မိမိ၏ ကလေးငယ်ကို တစုံတဦးက လိင်ပိုင်းအရ ထိပါးခြင်းသည် မည်သည့်မိဘအတွက် မဆို တုန်လှုပ်စရာ ဖြစ်သည်။
ထိုမျှ နုငယ်သော အရွယ်တွင် ၎င်းတို့ခံစားရသည့် နာကျင်မှု၊ ကြောက်ရွံ့မှုနှင့် နှစ်ပေါင်းများစွာတိုင် စိတ်ဝေဒနာကို စဉ်းစားကြည့်လျှင် တုန်လှုပ်စရာ ကောင်းလှသည်။ ထိုအတွေးသည် မည်သည့် မိဘကို မဆို တုန်လှုပ်စေပြီး ထို အကြောင်းကို ထပ်မံစဉ်းစား လိုခြင်း မရှိတော့အောင် ခံစားရစေသည်။
ထိုကဲ့သို့သော ဖြစ်ရပ်များသည် မိမိတို့၏ သားသမီးများ မည်သည့်အခါမျှ မကြုံတွေ့ရပါစေနှင့်ဟုသာ မျှော်လင့်ရပေသည်။
သို့သော် ကလေးသူငယ်များကို လိင်ပိုင်းအရ ထိပါး စော်ကားသည့် ကိန်းဂဏန်းများက မြင့်မားလာနေသည်။
အရေးအကြီးဆုံး အချက်မှာ ကလေးငယ်များသည် လိင်ပိုင်းအရ ထိပါးခံရသည်ကို ပြန်လည် မပြောပြခြင်း ဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် ၎င်းတို့မိဘများ၏ တုံ့ပြန်မှုနှင့် ဒုက္ခရောက်ရမည်ကို ကြောက်လန့်နေသည်။ ၎င်းတို့သည် မည်သို့ ဖြစ်ပျက်သည်ကို မိဘများအား မည်သို့ ရှင်းပြရမည်ကို မသိ ဖြစ်နေသည် သို့မဟုတ် တိတ်တိတ်နေရန် လိင်ပိုင်းဆိုင်ရာ ထိပါးသူများက ပြောသည့် စကားကိုသာ ယုံကြည်နေကြသည်။
သင်၏ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ထိပါးခြင်း မခံရစေရန် သင့်အနေဖြင့် အပြည့်အ၀ အကာအကွယ် ပေးနိုင်ခြင်း မရှိပေ။ သို့သော် သင်၏ ကလေးငယ် အတွက် လိင်ပိုင်းအရ ထိပါးခံရ နိုင်ခြေကို လျှော့ချရန်နှင့် တစုံတခု ကြုံတွေ့ရပြီးနောက် သင့်ကို ပြန်ပြော နိုင်ခြေကို များများ မြှင့်တင်ပေးနိုင်ရန် အတွက် လုပ်ဆောင်စရာများစွာ သင့်မှာ ရှိနေသည်။
လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အကြောင်းကို ကလေးများအား တိုက်ရိုက်၊ အကြိမ်ကြိမ် ပြောပြရန် လိုသည်။
လိင်ပိုင်းထိပါးမှုများ အကြောင်း ပြောခြင်းသည် လမ်းဖြတ်ကူးသည့် အကြောင်း ပြောရသည်နှင့် အတူတူပင်။ ကိန်းဂဏန်းများ အရ ကြည့်ပါက သင်၏ ကလေးငယ်သည် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရနိုင်ခြေထက် လိင်ပိုင်း အရ ထိပါးခံရနိုင်ခြေ ပိုမို များပြားနေသည်။
ထို့ကြောင့် အောက်ပါစကားများကို ပြောဆိုခြင်းသည် သင်၏ ကလေးငယ်ကို ဘေးကင်းစွာ လမ်းဖြတ်ကူးရန် သင်ပေးခြင်းကဲ့သို့ပင် အရေးကြီးသည်၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ပိုမို၍ပင် အရေးကြီးသည်။
