တောင်ကိုရီးယားနိုင်ငံ၊ KBS 2 ရုပ်သံဌာနကနေ အသစ်ထုတ်လွှင့် ရိုက်ကူးမယ့် စိတ်ကူးယဉ်အချစ် Drama ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့ ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ EXO အဖွဲ့မှ အဆိုတော်အဖွဲ့ဝင် Kai လက်ခံလိုက်တယ်လို့ သိရပါတယ်။
“Miracle That We Met” လို့ ယာယီနာမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ မင်းသား Kai အပါအဝင် မင်းသား ကင်မြောင်မင် (Kim Myung-min) ၊ မင်းသမီး ကင်ဟွန်ဂျူ (Kim Hyun-joo) ၊ရာမီရန် (Ra Mi-ran) နဲ့ ဂိုချန်ဆော့ (Go Chang Suk) တို့ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းက အမျိုးသားတယောက်ဟာ သူနဲ့ နာမည်တူ၊ အသက်တူ နောက်ထပ် အမျိုးသားတယောက် ဒီလောကကြီးမှာ ရှိနေတဲ့အကြောင်း သိသွားပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။
ဒီဇာတ်လမ်းမှာ Kai က စိတ်အားထက်သန်ပြီး တက်ကြွတဲ့ စာပို့သမားလေး အေတို (Ato) အဖြစ် သရုပ်ဆောင်သွားမှာပါ။ ဘဝနဲ့ရင်းပြီး မှားသွားတဲ့ အမှားတခုကနေ နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် သူ့ဘဝကို လာရိုက်ခတ်တဲ့အခါ ကြုံတွေ့ရမယ့် အကြောင်းအရာတွေကို ပုံဖော်ထားတာပါ။
Kai နောက်ဆုံးရိုက်ကူးခဲ့တဲ့ KBS ဒရမ်မာ “Andante” ဇာတ်လမ်းတွဲမှာ သူ့ရဲ့သရုပ်ဆောင် ပီပြင်ပုံတွေကို ပြသနိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာ ပွဲဦးထွက် ဇာတ်လမ်းအဖြစ် “Spring Has Come” မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ပါတယ်။
“Miracle That We Met” ဇာတ်လမ်းတွဲကို အရင်အောင်မြင်ခဲ့တဲ့ “Strong Woman Do Bong Soon” ၊ “Woman of Dignity” နဲ့ “My Love Eun Dong” ဇာတ်လမ်းတွေ ရိုက်ကူးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတို့က ပူးပေါင်း ရိုက်ကူးသွားမှာပါ။
“Miracle That We Met” ဇာတ်လမ်းတွဲကို KBS 2 ရုပ်သံဌာနကနေ အခုပြသနေတဲ့ “Radio Romance” ဇာတ်လမ်းတွဲ အပြီးမှ ပြသသွားဖို့ စီစဉ်ထားပါတယ်။
၂၀၁၈ ခုနှစ်၊ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ Kai ဟာ EXO အဖွဲ့နဲ့ရော တကိုယ်တော်ပါ ဖျော်ဖြေခဲ့ပါ သေးတယ်။ ဖျော်ဖြေပွဲအပြီးမှာ အားပေးကြတဲ့ပရိသတ်တွေကိုရော၊ တကမ္ဘာလုံးက စောင့်ကြည့် အားပေးနေတဲ့ ပရိသတ်တွေကိုပါ ကျေးဇူးတင်ကြောင်းကို “အိပ်မက်တောင် မမက်ဘူးခဲ့တဲ့ အခြေအနေမျိုးမှာ လက်တွေ့ဖျော်ဖြေခွင့်ရလို့ အတိုင်းမသိ ဝမ်းသာရတယ်” လို့ Kai က ဆိုပါတယ်။
Ref : Soompi