Lifestyle

ဈေးနှုန်းသင့် iPhone မော်ဒယ်သစ် လာတော့မည်

အမေရိကန် နာမည်ကျော် ကုမ္ပဏီကြီး Apple ကနေ ဈေးနှုန်း ချိုသာတဲ့ ဖုန်းအသစ်တခု ထုတ်လုပ်ရောင်းချနိုင်ဖို့ ပြင်ဆင်နေကြောင်း ဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာ တွေ့ရပါတယ်။ Edge-to-edge ဆိုတဲ့ ထောင့်ပျောက် မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ဖို့ ရှိနေပါတယ်။ အထူးသဖြင့်တော့ လက်ရှိ ဈေးကွက်မှာ အတွင်း နောက်ဆုံးထုတ် iPhone X အပါအဝင် မော်ဒယ်တွေက ဈေးနှုန်း မြင့်လွန်း နေတာကြောင့် ဖြစ်ပါတယ်။

ဒီတော့ လူကြိုက်များနေတဲ့ X မော်ဒယ်ရဲ့ နည်းပညာမျိုးလည်း သုံးနိုင်မယ်၊ ဈေးနှုန်းလည်း ချိုသာမယ် ဆိုရင် Apple အတွက် ဈေးကွက် အခိုင်အမာ ရလာမှာ ဖြစ်လို့ အခုလို X နဲ့ နည်းပညာ ဆင်တူတဲ့ တန်ဖိုးနည်း မော်ဒယ်ကို ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။ မော်ဒယ်သစ်ကို အခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာနိုင်တယ်လို့ KGI Securities ရဲ့ လေ့လာသူ မင်ချီကို (Ming-Chi Kuo) က ပြောပါတယ်။

အဓိက အနေနဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ်သစ်မှာ X မော်ဒယ်ရဲ့ နည်းပညာ တခု ဖြစ်တဲ့ မျက်နှာမှတ်သားစနစ် ပါလာမယ်။ ပြီးတော့ Edge-to-edge ဆိုတဲ့ ထောင့်ပျောက် မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ လာမယ်၊ အရွယ်က ၆ ဒသမ ၁ လက်မ အရွယ် ဖြစ်ပြီး ပြသမျက်နှာပြင်စနစ်ကို LCD စနစ် သုံးထားနိုင်တယ်။ ပြီးတော့ Home ခလုတ်ကိုလည်း ဖယ်ထုတ် ဖန်တီးထားနိုင်တယ် လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။

မင်ချီကိုရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ခန့်မှန်းချက် အတွင်းမှာ မော်ဒယ်သစ်ရဲ့ ဈေးနှုန်းကို ဒေါ်လာ ၇၀၀ နဲ့ ၈၀၀ ဝန်းကျင် ရောင်းချလာနိုင်တယ် လို့လည်း ဆိုထားပါတယ်။ X မော်ဒယ်ထက်တော့ ဈေးနှုန်း သိသိသာသာ ချိုမှာ ဖြစ်ပေမယ့် လက်ရှိ ဈေးကွက်ထဲက iPhone 8 မော်ဒယ်တွေထက်တော့ ဈေးမြင့်နိုင်မယ် လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

 

ဒါပေမယ့် KGI ရဲ့ ခန့်မှန်းချက် အတွင်း တန်ဖိုးသင့် ဖုန်းမော်ဒယ် ဖြစ်လို့ နည်းပညာပိုင်း အရည်အသွေး လျော့ချထားတာ တော့ ရှိနိုင်ကြောင်းလည်း ထည့်ပြောလာပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင် နောက်ဘက် ပင်မ ကင်မရာ အနေနဲ့ Single-lens ကိုပဲ သုံးထားနိုင်ပါတယ်။ X မော်ဒယ်မှာ OLED စနစ် သုံးထားပေမယ့် မော်ဒယ်သစ်မှာ LCD နဲ့ လာနိုင်ပါတယ်။ ကိုယ်ထည်သားကို အလူမီနီယမ်နဲ့ ဖန်တီးထားနိုင်တယ်၊ ဒါဟာ X မော်ဒယ်မှာ Stainless Steel သုံးထားတာထက် အရည်အသွေး လျော့ချခြင်းတွေ ဖြစ်မယ် လို့ ဆိုပါတယ်။

ဒါပေမယ့် KGI ရဲ့ ခန့်မှန်းချက်ကတော့ ဈေးနှုန်း လျော့ချလိုက်မှုက မော်ဒယ်ကို ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်လာ စေနိုင်ကြောင်းနဲ့ iPhone ဈေးကွက်ရဲ့ ထက်ဝက်ခန့်လောက်ထိ လက်ခံ နှစ်သက်မှု ရှိလာနိုင်ကြောင်းလည်း ဆိုပါတယ်။

KGI က အခု ဖုန်းအသစ်တခု မိတ်ဆက်လာနိုင်တာ အတွက် ခန့််မှန်းမှု အပြင် X မော်ဒယ်ရဲ့ နောက်ဆက်တွဲ ၅ ဒသမ ၈ လက်မ အရွယ် ဖုန်းအသစ်လည်း ထွက်လာနိုင်တယ်လို့ ဆိုပြန်ပါသေးတယ်။ ဒီမော်ဒယ်ကိုတော့ Plus အဖြစ် အမည်ပေး လာနိုင်ပြီး X ရဲ့ ၆ ဒသမ ၅ လက်မ အရွယ်ဖုန်းထက် သေးမှာ ဖြစ်ပြီး X Plus အမည်နဲ့ ရောင်းချလာနိုင်တာပါ။ Apple ရဲ့ အလေ့အထ အရတော့ ဖုန်းအသစ် မိတ်ဆက်တာကို စက်တင်ဘာ အတွင်းလောက်မှာ ပြုလုပ်ရောင်းချလေ့ ရှိလို့ နည်းနည်းတော့ အချိန်လိုနိုင်ပါသေးတယ်။

