အချစ်ဆိုတာ မူးယစ်ဆေးလိုပါပဲ။ ယစ်မူးစေတယ်၊ စွဲလန်းစေတယ်။ ပြီးတော့ အချစ်ဆိုတာ အသက်ရှည်ဆေး လို့လည်း ဆိုကြပါတယ် မဟုတ်လား။ တကယ်တမ်း ချစ်နေကြချိန်မှာတော့ ပျော်ရွှင်ကြည်နူးစရာ ခံစားချက်နဲ့ အတူ ဘ၀ ရှင်သန်မှု အတွက် အဓိပ္ပာယ် ပြည့်ဝစေတယ် လို့ ဆိုပါတယ်။ ဒီလို အချစ်ကို ခံစားချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ပုံမှန် မဟုတ်တဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်စေတတ်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
အချစ်ကနေ သင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ဘယ်ကောင်းကျိုးတွေ သက်ရောက်စေသလဲ၊ ပေးစွမ်းနေသလဲ ဆိုတာ လေ့လာရအောင်ပါ။
(၁) ပျော်ရွှင်မှုကို ခံစားရရှိမယ် ။ ။ သင့် အနေနဲ့ လူတယောက်ကို စချစ်မိပြီ ဆိုတာနဲ့ သူနဲ့ ပတ်သတ်တဲ့ သဘောကျ ရွှင်လန်းမှုတွေ စတင် ခံစားလာရပါလိမ့်မယ်။ တကယ်လို့ ချစ်သူတွေ ဖြစ်သွားကြပြီ ဆိုရင်တော့ ပိုပြီး ပျော်ရမှာပေ့ါ။ လေ့လာသူတွေ ကတော့ ချစ်ခြင်း မေတ္တာကို ခံစားရချိန်မှာ လူသားတွေရဲ့ ဦးနှောက်မှာ အာရုံခံ လှုံ့ဆော်မှုလှိုင်း Dopamine ထွက်ပေါ်လာပြီး သူက ပျော်ရွှင်စရာ အချိန်တွေကို သတိရစေတယ်၊ ကြည်နူးမှု ဖြစ်လာစေတယ် လိုု့ ဆိုုပါတယ်။ ဒါဟာ တဖက်သားကလည်း ကိုယ့်ကို ချစ်မိနေပြီ ဆိုရင်တော့ နှစ်ဦးစလုံးမှာ အပျော်လှိုင်းတွေ ယှက်ဖြာ ခံစားကြရမှာလည်း ဖြစ်ပါတယ်။
(၂) နာကျင်မှုတွေ သက်သာမယ် ။ ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကိုပါ အချစ်က အဝေးကို မောင်းထုတ်ပေးပါတယ်။ စမ်းသပ်မှု တခုမှာ ဆိုရင် အချစ်အကြောင်း ခံစားနေသူနဲ့ မခံစားနေသူတွေကို အပူပစ္စည်း တခုခုနဲ့ ကိုင်မိ၊ ထိမိစေတဲ့ အချိန်မှာ အချစ်အကြောင်း ခံစားနေသူကတော့ ပူလောင်နာကျင်မှု ခံစားရ နည်းပါးပြီး တကိုယ်ရေ သမားတွေကတော့ နာကျင်မှုကို ပိုမို ခံစားရတာ တွေ့ရပါ သတဲ့။ ဒါဟာ စိတ်ကြောင့်လို့ ဆိုရမှာပါ။ ပူတာခြင်း အတူတူ ဆိုပေမယ့် အချစ်ရှိသူတွေဟာ နာကျင်မှု သိပ်မခံစားရဘူး လို့ ဆိုပါတယ်။
(၃) မျက်လုံးချင်းအမြဲဆုံနေလိမ့်မယ် ။ ။ လေ့လာချက် တခုမှာတော့ ချစ်သူနှစ်ဦးကို ပုံစံ ၁ အနေနဲ့ မျက်လုံးချင်း ကြည့်နေစေတယ်၊ ပုံစံ ၂ ချစ်သူနှစ်ဦးရဲ့ လက်တွေကို တွဲထားစေတယ်၊ ပုံစံ ၃ မျက်လုံးချင်း ကြည့်နေချိန်မှာ မိမိရဲ့ ချစ်သူက မျက်တောင် ဘယ်နှစ်ကြိမ်ခတ်သလဲ ဆိုတာ စောင့်ကြည့်စေတယ်။ ဒီလို ပုံစံ ၃ ခုကို အချိန် ၂ မိနစ်ကြာ တခုစီ လုပ်ဆောင်လေ့လာရာမှာ စုံတွဲတိုင်းက ပုံစံ ၁ မျက်လုံးချင်း ဆုံမိ၊ စူးစိုက်ကြည့်နေရာမှာ အကြည်နူးရဆုံး အချိန်လို့ ဖြေကြတာ တွေ့ရပါတယ်။ ဒီလိုပဲ လက်တွေ့မှာလည်း ချစ်သူ ရှိလာပြီ ဆိုုရင်တော့ တယောက်နဲ့ တယောက် မျက်လုံးချင်း အမြဲဆုံ ဖြစ်နေပါလိမ့်မယ်။
