်ရန် လူငယ် အဖွဲ့အစည်းများ၊ မြန်မာအစိုးရ တို့နှင့် ပူး ပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ထို မိုဘိုင်းအပလီကေးရှင်းက အရွယ်ရောက်ခြင်း၊ ကျန်းမာရေး၊ အချစ်ရေး နှင့် ဆက်ဆံရေး ဆိုင်ရာ ဒွိဟဖြစ်စရာများ နှင့် ပတ်သက်သော သတင်း အချက်အလက်များပေး ပါသည်။ (ဤနေရာတွင် ဒေါင်းလုဒ် ရနိုင်ပါသည်။)
ထို မိုဘိုင်းအပလီကေးရှင်းက လူငယ်များ ဘေးကင်းစိတ်ချရသော၊ သူတို့ နောင်တရစရာမဖြစ်သော ဆုံးဖြတ်ချက်များ ပြု လုပ်ရာတွင် ယုံကြည်စိတ်ချမှုများ ပေးနိုင်ရန် ပြုလုပ်ထားပါသည်။ သူတို့၏ ယောက်ျားလေး မိတ်ဆွေ သို့မဟုတ် မိန်းကလေး မိတ်ဆွေ တို့နှင့် သူတို့မည်သည်ကို လိုချင်သည် မည်သည်ကို မလိုချင် ဆိုသည့် ကိစ္စများကို မည်သို့ဆွေးနွေးရမည် ဆိုခြင်း နှင့် ပတ်သက်၍ အကြံဉာဏ်များ၊ လက်တွေ့ကျသည့် အကြံပြုချက်များလည်း ပေးသည်။
Love Question: Life Answer (အချစ်ပုစ္ဆာ ဘဝအဖြေရှာ) အမည်ရှိ အပလီကေးရှင်းက ဈေးကွက်အတွင်းမှ အခြား သော အပလီကေးရှင်းများ နှင့် ကွဲပြားသည်မှာ ယုံကြည်စိတ်ချရသည့် အရင်းအမြစ်တခုမှ လာခြင်းဖြစ်သည်။ ကုလသမဂ္ဂနှင့် မြန်မာအစိုးရ တို့က ကျောထောက်နောက်ခံပေးထားသဖြင့် လူငယ်များ အနေဖြင့် အပလီကေးရှင်း ကပေးသည့် သတင်းအချက်အလက်များကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ပါသည်။ ထို့ပြင် မိဘများ အနေဖြင့်လည်း Love Question: Life Answer အပလီကေးရှင်းမှ တဆင့် သူတို့၏ သားသမီးများ ရရှိနိုင်သည့် အချက်အလက်များကို ယုံကြည် စိတ်ချနိုင်ပါသည်။
Valentine′s Day နီးကပ်လာသည့် အချိန်တွင် အပလီကေးရှင်းတွင် ပါဝင်သည့် အောက်ပါ ကဏ္ဍများက လူငယ်များ အတွက် အထူးပင် အရေးပါပါ လိမ့်မည်။
• ကျနော်/ကျမ လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပြီလား
• ချစ်သူရည်းစားက လိင်ကိစ္စအတွက် စည်းရုံးလာရင် ဘယ်လိုငြင်းဆန်မလဲ
• လုံခြုံဘေးကင်းသော လိင်ဆက်ဆံမှု
ထိုအချက်အလက် အားလုံးကို အပလီကေးရှင်း (app) တွင်ရော ဝက်ဘ်ဆိုက်(web) တွင်ပါ မြန်မာဘာသာဖြင့် ရရှိ နိုင်ပါသည်။
ကျယ်ပြန့်လွှမ်းခြုံသော လိင်မှုဆိုင်ရာ ပညာပေးခြင်း
သူတို့၏ ကိုယ်ခန္ဓာနှင့် သူတို့၏ ဘဝများအတွက် ဘေးကင်းသော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတ ရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည့်စုံကျယ်ပြန့်သည့် လိင်မှုဆိုင်ရာ ပညာပေးခြင်း ရှိရန်လည်း UNFPA တောင်းဆိုထားပါသည်။ ပြည့်စုံကျယ်ပြန့်သည့် လိင်မှုဆိုင်ရာ ပညာပေးခြင်းက ကလေးငယ်များနှင့် လူငယ်များကို လိင်မှုသဘာဝ၏ စိတ်ခံစားမှု ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ရှုထောင့်များကို သင်ကြားပေးပါသည်။ အန္တရာယ်များကို ရှောင်ရှား၍ ကျန်းမာကောင်းမွန်သော လူနေမှုဘဝကို ကျင့်သုံးနိုင်ရန် အထောက်အကူ ပေးပါသည်။
“လူငယ်တွေမှာ ရှိတဲ့ မေးခွန်းတွေက အမှန်တွေ ဖြစ်ပါတယ်။ ကျမတို့ရဲ့ အဖြေတွေက ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ အဲဒါက သူတို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်” ဟု UNFPA ၏ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် ဂျဲနက်ဂျက်ဆင်က ပြောသည်။
ကိုးကား ။ ။ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့(UNFPA) ၏ Valentine′s Day: If you don′t want to − say No to sex