ထိုသို့ ပြောကြားခြင်းသည် ချစ်ခင်ခြင်း၊ စောင့်ရှောက်ခြင်း၏ သင်္ကေတ အဖြစ် ဘေးကင်းစေသော နည်းလမ်း အဖြစ် သင်၏ ကလေးကို သင်က သင်ကြားပေးရမည့် အရာ ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကလေးများကို သူတို့၏ ခန္ဓာကိုယ် အကြောင်း စတင်ပြောကြားရန် မမေ့ပါနှင့်။
စကားပြောရန် ပြင်ဆင်သော နည်းလမ်းများ
၁။ ကလေးကို ချစ်သော နည်းလမ်းအဖြစ် စကားကို စပါ။
ကြောက်စရာ ကောင်းသော နေရာမှ မစတင်ဘဲ ချစ်စရာကောင်းသော နေရာမှ စတင်ခြင်းသည် သင်၏ ကလေးငယ်အတွက် တည်ငြိမ် အေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။ ထိုသို့ လုပ်ခြင်းကြောင့် ကလေးများသည် သင်ပြောသော စကားလုံးများကို အမှန်တကယ် နားထောင်ရန် အထောက်အကူပြုသည်။ သင်သည် ထိတ်လန့်ပြီး စိတ် ဖိစီးနေပါက ကလေးတို့သည် ထိုထိတ်လန့်မှုကိုသာ အခြေခံအားဖြင့် တုံ့ပြန်မည် ဖြစ်ပြီး သင်ပြောသော စကားများကို များများစားစား မှတ်သားထားကြမည် မဟုတ်ပေ။
လိင်နှင့် ပတ်သက်လျှင် စာရေးသူတို့သည် လူမှု တားမြစ်ပိတ်ပင်ချက် သို့မဟုတ် ညစ်ပတ်သော အရာ ဟု မကြာခဏ သတ်မှတ်လေ့ ရှိသည်။ မိဘများသည် ၎င်းတို့၏ ခံစားချက်များကို ဖုံးကွယ်ထားလျှင်ပင် ကလေးများသည် တခါတရံ လွန်စွာ နားလည်လွယ်ပြီး မှားယွင်းမှု တခုခု ရှိနေကြာင်း အသေးအဖွဲမျှကိုပင် နားလည်ကြသည်။
၎င်းတို့ကို ထိခိုက်နစ်နာစေသော တစုံတဦး အကြောင်း ပြောခြင်းသည် မမှားယွင်းကြောင်း သင်ပြောလျှင်ပင် မှားယွင်းသည်ဟု ၎င်းတို့က ထင်ကောင်း ထင်နိုင်သည်။ ထို့ကြောင့် ဤစကားများကို ပြောသောအခါ တည်တည် ငြိမ်ငြိမ်၊ သာမန်ပုံစံနှင့် ချစ်ချစ်ခင်ခင်ပြောပါ။
၂။ ၂ နှစ် အရွယ်ခန့်မှ စတင်ပြောကြားပါ။
ထိုအရွယ်တွင် ပြောကြားခြင်းသည် စောလွန်းသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ၎င်းတို့သည် လောကကြီးကို နားလည်ရန် အပြင်းအထန် မှန်းဆပုံဖော် နေကြရချိန်ဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်ပြီး သူများထက် ပိုမိုများစွာ နားလည် မှတ်သား သင်ယူနေရသည်မှာ သေချာသည်။
ဥပမာအားဖြင့် ဆိုရပါက ရေချိုးသော အခါတွင် ၎င်းတို့၏ လူမမြင်သင့်သော အစိတ်အပိုင်းများ မည်သည့် နေရာတွင် ရှိသည်နှင့် မိဘများသည် ထို အစိတ်အပိုင်းများကို သန့်စင်အောင် ကြည့်ရှုကိုင်တွယ်ခြင်းသာ ဖြစ်ပြီး ထိုအစိတ်အပိုင်းများကို အခြား မည်သူမျှ မမြင်သင့်၊ မထိသင့်ကြောင်း ပြောပြရမည်။
