မကြာခင်မှာ နွေရာသီ ပိတ်ရက်ရှည်ကြီး စတင်တော့မှာပါ။ “ကျောင်းတွေ၊ ရုံးတွေပိတ်ပြီ” ဆိုတာနဲ့ မိသားစုနဲ့ အတူတူ ခရီးတွေ ထွက်ကြတော့မယ်လေ။ နွေရာသီဆို အသွားများဆုံးနေရာက တနှစ်တာ မောပန်းသမျှတွေ ပြေပျောက်စေမယ့် ကမ်းခြေခရီးပါ။
ဒါပေမယ့် ကမ်းခြေက ပြန်လာရင် စာရေးသူတို့ အများစုကြုံတွေ့ရတာ အသားရေ ထိခိုက်ပျက်စီး သွားတာပါပဲ။ အဲဒီလို မဖြစ်ရအောင် ကမ်းခြေခရီး မထွက်ခင်ကတည်းက အသားရေ မထိခိုက်အောင် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒီလို အရေးကြီးတဲ့အချက်တွေကို အလှအပရေးရာကျွမ်းကျင်ပညာရှင် “တီဆာဟိုလီ” က အခုလို အကြံပြု မျှဝေထားပါတယ်။
အရေးကြီးဆုံး ပထမအချက်က ကိုယ့်အသားရေနဲ့ သင့်တော်တဲ့ sunscreen တဘူး မဖြစ်မနေ ယူသွားပါ။ မနက် ပင်လယ်ထဲ မဆင်းခင် sunscreen ဘယ်လောက်ပဲ လိမ်းထားပါစေ၊ နောက်ထပ် ၂ နာရီ လောက်ဆို နေပူဒဏ် ကာကွယ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် sunscreen ကို ၂ နာရီခြား တခါ ဒါမှမဟုတ် ၃ နာရီ ခြား တခါလောက် မဖြစ်မနေ လိမ်းပေး ရပါမယ်။
ကမ်းခြေသွားမယ် ဆိုတာနဲ့ နေကာမျက်မှန်တွေ ယူသွားတတ်ပေမယ့် ဒီမျက်မှန်တွေက သင့်မျက်လုံးကို နေရောင်ခြည်ကနေ အပြည့်အဝ မကာကွယ် ပေးနိုင်ပါဘူး။ မျက်လုံးနား တဝိုက်ကိုလည်း မျက်လုံးအတွက် သီးသန့် ထုတ်ထားတဲ့ sunscreen လိမ်းပေးရပါမယ်။ နှုတ်ခမ်းသား အတွက်ဆိုလည်း SPF ပါဝင်တဲ့ lip balm ခံ ဆိုးပေးပါ။
နေပူ ခံနိုင်ဖို့ဆိုပြီး မျက်နှာကို sunscreen သက်သက် အများကြီး မလိမ်းသင့်ပါဘူး။ sunscreen တွေရဲ့ ဘေးထွက် ဆိုးကျိုးက အသားရေ ခြောက်သွေ့စေတာမို့ sunscreen မလိမ်းခင် ရေဓာတ်ဖြည့်ပေးမယ့် moisturizer cream တခုခု အရင်ခံ လိမ်းပေးသင့်ပါတယ်။
နေလောင်ဒဏ်ကြောင့် အသားရေမွဲခြောက်ညိုညစ်သွားတာမျိုးကနေ ကာကွယ်နိုင်အောင် ရေများများသောက် ပေးဖို့ လိုပါတယ်။ ကမ်းခြေမှာ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ဖြည့်ပေးဖို့ နေ့စဉ်လိုအပ်တဲ့ ရေ ပမာဏထက် ပိုသောက် ပေးဖို့လိုပါတယ်။ အုန်းရည်ကလည်း ရေဓာတ်ဖြည့်ပေးတာမို့ ကမ်းခြေရောက်ရင် အုန်းရည်များများသောက်ပေးပါ။
ကမ်းခြေရောက်ပြီဆိုပြီး အကျႌ အတိုအပြတ်၊ ဘောင်းဘီတိုတွေချည်းပဲ အမြဲတမ်းဝတ်နေလို့ မဖြစ်ပါဘူး။ နေလောင်ဒဏ်ကို ဘယ်လောက်ပဲ ကာကွယ်ထားပါစေ အနည်းနဲ့ အများတော့ ထိခိုက်တာမို့ ကိုယ်ခန္ဓာကိုယ်ပါ ကာကွယ်နိုင်မယ့် အပေါ်ထပ် အကျႌပါးပါး အရှည်လေးတွေ၊ ချည်သားပန်းပွင့် ဂါဝန်လေးတွေက အေးမြလန်းဆန်း စေတဲ့အပြင် ဖက်ရှင်ပိုကျစေပါတယ်။
Ref ; Consumer Health Digest