အာဟာရ ပညာရှင်တွေရဲ့သုတေသန စစ်တမ်းအရ အမျိုးသမီးတွေဟာ ဒိန်ချဉ်ကို ပုံမှန်သောက်သုံး ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အဆီပိုတွေကို ကျစေနိုင်ပြီး ဒိန်ချဉ်ထဲမှာပါတဲ့ ဘက်တီးရီးယားတွေဟာ အမျိုးသမီးအင်္ဂါကို သန့်စင်ပေးနိုင်ပြီးတော့ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ “သွေးသားကြောင့် အသားအရေ ပြောင်းလဲမှု”ကိုလည်း သက်သာစေနိုင်ပါတယ်။
ဒိန်ချဉ် ပုံမှန်စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဒိန်ချဉ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် မျှဝေ ရေးသားလိုက်ပါတယ်။
(၁) ခံတွင်းရနံ့ဆိုးတွေ သက်သာစေတယ်
ဒိန်ချဉ် တခွက်မှာပါတဲ့ ပရိုတင်း ၂၀ ရာခိုင်နှုန်းဟာ လူတယောက် တနေ့တာ လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်တင်း ပေးနိုင်ပြီး ဒိန်ချဉ်မှာပါတဲ့ ဘက်တီးရီးယားတွေဟာ ခံတွင်းရနံ့ဆိုးတွေကို ပျောက်စေပြီး သွားနဲ့သွားဖုံးတွေကို ကျန်းမာစေပါတယ်။
(၂) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဒိန်ချဉ်မှာပါတဲ့ ဘက်တီးရီးယားတွေဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူအတွက် အထူး ကောင်းမွန်တဲ့အတွက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ အလားအလာ ၇၅ ရာခိုင်နှုန်း နည်းစေကြောင်း အမေရိကန် အာဟာရသိပ္ပံ အဖွဲ့အစည်း ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။
(၃) ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်တယ်
အရက် အလွန်အကျွံ သောက်သူတွေအနေနဲ့လည်း ဒိန်ချဉ်ကိုစားသုံးပေးမယ်ဆိုရင် အသည်းထိခိုက်မှုကို လျော့နည်း စေနိုင်ပြီး ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
(၄) အရိုးပွ ရောဂါကို သက်သာစေတယ်
ဒိန်ချဉ်မှာ Lactoferrin ဓာတ်ပါဝင်တဲ့ အတွက်ကြောင့် အရိုးပျော့ရောဂါမှ ကာကွယ်ပေးနိုင်ပြီး သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ အရိုးပွရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။
(၅) အသားအရေနဲ့ ဆံပင်ကို ကျန်းမာစေတယ်
ဒိန်ချဉ်ဟာ အသားအရေအတွက်လည်း အထူးကောင်းမွန်တဲ့ သဘာဝ ဆေးတလက် ဖြစ်ပါတယ်။ ဒိန်ချဉ် ပုံမှန် စားသုံးပေးခြင်းအားဖြင့် အသားအရေ စိုပြေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
Ref ; modernmom.com