၃။ လူ မမြင်သင့်သော အစိတ်အပိုင်းများ၏ အခေါ်အဝေါ်မှန်ကို ၎င်းတို့အား ပြောပြပါ။
ကလေးများကို နား၊ မျက်စိ၊ ခြေမ စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောင်း သင်ကြားသောအခါ ၎င်းတို့၏ လူ မမြင်သင့်သော အစိတ်အပိုင်းများ၏ အမည်များကို ပြောပြပြီး ထိုအမည်များသည် မည်မျှ ချစ်ခင်စရာ ကောင်းသည်ကို ရှင်းပြပါ။
ထိုအခါ တစုံတဦးက ၎င်းတို့ကို ထိပါးသော အခါ မည်သည့် အစိတ်အပိုင်းကို ထိပါးသည်ကို မှန်ကန်သော စကားဖြင့် ပြောဆိုနိုင်ပြီး နားထောင်သူ အနေနှင့်လည်း မည်သည်တို့ ဖြစ်ပျက်သည်ကို နားလည်နိုင်ပေသည်။ လိင်ထိပါးသူသည် လိင် အမျိုးအစား အမျိုးအမျိုး ဖြစ်နိုင်ပြီး ၎င်းတို့ မည်သည်တို့ကို ကြုံတွေ့ရသည်ကို ပြောပြနိုင်ရန် လိုသောကြောင့် ၎င်းတို့ကို အမျိုးသားနှင့် အမျိုးသမီး ခန္ဓာဗေဒကို သင်ကြားပေးရန်လည်း အရေးကြီးသည်။
တခါက ကလေးတဦးသည် ဗိုက်နာသည်ဟု မိဘများကို ပြောသည်။ ဆရာဝန်ထံခေါ်သွားသော အခါ သူမ၏ မအင်္ဂါတွင် အဓမ္မပြုကျင့် ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ဆရာဝန်က ပြောသည်။ ထိုကလေးငယ်သည် သူကြုံတွေ့ခဲ့ရ သည်များကို မိဘများအား ပြောရန် ကြိုးစားနေသော်လည်း သူ၏ မအင်္ဂါကို မည်သို့ ခေါ်ရမည်ကို မသိဖြစ်နေသည်။ ထို့ကြောင့် ဗိုက်နာသည်ဟု သူပြောခဲ့ခြင်း ဖြစ်သည်။
၄။ လူမမြင့်သင့်သော အစိတ်အပိုင်းများကို တွေ့မြင် ထိတွေ့နိုင်သော အချိန်အခါများကို ပြောပြပါ။
ကလေးငယ်တဦး အတွက် နားလည်ထားရမည့် အသက်အရွယ်နှင့် သင့်တော်သော အသိမှာ မိဘနှင့် စောင့်ရှောက်သူများ အပါအဝင် မည်သူမျှ ကလေး၏ လူ မမြင်သင့်သော အစိတ်အပိုင်းများကို ၎င်းတို့အား သန့်စင်အောင်၊ ဘေးကင်းအောင်၊ ကျန်းမာအောင် ပြုလုပ်ပေးချိန်မှ အပ မကြည့်သင့်၊ မထိသင့် ဟူသော အယူအဆ ဖြစ်သည်။
ထိုသို့သော အခြေအနေတွင်ပင် တစုံတဦးက နာကျင်စေပါက “နာတယ်။ ရပ်” ဟုပြောပြီး မိဘများကို ချက်ချင်း ပြောပြနိုင်စေရန် လုပ်ဆောင်ထားရမည်။
သင်ပြောသည်ကို ကလေးများ နားလည်အောင် အထောက်အကူပြုသော ဥပမာ တချို့မှာ ၎င်းတို့ကို ရေချိုးပေးစဉ် သို့မဟုတ် ဆရာဝန်ထံတွင် ပြသစဉ်တွင် ဖြစ်သည် ။ သင် လုပ်ဆောင်နေသည်မှာ သန့်စင်အောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် လုပ်ပေးသည့် ဥပမာနှင့် တူမတူ မေးရမည် ဖြစ်သည်။
