နာမည်ကျော် ရုပ်ရှင်ကား The Great Gatsby ထဲမှာတော့ မင်းသား လီယိုနာဒို ဒီကာပရီယို (Leonardo DiCaprio) က ချမ်းသာသူတယောက်၊ ဒါပေမယ့် အရမ်းအချစ်ကြီးတယ်။ မိန်းကလေး တယောက်တည်းကိုပဲ သူ့နှလုံးသားထဲမှာ စွဲစွဲမြဲဲမြဲ ချစ်ခဲ့တာ တွေ့ခဲ့ဖူးပါတယ်။ ဒီတော့ ရလဒ်က ကိုယ်ချစ်ရသူအနေနဲ့ ကိုယ့်ကို ပြန်ချစ်ရင် ချစ်၊ မချစ်ရင်တော့ Single (တကိုယ်တည်းသမား) အနေနဲ့ နေရတော့မှာပေါ့။
ဒီလို အကြောင်းကြောင်းကြောင့် Single ဖြစ်နေသူတွေ ဒီနေ့ကမ္ဘာမှာ အများကြီးပါ။ မိန်းကလေး တယောက် ကြောင့်၊ ရုပ်ဆိုးလို့၊ ဆင်းရဲလို့ စတာတွေကနေ ဘုရား၊ တရားသမားမိုလို့ Single ဖြစ်နေသူတွေပါ မျိုးစုံ ရှိနေပါတယ်။
ဒီတော့ Couple လို့ဆိုတဲ့ စုံတွဲတွေ၊ Facebook လို လူမှုကွန်ယက်မှာ အသုံးများတဲ့ RS ဆိုတဲ့ အတွဲရှိတယ် ဆိုသူတွေနဲ့ စာရင် Single သမားတွေရဲ့ ဘဝဟာ တကယ်တမ်း ကောင်းပါရဲ့လား။
နာမည်ကျော် မဂ္ဂဇင်း Business Insider ကတော့ လေ့လာချက်ပေါင်းများစွာကို စုစည်းပြီး Single တွေဟာ စုံတွဲသမားတွေထက် ပိုပြီး နေပျော်စရာ ကောင်းတယ်လို့ ဆိုထားတာ တွေ့လာရပါတယ်။
အထူးသဖြင့်တော့ တစ်ကိုယ်ရေ တစ်ကာယ အမျိုးသားတွေဟာ Single အနေနဲ့နေတာ အကောင်းဆုံးပါ။ လူမှု ဆက်ဆံရေးအပိုင်းမှာလည်း စုံတွဲသမားတွေထက် သူတို့က ဆက်ဆံရေး ပိုကောင်းပါတယ်။ ဒါကလည်း အလွယ်ဆုံးပြောရရင် ချစ်သူရှိသူဟာ သူ့ချစ်သူကို အနည်းနဲ့အများ အချိန်ပေးနေရသေးလို့ဖြစ်ပြီး Single သမားကတော့ ကိုယ်ပိုင်အချိန် အပြည့်ရနေလို့ လူမှုဆက်ဆံရေး ပိုကောင်းခြင်း ဖြစ်ပါတယ်။
အချိန်ဆိုရင်လည်း ကိုယ်ပိုင်ပဲ၊ ဘယ်တော့ ဘာလုပ်မယ်၊ ဘယ်သွားမယ် ကိုယ်ပိုင် ဆုံးဖြတ်နိုင်တယ်။ ဥပမာ သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် ထိုင်မယ်ဆိုရင်တောင် စိတ်လွတ်လက်လွတ် ထိုင်နိုင်ပေမယ့် ချစ်သူ ရှိသူ တွေကတော့ မိန်းကလေး စိတ်ဆိုးမှာစိုးလို့ ဆိုင်မထိုင်နိုင်တာတွေ၊ ခိုးပြီး ထိုင်ရတာတွေ၊ ခွင့်တောင်း နေရတာတွေ ရှိနေဦးမယ်လေ။
BI ရဲ့ သတင်းထောက်က စိတ်ပညာရှင် ပါမောက္ခ William Chopik ကို မေးမြန်းထားတဲ့ မေးခွန်းမှာ သူငယ်ချင်းကောင်းတွေ ရှိနေရုံနဲ့လည်း သင့်အတွက် ပျော်ရွှင်မှုရော စိတ်ကျန်းမာရေး ကောင်းမွန်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။ ချစ်ခြင်းမဆန်တာကလွဲရင် စိတ်ကျေနပ်မှု အပြည့်ရနိုင်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။
