ရေခဲသေတ္တာထဲ ဘယ်လိုပဲ ပစ္စည်းတွေ သေချာ စီထည့်ပါစေ၊ ထားစရာနေရာ မရှိဖြစ်နေပြီလား။ မဆံ့ဆံ့အောင် အတင်း ထိုးထည့်တော့လည်း အစားအသောက်တွေ ပျက်စီးသွားမှာစိုးလို့ အခက်တွေ့နေပြီဆိုရင် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်သမျှ ပစ္စည်းတွေ ဆံ့အောင် စနစ်တကျ ဘယ်လို ထားမလဲ။
ကြက်ဥထည့်တဲ့ စက္ကူခွက်လေးတွေကို သုံးပြီရင် မပစ်ပါနဲ့။ ဒီကြက်ဥခွက်လေးတွေသုံးပြီး ဟင်းအနှစ် ပုလင်းဘူးတွေ စီပြီး ထည့်လို့ရပါတယ်။ ဒါဆို နေရာကျဉ်းကျဉ်းလေးမှာ ဘူးအများကြီး ထည့်သိမ်းထားလို့ ရတာပေါ့။ မဟုတ်ရင် ဘူး ၃၊ ၄ ဘူးနဲ့ ပြည့်သွားတတ်တာပါ။
ဆိုဒါနဲ့ အချိုရည်ပုလင်းတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာ နေရာတော်တော် ယူပါတယ်။ ဒီလို မဖြစ်ရအောင် လုပ်ပေးဖို့ ဘိုင်ဒါကလစ် (Binder clips) လေးပဲ လိုတာပါ။ အချိုရည်ပုလင်းတွေကို ဘေးတဖက်ကပ်ပြီး ပိရမစ်ပုံစံ (pyramid) ထပ်စီလိုက်ပါ။ ဘေးကနေ ဘိုင်ဒါကလစ်လေးနဲ့ ထိန်းထားပေးလိုက်ရင် နေရာလည်း အများကြီး မလိုဘဲ အဆင်ပြေပြေနဲ့ ထားလို့ရပြီပေါ့။ တကယ်လို့ ဘိုင်ဒါကလစ် မဟုတ်ဘဲ သံလိုက်တုံးလေးတွေ သုံးပြီးလည်း ပုလင်းတွေ စီထားလို့ ရပါတယ်။
ဘိုင်ဒါကလစ်က ဒီတနေရာတည်း အသုံးဝင်တာ မဟုတ်ပါဘူး။ အသီးအရွက် အိတ်တွေ၊ စားလက်စ ကျန်တဲ့ မုန့်ထုပ်တွေကို လေလုံအောင် ပြန်ပိတ်တဲ့ အခါလည်း အသုံးဝင်တဲ့ ပစ္စည်းလေးပါ။ ဒီအတိုင်း ရေခဲသေတ္တာထဲ ထားတာထက် ဘိုင်ဒါကလစ်လေးနဲ့ လေလုံအောင် ပြန်ပိတ်ထားလိုက်ရင် ဝယ်တုန်းကအတိုင်း လတ်လတ်ဆတ်ဆတ် ရှိနေသလို မုန့်ထုပ်တွေဆိုလည်း လေဝင်လို့ ပျော့သွားတာမျိုး မရှိတော့ပါဘူး။
ရေခဲသေတ္တာမှာ ဝယ်ကတည်းကပါတဲ့ ကြက်ဥပုံစံ ခွက်လေးတွေက ကြက်ဥထည့်သိမ်းဖို့ ဘယ်တော့မှ လောက်တယ် မရှိပါဘူး။ ဒါဆို မလောက်လို့ ပိုနေတဲ့ ကြက်ဥတွေကို ဘယ်လို သိမ်းဆည်းထားမလဲ။ အဆင်ပြေပြေနဲ့ သိမ်းနိုင်အောင် Wire Basket လေးတွေရှိပါတယ်။ မရှိလည်း ပလက်စတစ် ခြင်းထောင်းလေးထဲကို ပိုနေတဲ့ ကြက်ဥတွေ ထည့်သိမ်း ထားလို့ ရပါတယ်။
အရေးကြီးတဲ့ အစားအသောက်တွေ ထည့်သိမ်းထားလို့ ရေခဲသေတ္တာထဲ အနံ့အသက် မထွက်ဘဲ သန့်ရှင်းနေဖို့လည်း လိုပါတယ်။ အစားအသောက်မျိုးစုံမို့ ကြာလာရင် အနံ့အသက် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲကို အနံ့စုပ်တဲ့ လက်ဖက်ခြောက်ဖြစ်ဖြစ်၊ မီးသွေးခဲဖြစ်ဖြစ် ထည့်ထားရင် မကောင်းတဲ့ အနံ့တွေကို စုပ်ယူပေးပါတယ်။
အနည်းဆုံး တပတ်တကြိမ် (သို့မဟုတ်) ၁၀ ရက် တခါလောက်တော့ ရေခဲသေတ္တာကို သန့်စင်ပေးဖို့ လိုပါတယ်။ သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဆပ်ပြာရည်ထဲ ရှာလကာရည် အနည်းငယ်ရော ထည့်ပြီး အဝတ်သန့်သန့်တခုနဲ့ သေချာ ပွတ်တိုက်ပေးပါ။ အစွန်းအထင်း၊ ညစ်ပတ်နေတာတွေ တောက်ပြောင်သွားပါလိမ့်မယ်။
Ref: Real Living