“တရုတ်ရိုးရာ ခင်္သြေ့အက”ကိုတော့ တရုတ်ရိုးရာ ယဉ်ကျေးမှု တခုအနေနဲ့ တရုတ်ရိုးရာ ပွဲတော်များ၊ တရုတ် နှစ်သစ်ကူးပွဲတော်၊ ဘုရားပွဲတော်၊ မင်္ဂလာ အခမ်းအနား၊ စီးပွားရေး လုပ်ငန်းဖွင့်ပွဲနဲ့ အထူး ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ ကပြဖျော်ဖြေလေ့ ရှိပါတယ်။
တခါတရံမှာ အများစုဟာ ခင်္သြေ့အကနဲ့ နဂါးအကကို မှားယွင်းတတ်ကြပါတယ်။ ဒီနှစ်ခုရဲ့ ခြားနားချက်ကတော့ ခင်္သြေ့အကမှာ ခင်္သြေ့ရဲ့ဦးခေါင်းနေရာမှာ လူတယောက်၊ အမြီးနေရာမှာ လူနှစ်ယောက်နဲ့ ကပြီး နဂါးအကမှာတော့ လူအများက တုတ်တွေကိုင်ပြီး ကကြတာပဲ ဖြစ်ပါတယ်။
တရုတ် ခင်္သြေ့အကကို တရုတ်နိုင်ငံမှာ ပုံစံနှစ်မျိုးနဲ့ တွေ့ရပြီး တရုတ်တောင်ပိုင်း ခင်္သြေ့အကနဲ့ မြောက်ပိုင်း ခင်္သြေ့အကဆိုပြီး ကွဲပြားပါတယ်။ ဒီတောင်ပိုင်း၊ မြောက်ပိုင်း ခင်္သြေ့အက နှစ်မျိုးလုံးကို တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ တွေ့နိုင်ပါတယ်။
တောင်ပိုင်း ခင်္သြေ့အကမှာပဲ ပုံစံ ၃ မျိုးရှိပြီး ပုံစံ ၃ မျိုးလုံးကို ဂျပန်၊ ကိုရီးယား၊ တိဘက်နဲ့ ဗီယက်နမ် နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားရိုးရာ ခင်္သြေ့အက ဆိုပြီးတော့လည်း အင်ဒိုနီးရှားနိုင်ငံမှာ ထပ်မံ တွေ့နိုင်ပါသေးတယ်။
တရုတ်မြောက်ပိုင်း ခင်္သြေ့အကကို “အထီး၊ အမ” တစုံစီဖြင့် ကပြလေ့ရှိပြီး ခင်္သြေ့ရဲ့ဦးခေါင်းကို ရွှေရောင်တွေနဲ့ ပြုလုပ်ထားပြီး လိမ္မော်ရောင်အမွှေးများနဲ့ အနီရောင်ဖဲပြား တပ်ဆင်ထားရင်တော့ ခင်္သြေ့အထီးဖြစ်ပြီး အစိမ်းရောင် ဖဲပြား တပ်ဆင်ထားရင်တော့ ခင်္သြေ့အမပဲ ဖြစ်ပါတယ်။
မြောက်ပိုင်းခင်္သြေ့အကဟာ ကြီးမားတဲ့ ဘောလုံးပေါ်မှာ ကလေ့ရှိပြီး တခါတရံမှာ ခင်္သြေ့အကြီး နှစ်ကောင် အငယ် နှစ်ကောင်နဲ့ မိသားစုကို ဖော်ညွှန်းတဲ့အနေနဲ့ ကလေ့ရှိပါတယ်။
တောင်ပိုင်း ခင်္သြေ့အကဟာ ဆိုရင်တော့ Guangdong ပြည်နယ်ကနေ ဆင်းသက်လာပြီး ခင်္သြေ့ဦးခေါင်းမှာ ဦးချိုတခု ပါရှိပြီး ဒဏ္ဍာရီလာ Nian ဆိုတဲ့ တောကောင်ကြီးနဲ့ ဆက်နွယ်နေတယ်လို့ အယူရှိပါတယ်။ တောင်ပိုင်းခင်္သြေ့ရဲ့ ဦးခေါင်းကို ဝါးနဲ့ ပြုလုပ်ထားပြီး အပေါ်မှ ပိတ်ကျဲတမျိုး ကပ်ကာ ဆေးရောင်စုံနဲ့ ပုံဖော်ပြီး အလှဆင်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ အကကတော့ တောင်ပိုင်းအကပဲ ဖြစ်ပါတယ်။
တရုတ် ခင်္သြေ့အကလို့ အများစုကသိထားကြပေမယ့် ခင်္သြေ့အကဟာ တရုတ်နိုင်ငံကနေ ဆင်းသက် လာတာတော့ မဟုတ်ပါဘူး။ အိန္ဒိယနဲ့ ပါရှားနိုင်ငံတို့ကနေ ဆင်းသက်လာတာဖြစ်ပြီး အေဒီ ၃ ရာစု လောက်မှ တရုတ်နိုင်ငံမှာ ကပြခဲ့တာ ဖြစ်ပါတယ်။ ခင်္သြေ့အက မပေါ်မီ ရှေးယခင်ခေတ်များက တရုတ် နိုင်ငံသားများဟာ တရုတ်နှစ်သစ်ကူး အချိန်အခါများမှာ “တိုးနယားအက၊ ကျွဲရိုင်းအကနဲ့ နဂါးအက” များကိုသာ ကပြ ဖျော်ဖြေ ခဲ့ကြပါတယ်။
ဆက်စပ် သတင်းလင့်ခ် – တရုတ် နှစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနဲ့ နောက်ကွယ်မှ စိတ်ဝင်စားဖွယ် အကြောင်းအရာ အချို့
Ref ; Chinese Lion Dance / Wikipedia