စစ်တမ်းကောက်ယူမှု ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ “Statista.com” ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံးနိုင်ငံများစာရင်းမှာ တောင်ကိုရီးယားနိုင်ငံက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒီစာရင်းကို ကြည့်မယ်ဆိုရင် အာရှတိုက်ရဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတခုရဲ့ အင်တာနက်မြန်နှုန်းက ကမ္ဘာ့အဆင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ပိုမြန်နေတာပါပဲ။
စစ်တမ်းအရ တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်မြန်နှုန်းက ၂၀၁၆ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း မြန်လာခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ 28.6 Mbps (Megabit per second) ရောက်ခဲ့ပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ မြန်နှုန်းနဲ့ နှိုင်းယှဉ်ရင် 10 Mbps နီးပါး မြန်နေတာပါ။ သူ့နောက်မှာတော့ နော်ဝေနိုင်ငံက 23.5 Mbps မြန်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
အမေရိကန်နိုင်ငံကတော့ အင်တာနက်မြန်နှုန်း အမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့် ၁၀ ပါ။ အမေရိကန်ရဲ့ ဒဲလ်ဝဲလ် (Delaware) ကိုလံဘီယာနဲ့ အုသ် (Utah) ပြည်နယ်တွေက မြန်နှုန်းမြင့်ကြပြီး မြို့တော်ဝါရှင်တန်မှာဆိုရင် ပျှမ်းမျှ အင်တာနက်မြန်နှုန်းက 24 Mbps လောက်ထိတောင် တက်တယ်လို့ ဆိုပေမယ့်လည်း တနိုင်ငံလုံး ပျမ်းမျှတွက် ကြည့်လိုက်တဲ့အခါ 18.7 Mbps ပဲ ရှိပါတယ်။
အင်တာနက် လိုင်းဆွဲအားမြင့်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၆၈ ရာခိုင်နှုန်းကျော် ရှိပြီး လူတယောက်ချင်းစီကို 10 Mbps နှုန်းထက် ကျော်လွန် သုံးစွဲနိုင်လို့ အမြင့်ဆုံးနှုန်းထားလို့ သတ်မှတ်ခံရတာပါ။ ဥရောပတိုက်က ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေမှာ 10 Mbps နီးပါးမြန်နှုန်းမြင့် အင်တာနက်လိုင်းကို တနိုင်ငံလုံးရဲ့ ၆၁ ရာခိုင်နှုန်း သုံးစွဲကြပါတယ်။
တကမ္ဘာလုံးမှာ ၂၀၁၄ ခုနှစ် မတိုင်ခင်အထိ ပျမ်းမျှအင်တာနက်မြန်နှုန်း လူတယောက်ကို 4 Mbps ရှိရာကနေ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ 5.1 Mpbs တိုးမြှင့်လာခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ တကမ္ဘာလုံးရဲ့ ပျမ်းမျှ အင်တာနက် မြန်နှုန်းဟာ 7.2 Mpbs အထိ မြင့်တက်ခဲ့ပါတယ်။
ကမ္ဘာ့အင်တာနက်လိုင်း မြန်နှုန်း အမြင့်ဆုံး ၁၀ နိုင်ငံက တောင်ကိုရီးယား 28.6 Mbps ၊ နော်ဝေ 23.5 Mbps ၊ ဆွီဒင် 22.5 Mbps ၊ ဟောင်ကောင် 21.9 Mbps ၊ ဆွစ်ဇာလန် 21.7 Mbps ၊ ဖင်လန် 20.5 Mbps ၊ စင်ကာပူ 20.3 Mbps ၊ ဂျပန် 20.2 Mbps ၊ ဒိန်းမတ် 20.1 Mbps နဲ့ ယူအက်စ် 18.7 Mbps နှုန်းတွေနဲ့ ရပ်တည်နေပါတယ်။
Ref: Statista