ဝမ်းနည်းပူဆွေးနေတဲ့ သောင်းနဲ့ချီတဲ့ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာရှိတဲ့ ဟိုတယ်ရေချိုးကန် တခုထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ မင်းသမီး Sridevi Kapoor (ဆရီဒေဝီ ကပူးရ်) ရဲ့ နာရေးမှာ မင်းသမီးရဲ့နောက်ဆုံးခရီးကို ဂါရဝပြု နှုတ်ဆက်ဖို့ မွမ်ဘိုင်းမြို့ လမ်းမတွေပေါ်မှာ စီတန်းခဲ့ကြပါတယ်။
မင်းသမီးရဲ့ အလောင်းကို မွမ်ဘိုင်း စက်မှုလုပ်ငန်း နဲ့ ဖျော်ဖြေရေးလုပ်ငန်းရှင် Anil Ambani ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် လေယာဉ်တစီးနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းမှာ အိန္ဒိယကို ပြန်လည်သယ်ဆောင်လာတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ၂၈ ရက်နေ့ အစောပိုင်းမှာတော့ ပရိသတ်တွေဟာ မင်းသမီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ် ထားရှိရာ သူ့ရဲ့ အိမ်အနီးမှာရှိတဲ့ သီးသန့်ကလပ် အပြင်ဘက်က လုံခြုံရေးစည်းရိုး တလျှောက်မှာ စီတန်းကာ စောင့်ဆိုင်းခဲ့ကြပါတယ်။
တခြားဂိတ်ပေါက် တခုကနေ မိသားစုဝင်တွေ၊ ဘောလိဝုဒ် အနုပညာရှင် အကျော်အမော်တွေနဲ့ အထူးပုဂ္ဂိုလ်တွေကို တင်ဆောင်ထားတဲ့ ကားတန်းကြီးက ဝင်ရောက်သွားခဲ့ပြီး သီးသန့်လုံခြုံရေး အဖွဲ့ဝင်တွေကလည်း လာရောက်တဲ့ ပရိသတ်လူအုပ်ကြီးကို ပြန်လည်ထိန်းသိမ်း ပေးခဲ့ပါတယ်။ မနက် ၇ နာရီကတည်းက ရောက်ရှိခဲ့သူ တဦးဖြစ်တဲ့ Prashant ဆိုတဲ့ အမျိုးသားတဦးကတော့ “ကျနော်ဘယ်လောက်ပဲ စောင့်ရ စောင့်ရ၊ ကျနော်စောင့်မှာပါ။ ကျနော် ဂါရဝပြုနိုင်တဲ့ အချိန်အထိ စောင့်မှာပါ။ ကျနော် သူ့ရုပ်ရှင်တွေ အားလုံးကို ကြည့်ဖူးပါတယ်” လို့ ပြောပါတယ်။
ကလပ်ထဲမှာတော့ မင်းသမီးရဲ့ ရုပ်အလောင်းကို ပန်းတွေနဲ့ အလှဆင်ထားတဲ့ ခန်းမတခုရဲ့ စင်မြင့်ပေါ်မှာ ထားရှိပါတယ်။ သူရဲ့ခင်ပွန်း ထုတ်လုပ်သူ Boney Kapoor နဲ့ သမီး နှစ်ဦးအပါအဝင် ကျန်ရစ်သူမိသားစုဟာ အဲဒီစင်မြင့်ဘေးမှာ မတ်တပ်ရပ်နေခဲ့ပြီး အဲဒီနောက်မှာတော့ ပရိသတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက လမ်းလျှောက်လိုက်ခဲ့ကြပါတယ်။
မင်းသမီးရဲ့ ရုပ်အလောင်းကို ကြည့်ရှုချိန်မှာတော့ မီဒီယာတွေအနေနဲ့ ကင်မရာတွေကို အပြင်မှာ ထားခဲ့ဖို့ မိသားစုက တောင်းဆိုထားခဲ့ပေမယ့် ကြီးမားတဲ့အနီရောင် ဘင်ဒီ အမှတ်အသား၊ ရွှေလည်ဆွဲတို့နဲ့အတူ ရွှေရောင်ဆာရီကို ဆင်မြန်းထားတဲ့ Sridevi ရုပ်အလောင်း ဓာတ်ပုံဟာ တချို့သတင်းမီဒီယာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ အိန္ဒိယအလံ ဖုံးလွှမ်းထားတဲ့ Sridevi ရဲ့ အလောင်းကို အဲဒီကလပ်ထဲကနေ ဟိန္ဒူရိုးရာအရ ဈာပနအခမ်းအနား ကျင်းပမယ့် မီးသဂြိၤုလ်စက်သို့ ပို့ဆောင်တဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ အလောင်းကို ပန်းတွေရယ်၊ မင်းသမီးရဲ့ ဓာတ်ပုံပိုစတာကြီးရယ် ချိတ်ဆွဲထားတဲ့ ထရပ်ကားနဲ့ သယ်ဆောင်ခဲ့တာပါ။
အသက် ၅၄ နှစ်အရွယ် မင်းသမီး Sridevi ဟာ ဒူဘိုင်းမြို့မှာ တူမဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ဖို့ ရောက်ရှိ နေတုန်း တည်းခိုနေတဲ့ဟိုတယ် ရေချိုးကန်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒူဘိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ဒူဘိုင်းမှာရှိတဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပဲ အမှုကို ပိတ်သိမ်းခဲ့ပြီး အလောင်းကို မိသားစုထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ရုပ်ရှင်အလုပ်နဲ့ တဘဝလုံးကို ဖြတ်သန်းခဲ့ပေမယ့်လည်း မင်းသမီး Sridevi ဟာ ရိုက်ကွင်းပြင်ပမှာ အနေအေးပြီး အရှက်အကြောက်ကြီးတဲ့သူ ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ နာမည်ကျော် “English Vinglish” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အပြင် ၂၀၁၇ ခုနှစ်မှာတော့ “Mom” ရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့ပြန်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဘာသာစကား ပညာပေးနဲ့ ပတ်သက်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင် “English Vinglish”
Ref ; theguardian