၅။ လူမမြင်သင့်သော အစိတ်အပိုင်းများသည် ထူးခြားကြောင်း သင်ကြားထားရမည်။
လူမမြင်သင့်သော အစိတ်အပိုင်းများအကြောင်း ပြောသောအခါ ၎င်းတို့နှင့် ပတ်သတ်သော လူမှု တားမြစ်ချက်များနှင့် ညစ်ပတ်သည် ဟူသော ခံစားမှုများ မဖန်တီးမိစေရန် ဂရုပြုရမည်။ ထိုသို့ ဖန်တီးမည့် အစား မိဘများအနေဖြင့် ထို မမြင်သင့်သော အစိတ်အပိုင်းများသည် ထူးခြားလွန်းသောကြောင့် ထိုအစိတ်အပိုင်းများသည် တစုံတဦးက ၎င်းတို့ကို သန့်စင်အောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် ကူညီချိန်မှအပ အခြားမည်သူ့ အတွက်မျှ မဟုတ်ဘဲ ၎င်းတို့အတွက်သာ ဖြစ်သည်ဟု သင်ကြားပေးရမည်။
တစုံတဦးက မမြင်သင့်သော အစိတ်အပိုင်းများကို သန့်ရှင်းအောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် လုပ်ဆောင် ပေးနေချိန်တွင် မည်သို့ ခံစားရသည်ကို ၎င်းတို့အား မေးကြည့်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း အားဖြင့် ပုံမှန်ထိတွေ့မှုနှင့် တစုံတဦးက ၎င်းတို့အား လိင်ထိပါးထိတွေမှုတို့ အကြား ကွဲပြားချက်ကို ၎င်းတို့ နားလည်စေရန် အထောက်အကူပြုသည်။
တစုံတဦးက ၎င်းတို့၏ လူ မမြင်သင့်သော အစိတ်အပိုင်းများတွင် မရိုးမရွ ဖြစ်အောင်လုပ်လျှင် မသင့်တော်ကြောင်းနှင့် မိဘများကို ချက်ခြင်းပြောရန် လိုကြောင်း ၎င်းတို့ကို ရှင်းပြထားရမည်။ ကလေးများသည် ၎င်းတို့ဘာသာ ထိမိ ကိုင်မိသည်လည်း ရှိတတ်သောကြောင့် လိင်စိတ် သာယာမှု ဖြစ်ခြင်းသည် မှားသည်၊ ရှက်စရာကောင်းသည်ဟု ခံစားရအောင် မလုပ်မိရန်လည်း အရေးကြီးသည်။ အခြားသူ တဦးက ၎င်းတို့ကို လုပ်မှသာ ပြဿနာရှိကြောင်း ရှင်းပြရမည်။
အခြားသူများ၏ မမြင်အပ်သော အစိတ်အပိုင်းများကို လူကြီးများက ခိုင်းလျှင်ပင် မထိမကိုင်ရန် ၎င်းတို့ကို သင်ကြား ထားပေးရန် အရေးကြီးသည်။ တစုံတဦးက ထိုသို့ ခိုင်းပါက မိဘထံ ချက်ချင်းပြောရန် သင်ကြားထားရမည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ကလေးများနှင့် လိင်အကြောင်း မဆွေးနွေးမီ ၎င်းတို့တွင် ကျန်းမာသော လိင်မှုဘ၀ ဖွံ့ဖြိုးစေရန် ကူညီရေး အတွက် ပထမဆင့်ဖြစ်သည်။ ၎င်းတို့ အသက်အရွယ် ပိုမိုကြီးလာသောအခါ မည်သည့် အချိန်တွင် အခြားသူ၏ မမြင်အပ်သော အစိတ်အပိုင်းကို ထိရန် သင့်တော်သည်၊ လိင်သာယာမှု ပေးနိုင်သည်၊ ယူနိုင်သည်ကို သင် ဆွေးနွေးနိုင်သည်။
