Pick-up မော်ဒယ်ကောင်းကောင်း၊ အထူးသဖြင့် အကြမ်းခံ မော်ဒယ်ကောင်းကောင်း လိုချင်ရင် အများစုက အမေရိကန် ထုတ် မော်ဒယ်တွေကို ရွေးချယ်ကြတယ်။ ဒါက နိုင်ငံတကာ အနေအထားမှာပါ။ အာရှနယ်မှာတော့ လမ်းကြမ်းစစ်စစ်လဲ သိပ်မသုံးကြသလို အာရှထုတ် မော်ဒယ်တွေကိုပဲ သဘောကျကြပါတယ်။
ဒါပေမယ့် ဂျပန် အခြေစိုက် ကားကုမ္ပဏီကြီး Toyota အတွက်ကတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ ဈေးကွက်မှာ အကြမ်းခံ မော်ဒယ် ဈေးကွက် အသာရဖို့ သူ့ အတွက် လမ်းကြမ်းသုံး မော်ဒယ်ကောင်း တခုတော့ ဖြစ်တဲ့ Tacoma ထွက်လာတာ ဖြစ်ပါတယ်။
ဒီနှစ် ၂၀၁၈ အတွက် ထုတ်လုပ်လာတဲ့ Tacoma က လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်တင် မဟုတ်ပဲ ဝန်တင်ဆောင်နိုင်မှု ကိုပါ အဆင့် မြှင့်ထားတယ်။ ပြီးတော့ ဇိမ်ခံ မော်ဒယ် မဟုတ်တော့ အတွင်းခန်း အပြင်အဆင်က ရိုးရိုးလေး ဖြစ်ပြီး ကားနဲ့ အသားမကျသေးသူတွေ မောင်းမယ် ဆိုရင်တောင် အသားကျလွယ်စေတယ်။ အင်ဂျင်စနစ်က စွမ်းအင်ထုတ်လုပ်မှု အပိုင်းရော စွမ်းဆောင်ရည်ပါ သိသာလောက်အောင် ပိုကောင်းလာပါသေးတယ်။ ပြီးတော့ V6 လို အင်ဂျင်စနစ်နဲ့ပါ ရနိုင်ပြီး လမ်းကြမ်း စစ်စစ် သုံးချင်သူတွေ အတွက် ၆ ချက်သုံး Manual နဲ့ပါ ရနိုင်အောင် ဖန်တီးထားတာကတော့ သဘောကျစရာ ပါ။
ဒါပေမယ့် အရင်လိုပဲ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်တွေရဲ့ အားနည်းချက် ဖြစ်တဲ့ ဆီစားများနေမှုကိုတော့ လျော့ချ ပြင်ဆင်လာနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ပြီးတော့ ယာဉ်မောင်းထိုင်ခုံ ဖန်တီးထားမှုနဲ့ ခရီးသည်ခန်းရဲ့ အနေအထားက အရပ်ရှည်သူတွေအတွက် နည်းနည်း အဆင်မပြေချင်ဘူး၊ ထိုင်ရတာရော အမိုးပါ နည်းနည်း နိမ့်နေသလို တော့ ရှိပါတယ်။ ပြီးတော့ ရုပ်ထွက်က လမ်းကြမ်းစစ်စစ်ပုံစံ ဖြစ်ပြီး မြို့တွင်းသုံး ပုံစံ ပြန်ကြည့်မယ် ဆိုရင် ဆွဲဆောင်မှုတော့ နည်းချင်နေပါတယ်။
အခုနှစ် မော်ဒယ်မှာ Toyota ကနေ ဖန်တီးထားတဲ့ နည်းပညာ တခု ဖြစ်တဲ့ Safety Sense P ကို ပြန်လည် ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ သူက ရှေ့ဘက် လမ်းကြောင်း အနေအထားပြ စနစ်လည်း ပါရှိလာတယ်၊ အရေးပေါ် အလိုအလျာက် ဘရိတ်စနစ်ကိုလည်း ပူးတွဲ တပ်ဆင်ထားတယ်။ လမ်းကျဉ်း အချက်ပြစနစ်၊ ရှေ့မီးကြီး အလိုအလျောက် အတင်၊ အချ ပုံစံတွေ၊ Cruise Control က အလိုက်သင့်ပြောင်းလဲမယ့် ပုံစံတွေကိုပါ စုထားတဲ့ နည်းပညာပါဝင်မှာမို့ သဘောကျစရာပါ။ ကျန်တဲ့ အပိုင်းမှာတော့ ကြီးကြီးမားမား ပြောင်းလဲမှု လုပ်မထားပါဘူး။ အရင်နှစ်က ထုတ်လုပ်ခဲ့တဲ့ လေးလုံးထိုး အင်ဂျင်နဲ့ ၅ ချက်သုံး Manual ပုံစံတွေနဲ့တော့ မရနိုင်တော့ပါဘူး။