(၄) ပါးလေးတွေနီနေလိမ့်မယ် ။ ။ ကိုယ်က ချစ်ရသူ တယောက်နဲ့ ဆုံတွေ့လာချိန်မှာ Adrenaline ဟော်မုန်း ထွက်ရှိ လာတာကြောင့် ပါးလေးတွေ နီလာတတ် ပါတယ်။ အထူးသဖြင့်တော့ အသားရေ ဖြူပြီး နုတဲ့ အမျိုးသမီးတွေမှာ ပိုမို သိသာတဲ့ ပါးနီမှုလေးတွေ တွေ့ရနိုင်ပါတယ်။ ဒီလို ပါးလေးတွေ နီလာတဲ့ အကြောင်းကတော့ နှလုံးခုန်နှုန်း မြန်လာတာနဲ့ အတူ သွေးလည်ပတ်မှု မြန်လာတာကြောင့် ဖြစ်ပြီး သွေးအတွင်း အောက်ဆီဂျင် ပြည့်ဝလာမှုကနေ ပါးနီတာတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။
(၅) နှလုံးကိုရော ကျန်းမာရေးကိုပါ ကောင်းစေတယ် ။ ။ လေ့လာချက်ပေါင်း များစွာရဲ့ ရလဒ်တွေ အရ အိမ်ထောင်သည် တွေဟာ တကိုယ်တည်း သမားတွေလောက် နှလုံးရောဂါ ဖြစ်ပွားမှု မရှိတာ တွေ့ရပါတယ်။ ဒါဟာ ဘဝမှာ အချစ်ကို ခံစားပြီး အိမ်ထောင်ပြု ထားသူတွေရဲ့ အားသာချက်ပါ။ အချစ်ဟာ နှလုံးရောဂါ ဖြစ်ပွားမှု တခုကိုပဲ ကာကွယ်ပေးတာ မဟုတ်ပါဘူး။ စစ်တမ်းတွေ အရ အချစ်ရှိသူ (အိမ်ထောင်သည်တွေ) ဟာ တကိုယ်ရေ သမားတွေထက် ဆေးလိပ် သောက်နှုန်း ပိုနည်းကြပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပိုမို နေထိုင်ကြပြီး တကိုယ်ရေ သမားတွေလို ပြီးစလွယ် မနေတတ်ကြ တာတွေလည်း ကောင်းကျိုးတွေပါ။
(၆) ပေါ့ပါးလန်းဆန်းနေမယ် ။ ။ အချစ်ဆိုတဲ့ စိတ်ခံစားမှုနဲ့ အတူ ကိုယ်ခန္ဒာမှာ Adrenaline နဲ့ Nor epinephrine လို ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကလည်း နှလုံးခုန်နှုန်းကို မြန်စေတယ်၊ လက်ဆီတွေ ထွက်စေတယ်၊ ရှက်ရွံမှုတွေ ဖြစ်လာစေပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး လူ ၇၀၀ ကျော်လောက် ပါဝင်ပေးထားတဲ့ လေ့လာချက် တခုမှာလည်း လူသားတွေဟာ ချစ်သူဆီကနေ စာ၊ ပုံနဲ့ အထိအတွေ့လို ခံစားချက် တခုခု ရလိုက်တာနဲ့ အဆိုပါ ပုံစံ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှု တွေ ရှိလာတယ် လို့ဆိုထားပါတယ်။ အထူးသဖြင့် ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းတွေမှာ သိသာတဲ့ ခံစားချက်တခုခု ရလာတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ရင်ခုန်ခြင်း၊ ကျေနပ်ခြင်းတွေကနေ လန်းဆန်းတက်ကြွမှုတွေ ရလာခဲ့တာတော့ အမှန်ပါ။ ။
www.businessinsider.com