၆။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ၎င်းတို့ ထိန်းချုပ်ပိုင်ခွင့်ကို လေးစားရန် သင်ကြားပေးပါ။
ဤအချက်သည် လူကြီးများသည် အရာရာ လုပ်ပိုင်ခွင့် ရှိပြီး ကလေးများသည် လူကြီးများ ခိုင်းသည်ကို လုပ်ရမည် ဟူသည့် သင်ကြားမည့် အစား ၎င်းတို့၏ ခန္ဓာကိုယ်ကို ၎င်းတို့ပိုင်ပြီး မည်သူမျှ ၎င်းတို့ကို နာကျင်အောင် လုပ်ပိုင်ခွင့် မရှိကြောင်း၊ လူကြီးများကပင် လုပ်ပိုင်ခွင့် မရှိကြောင်း ကလေးများကို သင်ကြားပေးရမည်။ လူကြီးများ ခိုင်းသော အရာသည် ၎င်းတို့အတွက် အဆင်မပြေသောကြောင့် မလုပ်နိုင်ကြောင်း ပြောပြခြင်းသည် ကလေးများအတွက် အားပေးရာ ရောက်သည်။
ဥပမာအားဖြင့် ဆိုရပါက သင် လူမှုရေးပွဲ တခုခုသို့သွားသော အခါ ၎င်းတို့မြင်သော လူတကာကို နမ်းအောင်၊ ပွေ့ပိုက်အောင်၊ လက်ဆွဲ နှုတ်ဆက်အောင် သင်၏ ကလေးကို မလုပ်ပါနှင့်။ ၎င်းဘာသာ ဆုံးဖြတ်လိမ့်မည်။ လူကြီး တယောက်က သင်၏ကလေးကို ပွေ့ဖက်ရန် ကြိုးစားလျှင် ကလေးက မကြိုက်လျှင် ငြင်းပယ်ရန် အားပေးပါ။ လိုအပ်လျှင် စကားဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထောက်ခံပေးပါ။
၇။ ၎င်းတို့ကို မည်သူမျှ နာကျင်အောင် လုပ်ခွင့် မရှိကြောင်း၊ အထူးသဖြင့် မမြင်အပ်သော နေရာများကို ထိခိုက်အောင် လုပ်ခွင့် လုံး၀ မရှိကြောင်း ရှင်းပြပါ။
ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ၎င်းတို့နှင့် သိရှိသူ တဦးဦးက ကျူးလွန်ခြင်း ဖြစ်သည်။ ထိုသူသည် မိဘတဦး၊ ဆွေမျိုးတဦး၊ မိသားစု မိတ်ဆွေတဦး၊ အိမ်နီးချင်းတဦး၊ ဆရာ ဆရာမ တဦး သို့မဟုတ် ဘာသာရေး ခေါင်းဆောင်တဦးလည်း ဖြစ်နိုင်သည်။ ယောက်ျားတဦး၊ မိန်းမတဦး သို့မဟုတ် အခြားကလေးတဦးလည်း ဖြစ်နိုင်သည်။
မည်သူမဆို ဖြစ်နိုင်သည်။ မည်သူမျှ စိတ်ချရသော စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ လက်တွေ့တွင် ကလေးများသည် မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးသူများ အကြားတွင် ထိခိုက်အလွယ်ဆုံး အနေအထား ဖြစ်နေသည်။ ထို့ကြောင့် ကလေးများ အနေဖြင့် မိဘများ အပါအဝင် မည်သူနှင့် အတူရှိသည်ဖြစ်စေ မည်သူကမျှ ၎င်းတို့ကို နာကျင်အောင် လုပ်ခွင့် မရှိကြောင်း သိရှိနားလည်အောင် သင်ကြားပေးထားရမည်။
