Lifestyle

သင် သတိမထားမိတဲ့ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

သင်ဟာ ကော်ဖီကြိုက်တတ်သူလား။ သင်ဟာ ကော်ဖီကို နေ့စဉ် ပုံမှန် စွဲစွဲလန်းလန်း သောက်တတ်သူလား။ ဒါမှမဟုတ် သင်ဟာ ကော်ဖီကို တခါတရံမှ သောက်တတ်တဲ့သူလား။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ကော်ဖီသောက်တတ်သူ ဆိုရင်တော့ ကော်ဖီမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ဓာတ်တွေ ရှိသလို ပုံမှန်ထက် ပိုမိုသောက်သုံးမိတယ်ဆိုရင်လည်း ဆိုးကျိုးတွေ ရှိပါတယ်။

ကော်ဖီကို အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် မျှဝေရေးသားလိုက်ပါတယ်။

(၁) ကတုန်ကယင် ဖြစ်စေတယ်

ကော်ဖီသောက်သုံးတာဟာ စိတ်ကို လန်းဆန်းစေပြီး ဦးနှောက်ကို သွက်စေတယ် ဆိုပေမယ့် သောက်တာ များသွား ရင်တော့ ကတုန်ကယင် ဖြစ်စေနိုင်ပါတယ်။ ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၂) ကဖင်းဓာတ်က ရေဓာတ်ကို စုပ်ယူတယ်

ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ရေဓာတ်ကို စုပ်ယူတဲ့အတွက် ရေ မကြာခဏ ဆာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ရေသောက်နည်းမယ်ဆိုရင် ကျောက်ကပ်လုပ်ဆောင်ရေး နှေးကွေးလာပြီး ဆီးလမ်းကြောင်းစနစ်ကို ထိခိုက်စေ နိုင်ပါတယ်။

တရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုပြီးသောက်သုံးမိတယ်ဆိုရင်တော့ ဆီးထဲမှာ အမှုန်များပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ ကော်ဖီ မသောက်သုံးသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။

(၃) သံဓာတ် စုပ်ယူနိုင်စွမ်းကို လျော့နည်းစေတယ်

နောက်တခုကတော့ သွေးအားနည်း ရောဂါရှိသူတွေအနေနဲ့ ကော်ဖီ မသောက်သုံးသင့်ပါဘူး။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ အူတွေရဲ့သံဓာတ် စုပ်ယူနိုင်စွမ်းအားကို လျော့နည်းစေပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ ကော်ဖီကို မသောက်သုံးသင့်ပါဘူး။

ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ လူကို စွဲလမ်းစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကော်ဖီကို နေ့စဉ် သောက်သုံး သူတွေဟာ ကော်ဖီ မသောက်ရရင် တခုခု လိုနေသလို ခံစားနေရတာပါ။ ဆေးပညာရှင်တွေကတော့ တနေ့ကို ပုံမှန်အားဖြင့် ကော်ဖီ ၄ ခွက်ထက်ပိုပြီး မသောက်သုံးသင့်ဘူးလို့ ဆိုပါတယ်။ ပုံမှန်ထက် ပိုမိုသောက်သုံးမယ် ဆိုရင်တော့ အစာအိမ်ရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Ref ; healthyeating.sfgate.com

Loading