ပြီးတော့ စိတ်ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ ကိုယ်ခန္ဓာ ကျန်းမာရေးမှာလည်း တကိုယ်တည်းသမား တွေက စုံတွဲရှိသူတွေထက် ကျန်းမာရေး ပိုကောင်းတယ်။ BMI လို့ ဆိုတဲ့ ကိုယ်အလေးချိန်စနစ်မှာလည်း ကျန်းမာရေးနဲ့ ကိုက်ညီကောင်းမွန်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုမို ပိုင်ဆိုင်ထားတတ်ကြတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ဒီလို လေ့လာစောင့်ကြည့်မှုတွေထဲမှာ အိမ်ထောင်သည်တွေကို လက်မထပ်ခင် အနေအထားနဲ့ လက်ထပ်ပြီး အနေအထား လေ့လာကြည့်မှုမှာလည်း လက်ထပ်ပြီးချိန်မှာ ဝလာတာတွေ၊ ကိုယ်အလေးချိန် တက်လာတာတွေ၊ ကျန်းမာရေး အားနည်းလာတာတွေ တွေ့လာရလို့ ကျန်းမာရေးအရလည်း Single တွေက အားသာချက် ဖြစ်နေတာပါ။
BI ကနေ နောက်ဆုံး ပြောထားတဲ့ Single သမားတွေရဲ့ အားသာချက်ကတော့ အထက်မှာ ကျနော် ပြောခဲ့သလို ကိုယ်ပိုင်အချိန်ကို စိတ်ကြိုက်အသုံးပြုနိုင်မှုပါ။ Gym ကစားမလား၊ အပျော်ခရီးထွက်မလား၊ အားလုံးက ကိုယ့်စိတ်ကြိုက် အချိန်ကုန်စေနိုင်လာပါတယ်။ အိမ်မှာပဲ အိပ်နေချင်တယ်ဆိုရင်လည်း အားလပ်ချိန်ဟာ သင့်အတွက် အိပ်ချိန်ကောင်းကောင်း ဖြစ်လာစေပါတယ်။
ဒီလိုပဲ နာမည်ကျော် သတင်းစာ New York Post မှာလည်း ၂၀၁၇ အတွင်းက Brigham Young တက္ကသိုလ်က လေ့လာသူ ဒေါက်တာ Julianne Holt-Lunstad ရဲ့ ဆောင်းပါးတပုဒ်မှာ ချစ်သူ၊ မိသားစုနဲ့ နေလေ့ရှိသူတွေဟာ အဆိုပါအနေအထားကနေ အကြောင်းတခုကြောင့် အထီးကျန်သွားရပြီဆိုရင် အရွယ် မတိုင်ခင် သေဆုံးနိုင်မှုတွေဖြစ်လာပြီး ဒီလို အထီးကျန်လို့ သေဆုံးနိုင်နှုန်းက အဝလွန်လို့ သေဆုံးခြင်းထက်ကို ပိုစေနိုင်တယ်လို့ ဆိုထားပြန်ပါတယ်။ ဆိုလိုတာက လက်ရှိမှာ ချစ်သူ၊ အိမ်ထောင်ရှိတယ်၊ အခုတော့ အဆင်ပြေတယ်။ မထင်မှတ်ဘဲ ဇနီးသည်က ဆုံးပါးသွားတယ်။ ဒီလိုအနေအထားမှာ ကျန်ခဲ့တဲ့ ခင်ပွန်းသည် ဟာ အထီးကျန်မှု ဝေဒနာခံစားလာရပြီး အရွယ်မတိုင်ခင် သေဆုံးဖို့ အားပေးသလို ဖြစ်သွားစေတဲ့ သဘောပါ။
ဒါပေမယ့် တချို့ကတော့ အိမ်ထောင်ပြုတယ်ဆိုတာကို ဘဝရဲ့ အလုပ်တခုလို၊ လူနေမှုပုံစံတခုလို သဘောထားတတ်ကြပါတယ်။ ဒါကတော့ လူတကိုယ် စိတ်တမျိုးပါ။ ဒါပေမယ့် သေချာတာကတော့ ဘယ်သူမှ တယောက်တည်း မနေချင်ကြပါဘူး။
တစ်ခုရှိတာက တကယ်တမ်း အချစ်မပါဘဲနဲ့တော့ ဘဝရဲ့ အလုပ်တခုအနေနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားပါနဲ့။ လူအများ လိုက်တဲ့လမ်းစဉ်ကို အလွယ်မလိုက်ပါနဲ့။ ကိုယ့်ဆန္ဒ တခုတည်းကိုလည်း မကြည့်ပါနဲ့။ တကယ် ချစ်တယ်ဆိုမှ တသက်လုံး လက်တွဲဖို့ စဉ်းစားပါ။ မဟုတ်ရင်တော့ နောက်ပိုင်းမှာ အိမ်ထောင်ရေးလည်း အဆင်မပြေစေချင်သလို သင်လည်း အစကတည်းက Single ဘဝနဲ့ နေလိုက်တာပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
www.maxim.com တွင်ဖော်ပြထားတဲ့ Science confirms what we already knew: it’s better to be single ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။