Lifestyle

၂၀၃၀ ခုနှစ်မှာ ပလတ်စတစ် သုံးစွဲမှု တားမြစ်တော့မယ့် ထိုင်ဝမ်နိုင်ငံ

၂၀၃၀ ခုနှစ် ရောက်ရင် ပလတ်စတစ် ခွက်၊ ပိုက်နဲ့ ဈေးဝယ်အိတ်တွေ မသုံးစွဲအောင် တားမြစ်ပိတ်ပင်တော့မယ် လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထိုင်ဝမ်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ စည်းမျဉ်းအသစ်ကို နောက်နှစ် ၂၀၁၉ ခုနှစ်က စပြီး ထိုင်ဝမ်နိုင်ငံက စားသောက်ဆိုင်တွေမှာ ကျင့်သုံးတော့မှာပါ။

ထိုင်ဝမ်နိုင်ငံမှာ အညစ်အကြေးနဲ့ လေထုညစ်ညမ်းမှုတွေကို ဖြစ်စေတဲ့ ပလတ်စတစ် အိတ်တွေ လျော့ချဖို့အတွက် အခုလို စည်းမျဉ်းအသစ် စတင်ဖို့ ကြိုးစားလာတာပါ။ ၂၀၁၉ ခုနှစ်ကစလို့ အဓိက စားသောက်ဆိုင်ကြီးတွေမှာ ပလတ်စတစ် ပိုက် အသုံးပြုမှုကို စတင် ရပ်တန့်တော့မယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်အရောက်မှာတော့ စားသောက်ဆိုင် အလတ်၊ အသေးတွေပါ မကျန် အကုန်လုံး ပလတ်စတစ် ပိုက် မသုံးရ စည်းမျဉ်း ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အထိ စားသုံးသူဘက်က ပလက်စတစ်ပိုက်၊ ပလတ်စတစ်အိတ်၊ တစ်ခါသုံး ပန်းကန်၊ ခွက်တွေ အသုံးပြုချင်တယ်ဆိုရင် ကျသင့်ငွေ ထပ်မံပေးဆောင်ရဖို့ ရှိပါတယ်။

၂၀၃၀ ခုနှစ်ဆို “မည်သူမှ မသုံးစွဲရ” စည်းမျဉ်း အသက်ဝင်မယ်လို့ အစိုးရဌာန EPA (Environmental Protection Administration) က ထုတ်ပြန်လိုက်ပါတယ်။

“၂၀၃၀ ရောက်ရင် ပတ်ဝန်းကျင်နဲ့ လူသားတွေကို ထိခိုက်စေတဲ့ တခါသုံး ပလတ်စတစ်တွေ သုံးစွဲနေတာကို ရပ်တန့် ပစ်တော့မှာပါ။ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကြောင့် လေထုနဲ့ မြေထု ညစ်ညမ်းတာတွေကို လျော့ချနိုင်မယ်” လို့ EPA ငှာနမှ ဆိုပါတယ်။

EPA ရဲ့ စစ်တမ်းကောက်ယူမှု အရ ထိုင်ဝမ်လူမျိုး တဦးဟာ နှစ်စဉ် ပလတ်စတစ် အိတ် ၇၀၀ ကျော်လောက် အသုံးပြုတယ်လို့ သိရပါတယ်။ EPA ရဲ့အဓိကရည်ရွယ်ချက်က ၂၀၂၅ ခုနှစ်မှာ တယောက်ကို ပလတ်စတစ် အိတ် ၁၀၀ အထိ လျှော့ချနိုင်ပြီး ၂၀၃၀ ခုနှစ်မှာ လုံးဝ မသုံးအောင် လုပ်နိုင်ဖို့ပါပဲ

ထိုင်ဝမ်ကျွန်းနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလတွေကတည်းက ပလတ်စတစ် အသုံးပြုမှုကို လျော့ချပစ်ဖို့နဲ့ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားနေခဲ့တာပါ။ မနှစ်က ၂၀၁၇ ခုနှစ်မှာ ပလတ်စတစ်တန်ချိန် ၂ သိန်းအထိ ပြန်လည် အသုံးချနိုင်ရန် ဆောင်ရွက်နိုင်ခဲ့တယ်လို့ EPA က ထုတ်ပြန်ထားပါတယ်။

Ref ; Channel News Asia

Loading