သင်က သူတို့ကို ချစ်သောကြောင့်၊ ဘေးကင်းစေလိုသောကြောင့် ကလေးများ နားလည်အောင် ပြုလုပ်ထားရန်လည်း အရေးကြီးသည်။ ကားတိုက် ခံရနိုင်သောကြောင့် ကားလမ်းကို မည်သို့ ကူးရမည်ကို သင်ကြားပေးသကဲ့သို့ပင် တစုံတဦးက သူတို့ကို လိင်ပိုင်း ထိခိုက်အောင် ဆောင်ရွက်နိုင်သောကြောင့် သင်ကြားပေးသော်လည်း ထိုသို့ သေချာပေါက်ဖြစ်မည်ဟု မယူဆနိုင်ကြောင်း ကလေးများ သဘောပေါက်အောင် ပြုလုပ်ထားရန် အရေးကြီးသည်။
တစုံတဦးက ထိုသို့ လုပ်ရန် ကြိုးစားလာပါက “ မလုပ်နဲ့၊ ရပ်” ဟု ပြောခွင့်ရှိကြောင်း မိဘကို ထိုအကြောင်း ပြန်ပြော နိုင်ကြောင်း သင်၏ ကလေးသိနေရမည်။
၈။ ၎င်းတို့၏ လုံခြုံရေး အတွက် ၎င်းတို့၏ သတ္တိကို အားကိုးရန် ကလေးများကို အားပေးပါ။
မိဘများသည် ၎င်းတို့၏ ကလေးများ၏ စိတ်တွင် ကြောက်စိတ် ထည့်သွင်း မပေးသင့်ဘဲ ၎င်းတို့ အနေဖြင့် ကလေးများ၏ သတ္တိ ဗီဇကိုအားကိုးရန် အားပေးသင့်ပေသည်။ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုကို အားပေးခြင်း အားဖြင့် ကလေးများသည် ၎င်းတို့၏ လုံခြုံရေး အတွက် မည်သူသည် ဘေးကင်းသည်နှင့် ပတ်သက်ပြီး မိဘများက ပြောသည်ကို အခြေခံအားဖြင့် မှီခိုခြင်းထက် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ရန် အစွမ်းအစ ရှိစေသည်။ မိဘ တဦးဦးသည် ကလေးများနှင့် အမြဲအတူ ရှိမနေနိုင်သောကြောင့် ထို အချက်သည် အရေးကြီးသည်။
နည်းလမ်းတခုမှာ ကလေးများသည် မည်သည့် ဖြစ်ရပ်မျှ ဖြစ်ပျက်ခြင်း မရှိစေကာမူ တစုံတဦးနှင့် အဆင်မပြေလျှင် အခန်းမှ ထွက်လာပြီး မိဘများကို ပြောနိုင်ကြောင်း ကလေးများကို လူမှုရေးပွဲများ မတိုင်မီ ကလေးများကို ပြောထားရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရိုင်းစိုင်းသည့် ပုံပေါက်နေစေကာမူ အခန်းမှ ထွက်သွားခြင်းအတွက် ၎င်းတို့ကို အပြစ်ပေးမည် မဟုတ်ကြောင်း ကလေးများ သိအောင် ပြုလုပ်ထားသင့်သည်။ ၎င်းတို့၏ လုံခြုံရေး အသိသည် ၎င်းတို့၏ ယဉ်ကျေးရန် လိုအပ်ချက်ထက် ဦးစားပေးဖြစ်သင့်သည်။
၉။ မိဘကို မပြောလျှင် လျှို့ဝှက်ချက်သည် လျှို့ဝှက်ချက်သာ ဖြစ်နေမည်ကို ရှင်းပြရမည်။
ဖြစ်ပျက်ခဲ့သမျှသည် လျှို့ဝှက်ချက်သာ ဖြစ်ကြောင်းနှင့် မည်သူ့ကိုမျှ အထူးသဖြင့် မိဘများကို မပြောရန် လိင်ပိုင်းအရ ထိပါးသူများက ကလေးများကို ပြောတတ်ကြသည်။ ထို့ကြောင့် လျှို့ဝှက်ချက်များသည် ပေါ်ထွက်မလာတော့ဘဲ လျှို့ဝှက်ချက်သာ ဖြစ်နေမည်ဟု ကလေးတို့ကို စောစီးစွာ အသိပေးထားသင့်သည်။