KGI ကတော့ ၂၀၁၃ ခုနှစ်အတွင်းက Apple ကနေ တန်ဖိုးနည်း 5C မော်ဒယ်ကို မိတ်ဆက်ရောင်းချဖို့ ပြင်ဆင်ခဲ့သလို အခု မော်ဒယ်လည်း ထွက်လာနိုင်တယ် လို့ ခန့်မှန်းနေတာပါ။ ဒါပေမယ့် 5C မော်ဒယ်က ဈေးကွက်မှာ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ Apple CEO ဖြစ်တဲ့ Tim Cook ကိုယ်တိုင်ကလည်း အဆိုပါ အချိန်က ကုမ္ပဏီအနေနဲ့ မျှော်မှန်းသလောက် ဖုန်း အရေအတွက် ပြည့်မီအောင် မရောင်းချနိုင်ခဲ့ဘူးလို့ ၂၀၁၄ ခုနှစ်အတွင်းက ဝန်ခံခဲ့ဖူးပါတယ်။

အခု မော်ဒယ်သစ် အနေနဲ့ တရုတ်လို ဈေးကွက်မှာ အဓိက အောင်မြင်မှု ရဖို့ မျှော်မှန်း ထုတ်လုပ်လာမှာ ဖြစ်ပြီး 5C မော်ဒယ်လိုပဲ ဈေးချိုချို၊ နည်းပညာ ဆင်ဆင်နဲ့ လာပါလိမ့်မယ်။

ပြောရရင်တော့ Apple အနေနဲ့ 5C ကို နောက်ထပ် အောင်မြင်မှု ရအောင် ကြိုးစားလာခြင်းလည်း ဖြစ်နိုင်ပါတယ်။ KGI ကတော့ အသစ်လာမယ့် တန်ဖိုးနည်း မော်ဒယ်သာ ဈေးကွက် အောင်မြင်ခဲ့ရင် X မော်ဒယ်ကို ဆက်လက် ထုတ်လုပ် ရောင်းချတာ လုံး၀ ရပ်နားသွားနိုင်တယ် လို့တောင် ခန့်မှန်းထားတာပါ။

မင်ချီကိုရဲ့ ခန့်မှန်းချက် အရ မော်ဒယ်သစ်က X နဲ့ နည်းပညာချင်းတူမယ်၊ အရွယ် နည်းနည်းလောက်ပဲ သေးမယ်၊ ဈေးကတော့ သိသာလောက်အောင် ချိုမယ် ဆိုရင် မော်ဒယ်သစ်ကိုပဲ လူကြိုက်များသွားပါလိမ့်မယ် လို့ ခန့်မှန်းပါတယ်။

KGI ရဲ့ ဈေးကွက် အတွင်း လေ့လာမှုတွေ အရတော့ အခုချိန်ထိအောင် X မော်ဒယ်က ဖုန်းအလုံးရေ ၆၂ သန်း လောက်ပဲ ရောင်းချ ထားရသေးပြီး ဒါက ကုမ္ပဏီ မျှော်မှန်းထားတဲ့ အလုံးရေ သန်း ၈၀ ထက် လျော့နည်း ရောင်းချထားရတာလည်း ဖြစ်ပါတယ်။ တကယ်လို့ လာမယ့် နှစ်အထိ Apple အနေနဲ့ X မော်ဒယ်ကို မျှော်မှန်းသလောက် ရောင်းချရမှု မရှိရင်တော့ ထုတ်လုပ်မှု ရပ်နားသွားနိုင်ပြီး အစားထိုး မော်ဒယ်တွေ ရောင်းချလာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

KGI ရဲ့ ခန့်မှန်းချက် အရ စက်တင်ဘာမှာ မိတ်ဆက်ပြီး ခရစ်စမတ်လောက်မှာ ရောင်းချလာနိုင်တဲ့ ဖုန်းအသစ်တွေက iPhone X2 Plus (ဈေးနှုန်း မခန့်မှန်းထားသေး)၊ X2 ဒေါ်လာ ၉၉၉ နဲ့ အထက်၊ X ကို ထုတ်လုပ်မှု ရပ်နားပြီး၊ LCD စနစ်နဲ့ Face ID သုံးနိုင်မယ့် ဖုန်းအသစ်ကို ဒေါ်လာ ၇၀၀ နဲ့ ၈၀၀ ဝန်းကျင်နဲ့ ရောင်းချလာနိုင်မယ်၊ လက်ရှိ iPhone 8 နဲ့ 8 Plus မော်ဒယ်တွေကို ဒေါ်လာ ၅၉၉ နဲ့ ၆၉၉ တွေ အဖြစ် ၁၀၀ စီလောက် လျော့ချ ရောင်းချလာနိုင်မယ်၊ iPhone SE ဒါမှ မဟုတ်ရင် သူ့ကိုအဆင့်မြှင့်ထားတဲ့ နောက်ဆက်တွဲ မော်ဒယ်ကို ဒေါ်လာ ၃၅၀ နဲ့ ဒီနှစ် အတွင်းမှာ ရောင်းချမှုတွေ လုပ်ဆောင်လာဖို့ ခန့်မှန်းထားပါတယ်။

Ref: www.businessinsider.com

Loading