ညဘက်တွေမှာ အိပ်မပျော်ဘဲ တရေး လန့်လန့် နိုးနေပြီလား။ အိပ်ရေးဝဝ မအိပ်ရတာကြောင့် အလုပ်မှာ အာရုံစူးစိုက်လို့ မရတာမျိုး၊ မေ့လျော့လွယ်တာမျိုး ဖြစ်တယ်လို့ ခံစားနေရပါသလား။
ပထမဆုံး သိထားရမှာက “ညဘက် တရေးနိုးတတ်တာဟာ ပုံမှန်အခြေအနေပါပဲ” လို့ The Sleep Diet စာရေးဆရာ တဦး ၊ Paradise Sleep ဝက်ဘ်ဆိုက် တည်ထောင်သူ ဒေါက်တာ Jose Colon က ပြောပါတယ်။ ညဘက် တရေးနိုးပြီး ပြန်အိပ်မရတာဟာ ဘာကြောင့်လဲဆိုတာ သိချင်သူတွေအတွက် ဗဟုသုတ ရစေမယ့် အကြောင်းအရာ အချက်အလက်တွေကို ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) အပေါ့သွားဖို့ လိုအပ်နေပြီ
အိပ်ကောင်းတုန်း လန့်နိုးပြီး ဘယ်လိုမှ ပြန်အိပ်မရတာဟာ သင်အပေါ့သွားဖို့ လိုအပ်နေလို့ပါ။ အိပ်နေချိန်မှာ၂ ကြိမ်ကနေ ၄ ကြိမ်အထိ အပေါ့ထသွား တတ်ပါတယ်။ ဒါတွေကို ရှောင်ဖို့အတွက် အငန်ဓာတ် လိုပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်နဲ့ Electrolytes ကို အချိုးကျစေဖို့ အိပ်ရာ မဝင်ခင် နာရီဝက်အလို ရေတခွက်နဲ့ ဆားအနည်းငယ် ရောသောက်ပါ။
(၂) အပူ များနေလို့
အခန်းအပူချိန် (သို့မဟုတ်) အဝတ်အစား၊ ဒါမှမဟုတ် အိပ်ရာခင်းတွေက ပူနေတာကြောင့်လည်း ညအိပ် မပျော်ဘဲ တရေးနိုး တတ်ပါတယ်။ အခန်းအပူချိန် ၁၅ ကနေ ၂၀ က အိပ်ဖို့ အသင့်တော်ဆုံးလို့ NSF (National Sleep Foundation) က ပြောထားပါတယ်။ ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ညဘက် ရေချိုးပြီးမှ အိပ်သင့်ပါတယ်။
(၃) ညဘက် Chatting ထိုင်နေလို့
ညဘက် မအိပ်ခင် Facebook , Instagram သုံးတာတွေက ကောင်းကောင်း အိပ်ပျော်ဖို့အတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ ဖုန်း Screen က အလင်းရောင်တွေက မျက်စိကို လာထိတဲ့အခါ ခန္ဓာကိုယ်က အိပ်ပျော်စေတဲ့ဓာတ် (Melatonin) ထုတ်တာကို ရပ်တန့်စေပါတယ်။ အိပ်ခါနီးမှာ မီးအရောင် မှိန်မှိန်လေးထားပေးခြင်းအားဖြင့် မျက်စိကြောင်ခြင်းမှ ကင်းဝေးပြီး အိပ်ရေးဝဝ အိပ်နိုင်မှာ ဖြစ်ပါတယ်။
(၄) ညဘက် Cocktail သောက်မိလို့
Cocktail သောက်မိတဲ့ အခိုက်အတန့် အိပ်ချင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ သင့်ကို အိပ်မပျော်တာမျိုး ပိုဖြစ်စေပါတယ်။ ကော့တေးက ကျန်းမာတဲ့ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေတာကြောင့် မအိပ်ခင်မှာ Cocktail မသောက်မိစေဖို့ ဆိုင်တွေမှာ “Happy hour, Cocktail hour” ဆိုပြီး ထားတဲ့ အချိန်တွေက အိပ်ချိန်နဲ့ ခြားထားတာ တွေ့ရမှာပါ။
(၅) စိတ်ဖိစီးမှုတွေ များနေလို့
“အလုပ်က ပြဿနာတွေ၊ အချစ်ရေး၊ စီးပွားရေး”စတဲ့ ကိစ္စတွေကြောင့် စိတ်ဖိစီးမှု များနေတဲ့အခါ ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။ မအိပ်ခင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်တာ များလာရင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်တာမို့ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့ ဂရုစိုက်သင့်ပါတယ်။
အထက်ပါ အချက်အလက်တွေကို လိုက်နာပြီး ညဘက်အိပ်ရေးဝဝ အိပ်နိုင်မလား စမ်းကြည့်လိုက် ကြရအောင်။