Lifestyle

အရပ်ရှည်တဲ့ခင်ပွန်း၊ အရပ်ပုတဲ့ ဇနီးသည်တွေက ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုပိုင်ဆိုင်ရ

မိန်းကလေးနဲ့ ယောင်္ကျားလေးမှာ သဘာဝကကိုပဲ ခန္ဓာကိုယ်ဖွဲ့စည်းမှုအားကောင်းတဲ့ အမျိုးသားတွေက အရပ်အမောင်း ပိုကောင်းကြတာ အမှန်ပါ။ မိန်းကလေးတွေကလည်း ကိုယ့်ထက် အရပ်အမောင်းကောင်းတဲ့ အမျိုးသားတွေကိုပဲ ပိုမို နှစ်သက်လေ့ရှိတယ်ဆိုတာကိုတော့ အရင်ကတည်းက ကြားဖူးကြမယ် ထင်ပါတယ်။ ဒါကလည်း လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ မျိုးဗီဇအရကိုပဲ သူတို့ထက် အရပ်ပုတဲ့ အမျိုးသားတွေကို နှစ်သက်ခြင်း မရှိတာလို့ ဆိုပါတယ်။

ဒီတော့ သေချာတာက မိန်းကလေးတွေဟာ သူတိ့ုထက် အရပ်ရှည်တဲ့ အမျိုးသားတွေကိုပဲ အိမ်ထောင်ဖက် အဖြစ် အများဆုံးရွေးချယ်ကြမယ်။ ဒါကြောင့်လည်း ကျနော်တို့ မျက်စိရှေ့ပတ်ဝန်းကျင်မှာကိုပဲ အမျိုးသားက အရပ်ရှည်ပြီး အမျိုးသမီးက အမျိုးသားထက်ပုတဲ့ စုံတွဲတွေ၊ အိမ်ထောင်သည် မိသားစုတွေ အများဆုံး တွေ့နေရတာပဲ ဖြစ်ပါတယ်။ တချို့ဆိုရင် အရပ်အမောင်း ကွာခြားချက် တော်တော်ကို များတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆိုလိုတာကတော့ ၁ ပေ ဝန်းကျင်လောက်ထိအောင် အရပ်အမောင်း ကွာခြားတာမျိုးပေါ့။

ဒါနဲ့ ဆက်ပြောဦးမယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကတော့ လေ့လာစရာတွေ တခုပြီးတခု စဉ်းစားမိတိုင်း လေ့လာနေတယ်လို့ ဆိုရမယ်ဗျ။ အခုလည်း ကိုယ်တွေမျက်စိရှေ့က စုံတွဲတွေအကြောင်းကို လေ့လာ ထားကြတယ်။ လေ့လာချက်အရတော့ အခုလို အရပ်ရှည်ရှည် ခင်ပွန်းသည်နဲ့ အရပ်ပုပု ဇနီးသည်တို့ဟာ ပိုမိုပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ရတယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အရပ်ပုပု ဇနီးသည်ကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်သည် ယောကျ်ားတွေအတွက်ရော၊ အရပ်ရှည်ရှည် ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ဇနီးသည်တွေအတွက်ပါ သတင်းကောင်းပါနော်။

၂၀၁၇ ခုနှစ်အတွင်းက လေ့လာထားရှိချက်အရ စုံတွဲပေါင်း ၈၀၀၀ လောက်ကို စစ်တမ်းကောက် မေးမြန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ရလဒ်ကတော့ ချစ်သူ(ဇနီးနဲ့ခင်ပွန်း)တွေမှာ အရပ်အမောင်း မညီပေမယ့် ခင်ပွန်းသည်က အရပ်မြင့်မယ်၊ ဇနီးက ပုမယ်ဆိုရင် အိမ်ထောင်ရေးသုခလည်း ရေရှည်မှာ အဆင်ပြေသလို နှစ်ဦးကြား ဆက်ဆံရေးလည်း နွေးထွေးကောင်းမွန် ပျော်ရွှင်ရတယ်လို့ သိလာရတာပဲ ဖြစ်ပါတယ်။

ဒီလို အရပ်အမောင်း ကွာဟချက်ဟာ အခုလို ကွင်းဆင်းလေ့လာမှု ရလဒ်အရရော ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဉ် အရ၊ ဇီဝဗေဒ သဘောတရားအရနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအရပါ မှန်ကန်တိုက်ဆိုင်ပြီး အဆင်ပြေ ပျော်ရွှင်မှု ဖြစ်လာစေတာပါ။