ထို့အပြင် လျှို့ဝှက်ချက်များကို မည်သူမျှ အထူးသဖြင့် မိဘများကို မသိစေချင်သူ မည်သူ့ကို မဆိုကို မယုံကြည်သင့် ကြောင်းနှင့် ဖြစ်ပျက်မှုတွေကို မိဘများအားပြောသင့်ကြောင်း ကလေးများနားလည်အောင် သွန်သင်သင့်သည်။
၁၀။ ထိခိုက်နာကျင်သည်ဟု ဆိုလာလျှင် ယုံကြည်ကြောင်းနှင့် ဒုက္ခရောက်မည် မဟုတ်ကြောင်း ကလေးတို့ကို ပြောပါ။
၎င်းတို့၏ လိင်အရ ထိပါးခံရသူများကို မည်သူမျှ မယုံကြည်ဘဲ ဖြစ်ပျက်ခဲ့သမျှသည် အရှက်ရစရာသာ ဖြစ်လိမ့်မည်ဟု လိင်အရ ထိပါးသူ အများအပြားက ကလေးများကို ပြောခဲ့သည်။ ကလေးများသည် ယေဘုယျအားဖြင့် ၎င်းတို့ဘာသာ အပြစ်တင်ပြီး မည်သည့် တာဝန်ရှိသူကိုမျှ အပြစ်မတင်ဘဲ ၎င်းတို့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှကို ၎င်းတို့ဘာသာ တာဝန်ခံကြသည်။
ထို့ကြောင့် ကလေးများသည် မိဘများကို ၎င်းတို့ ကြုံတွေ့ရသည်များကို ပြောလျင် အပြစ်ပေးခံရခြင်း အပါအဝင် မိဘများက ၎င်းတို့ကို မည်သို့ ပြုမည်ကို စိုးရိမ်ကြသည်။ မိဘများသည် စိတ်ဆိုးမည် မဟုတ်ကြောင်း၊ ကလေးများသည် မှန်ကန်သော လုပ်ရပ်ကို လုပ်ခြင်း ဖြစ်ကြောင်းနှင့် ကလေးများသည် အမှန်တရားကို ပြောသောကြောင့် ဂုဏ်ယူကြောင်း ပြောရမည်။
သို့သော် အရေးအကြီးဆုံး လုပ်ဆောင်ရမည်များမှာ သင်သည် မည်သည့်အရာကိုမျှ မမှတ်မိလျှင် ပြောဆို ဆွေးနွေးမှုများသည် စဉ်ဆက်မပြတ် ဖြစ်ပြီး ပွင့်လင်းကာ သာမန် အနေအထား ပြောဆိုမှုများ ဖြစ်စေရမည် ကို သတိရသင့်သည်။
လမ်း၏ နှစ်ဖက်လုံးကို မကြည့်ဘဲ လမ်းမကူးရန် ကလေးများကို သင်ပြောခဲ့သည်မှာ တကြိမ်မက၊ အကြိမ်ကြိမ်ပြောခဲ့ပြီး လမ်းကူးသောအခါ မည်သည်တို့ လိုကြောင်း ပြန်လည် စစ်ဆေးမေးမြန်းတာမျိုး ဖြစ်သည်။
အထက် ဖော်ပြပါ ဆွေးနွေးမှုများသည် ကလေးငယ် လွန်စွာ ငယ်ရွယ်စဉ် စတင်ပြီး ကလေး ဖွံ့ဖြိုးကာ ဆယ်ကျော်သက် ဖြစ်သည် အထိ လိင်အရ ထိပါးမှုများ အားလုံးတွင် အလားတူပင် ဖြစ်သည်။
သင်၏ ကလေးကို မည်သည်ကမျှ ၁၀၀ ရာခိုင်နှုန်း အကာအကွယ် မပေးနိုင်သော်လည်း သတိထားပြီး ကလေးနှင့် ဆွေးနွေးခြင်း၊ ဖြစ်ပေါ်နေသည့် လက္ခဏာများကို သတိထားခြင်း နှင့် သင်၏ ကလေးသည် အခြားသူများကို မည်သို့ တုံ့ပြန်သည်ကို သတိပြုပါက သင်သည် အခြားသူတဦးက သင်၏ ကလေးကို လိင်အရ ထိပါးမှုကို များစွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။
(www.childmind.org တွင် ဖော်ပြထားသည့် Sandra Kim ၏ 10 Ways To Talk To Your Kids About Sexual Abuse ကို ဘာသာပြန်သည်။)