အခုနှစ် မော်ဒယ်မှာ ရွေးချယ်နိုင်စရာ အနေနဲ့ မော်ဒယ်ခွဲ ၆ မျိုးထိ ရအောင် ထုတ်လုပ်လာပါတယ်။ SR, SR5, TRD Sport, TRD Off-road, Limited နဲ့ TRD Pro တွေ ဖြစ်ပါတယ်။ အင်ဂျင် စနစ် အနေနဲ့တော့ ရွေးချယ်နိုင်စရာ ၂ မျိုး လာပါတယ်။ ၂ ဒသမ ၇ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်က မြင်းကောင်ရေ ၁၅၉ ကောင်အားထိ ထွက်ရှိပါတယ်။
ဈေးနည်းတဲ့ မော်ဒယ်ခွဲတွေမှာ ဒီအင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး ၁၆ လက်မဘီးတွေ တပ်ဆင်ထားတယ်။ နောက်ဘက် ရိုက်ကူးရေး ကင်မရာစနစ်တွေ၊ အထည်သားနဲ့ ဖန်တီးထားတဲ့ ထိုင်ခုံတွေ၊ ပုံစံ ၄ မျိုးထိ ပြောင်းလဲနိုင်မယ့် ထိုင်ခုံစနစ်တွေ၊ Entune စနစ်တွေ၊ Bluetooth နဲ့ USB ချိတ်ဆက်မှုလို နည်းပညာတွေ သုံးနိုင်မှာပါ။ ၄ ဒသမ ၂ လက်မ အရွယ် မျက်နှာပြင် စနစ် ပါရှိတယ်။ ဂြိုဟ်တု ရေဒီယိုစနစ်တွေ၊ ဖုန်းနဲ့ ချိတ်ဆက်သုံးနိုင်မယ့် Scout GPS စနစ်တွေ၊ Siri Eyes Free လို စနစ်တွေပါ သုံးနိုင်ပါလိမ့်မယ်။
တန်းမြင့် မော်ဒယ်တွေမှာတော့ ၃ ဒသမ ၅ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားပြီး သူက မြင်းကောင်ရေ ၂၇၈ ကောင်အားထိ ထွက်ရှိမှာပါ။ နောက်ဘီးယက် စနစ်နဲ့ လာပါတယ်။ ၆ ချက်သုံး Auto နဲ့ပါ။ ရှေ့ဘီးယက်စနစ်နဲ့ ဆိုရင်လည်း ရနိုင်ပြီး Manual ရော Auto နဲ့ပါ လာပါတယ်။ ၁၇ လက်မ ဘီးတွေ ဖြစ်လာပါတယ်။ ဂြိုလ်တု အခြေပြု မြေပုံစနစ် သုံးနိုင်လာပြီး မျက်နှာပြင်က ၇ လက်မ အရွယ် Touch စနစ်နဲ့ သုံးနိုင်လာပါတယ်။
မော်ဒယ်က တစီးလုံး ပျမ်းမျှ ပေးမှတ် ၅ မှတ်မှာ ၄ မှတ်ရတယ်၊ မောင်းနှင်ရမှု အပိုင်းမှာ ၃ ဒသမ ၅ မှတ်၊ သက်သောင့်သက်သာ ရှိမှု အပိုင်းမှာ ၃ ဒသမ ၅ မှတ်၊ အတွင်းခန်း အပြင်အဆင်နဲ့ ဖန်တီးမှု အပိုင်းမှာ ၄ မှတ်၊ အသုံးပြုနိုင်မှု နည်းပညာပိုင်းမှာ ၄ မှတ်၊ အရည်အသွေးပိုင်းမှာ ၃ ဒသမ ၅ မှတ်ရထားပါတယ်။ တန်ဖိုးသင့် အကြမ်းခံ မော်ဒယ် တစီး အတွက်တော့ သဘောကျစရာပါ။
မော်ဒယ်က မြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၈ ဒသမ ၁ စက္ကန့်ထိ ယူတာ တွေ့ရပါတယ်။ အနှေးဆုံး စာရင်းဝင် မဟုတ်ပေမယ့် အမြန်ဆုံး မဟုတ်ပါဘူး။ စွမ်းဆောင်ရည်က သင့်ရုံပါပဲ။ ဘရိတ်ပိုင်းကတော့ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၄ ပေမှာ ပုံမှန် ရပ်တန့်ပါတယ်။ သင့်ပါတယ်။ ဆီစားနှုန်းက V6 အင်ဂျင်တပ် Auto နဲ့ မော်ဒယ်တွေက တဂါလံကို ပျမ်းမျှ ၂၁ မိုင် စီးနင်းနိုင်မှာပါ။ နည်းနည်း များနေသလို ဖြစ်နေပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ အခု မော်ဒယ်ကို အနိမ့်ဆုံး မော်ဒယ်ခွဲကို ဒေါ်လာ ၃၂၀၀၀ ကနေ အမြင့်ဆုံးကို ၄၂၀၀၀ အတွင်း မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပြီး တန်ုကြေးသင့် အကြမ်းခံ မော်ဒယ်တွေ ထဲမှာတော့ ရွေးချယ်မယ် ဆိုရင် စဉ်းစားဖို့ ကောင်းတဲ့ မော်ဒယ် ဖြစ်ပေမယ့် စိတ်ကြိုက် မော်ဒယ် အဖြစ်တော့ မှတ်ချက်ပေးဖို့ မဖြစ်နိုင်သေးတဲ့ မော်ဒယ်ပါပဲ။
Ref: www.edmunds.com