ကျနော်တို့ သိထားပြီးသားဖြစ်တဲ့အတိုင်း ကျား၊ မ ကွဲပြားမှုမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ ကွဲပြားမှု ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ အမျိုးသားတွေဟာ ကိုယ်လုံးကိုယ်ထည်ပါ ပိုကောင်းပြီး သဘာဝအရ အမျိုးသမီးတွေကို ကာကွယ်မှု ပေးနိုင်လောက်တဲ့ အနေအထားပါ။ အမျိုးသမီးတွေကလည်း အဆိုပါ အမျိုးသား တွေကို ပိုပြီး အားကိုးလိုကြပါတယ်။ ဒီလိုနဲ့ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ အမြင်ကနေ မိမိထက် အရပ် ပိုရှည်၊ ကိုယ်လုံးပိုတောင့်တင်း သန်မာတဲ့ အမျိုးသားတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုကြပြီး သံယောဇဉ်နဲ့အတူ သဘောကျ လက်ခံမှု ဖြစ်လာစေတာပါ။

ဒီလိုပဲ အမျိုးသားဘက်ကလည်း သူ့အနေနဲ့ အရပ်ပိုရှည်မယ်၊ ပိုမို သန်မာတယ်လို့ ယုံကြည်မှု အပြည့်ရှိလာရင် သူ့ရဲ့ချစ်သူ(ဇနီး)နဲ့ မိသားစုကို အကောင်းဆုံး စောင့်ရှောက်နိုင်မယ်လို့ ယုံကြည်လာပြီး ဆက်ဆံရေး ပိုမို နွေးထွေးကောင်းမွန်မှု ဖြစ်လာတာလို့ ဆိုပါတယ်။ ပြီးတော့ DNA ပိုင်းဆိုင်ရာ လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ သူတို့ထက် ပိုပြီး အရပ်ရှည်တဲ့ အမျိုးသားတွေရဲ့ ဂရုစိုက် ကြင်နာမှုကို ပိုပြီး လိုချင် တပ်မက်မှု ရှိတယ်လို့လည်း သိလာရပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖတ်မိခဲ့တဲ့ ဆောင်းပါးတွေထဲမှာဆိုရင်လည်း အမျိုးသမီးတွေဟာ သူတို့ထက် အရပ် ပိုရှည်သူတွေကိုပဲ ချစ်သူရည်းစားအဖြစ် တွဲချင်တယ်။ အိမ်ထောင်ဖက်အဖြစ်လည်း ရွေးချယ်ချင်တယ်။ ဒါပေမယ့် အရပ်ရှည်တာချင်း အတူတူတောင်မှ အနည်းငယ်ဝတဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျလေ့ ရှိလာကြတယ်။ ဒါကလည်း အတွင်းသိ အဆင်းသိ အနေအထား မရောက်သေးခင် အချိန်မှာတောင် မိန်းကလေးတွေရဲ့ စိတ်ထဲမှာ အနည်းငယ်ဝတဲ့ အမျိုးသားတွေအနေနဲ့ ငွေကြေးပြည့်စုံသူ၊ စားနိုင် သောက်နိုင်သူ၊ အလုပ်ကောင်းကောင်း ရှိထားသူတွေအဖြစ် ယူဆကြလို့ဖြစ်ကြောင်း ရေးထားတာ တွေ့ရဖူးပါတယ်။

ဒါဆိုရင်တော့ အရပ်ရှည်နေရုံနဲ့ မဖြစ်သေးဘူးဗျ၊ နည်းနည်းလေး ဝရင်တော့ ပိုပြီး စော်ကြည်ဘဲဖြစ်ဖို့ များသလို အိမ်ထောင်သည်ဆိုရင်လည်း မိန်းမချစ်တာခံရဖို့ ရာခိုင်နှုန်း ပိုလာစေပါတယ်နော်။

ပြီးတော့ လုပ်ငန်းခွင်အပိုင်းမှာလည်း အရပ်ရှည်သူတွေဟာ အရပ်ပုသူတွေထက်စာရင် ရာထူးတိုးဖို့၊ လစာတိုးဖို့၊ အခွင့်အရေးပိုရကြတာ တွေ့ရပါတယ်။ ဒီတော့ အရပ်ရှည်တဲ့ အမျိုးသားတွေအနေနဲ့ အလုပ်လည်းကောင်း၊ ချစ်သူ(ဇနီး)ကလည်း ပိုပြီး အချစ်ခံရဖို့ ရှိနေပါပြီ။ ပြီးတော့ လေ့လာသူတွေဟာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ အမျိုးသမီးတွေကို မေးထားတဲ့ မေးခွန်းတခုမှာ အရပ်ရှည်တဲ့ အမျိုးသားတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မလား၊ အရပ် အရမ်း ကွာဟချက်များနေရင်ရော အိမ်ထောင်ဖက်အဖြစ် ရွေးဦးမှာလား ဆိုတဲ့ မေးခွန်း အတွက် အမျိုးသမီးတွေက အရပ်ရှည်တဲ့ အမျိုးသားတွေကို သဘောကျကြောင်း အမြဲ ပြန်ဖြေကြတာကို တွေ့ထားရတဲ့ အချက်ကတော့ အရပ်ရှည်တဲ့ ကောင်လေးတွေ အတွက် သတင်းကောင်းပါပဲနော်။

www.maxim.com တွင် ဖော်ပြထားတဲ့ Science says short women and tall man make the happiest couples ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading