နေပြည်တော်က Dim Sum (အသားပေါင်း) ကောင်းကောင်း ကြိုက်သူတွေအတွက် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဘောဂသီရိ ကားကွင်းအနီးမှာ ရှိတဲ့ “Old High Way” ဆိုတဲ့ ဆိုင်နဲ့မိတ်ဆက် ပေးလိုက်ပါတယ်။
ဆိုင်နာမည် အပြည့်အစုံက “Old Highway” HOT POT ဖြစ်ပြီး ဆိုင်ဖွင့်လာတာ တနှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။ HOT POT ကို အဓိက ရောင်းချတာဖြစ်ပေမယ့် လက်ရှိမှာ Dim Sum ကြောင့် ဆိုင်ကို ပိုပြီးလူသိများနေတာပါ။
Dim Sum ဆိုတာ အခုနောက်ပိုင်း သာမန် လက်ဖက်ရည်ဆိုင်တွေမှာပါ ရနိုင်ပေမယ့် Dim Sum ကို တကယ်ကြိုက်တဲ့ သူတွေအတွက် ခံတွင်းတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီ Old High Way ဆိုင် က အသားပေါင်းကို နေပြည်တော် တဝိုက်က Dim Sum ကြိုက်သူ တော်တော်များများကလည်း အမှတ်ပြည့် ပေးထားပြီးသားပါ။ ဒီဆိုင်က Dim Sum ကို မနက်စာ အဖြစ် စားလိုသူတွေအတွက် အဓိကရည်ရွယ် ရောင်းချပေးတာ ဖြစ်ပါတယ်။
ဆိုင်မှာ Dim Sum အမယ်ပေါင်း ၃၀ ကျော် ရရှိနိုင်ပြီး သူ့ အသားပေါင်းတွေရဲ့ အဓိက ထူးခြားချက်က ပုဇွန်၊ ငါးဖယ် ၊ ကြက်သား စစ်စစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
Dim Sum တပွဲကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား ကျသင့်တာ ဖြစ်ပြီး ဒီဆိုင်က Dim Sum တွေဟာ ဧည့်သည်က မှာမှ ပေါင်းပေးတာဖြစ်ပြီး ဒီလိုလုပ်တာက ပေါင်းထားပြီးသား အသားပေါင်းတွေထက် ပိုပြီး လတ်ဆတ်စေတယ်လို့ Old High Way ဆိုင်မှ စားဖိုမှူးက ပြောပါတယ်။
စားရေးသူ မြည်းစမ်းခဲ့တဲ့ အထဲမှာ အကြိုက်ဆုံးလို့ပြောရမှာက ပဲပြားကို ကော်ပြန့်ရွက် ပုံစံနဲ့ အကြွပ်ကြော်ထားပြီး အထဲမှာ ပုဇွန် ၊ငါးဖယ် ထည့်ထားတာပါ။ ပဲပြားကို အချပ်လိုက် ကြော်ထားတဲ့အတွက် နည်းနည်း ခပ်မာမာလေး ဖြစ်နေပြီး အထဲက ပုဇွန်နဲ့ ငါးဖယ်ရဲ့ နူးညံ့တဲ့ အရသာကလည်း သင့်ကို ဆွဲဆောင်နေမှာပါ။
Dim Sum အမျိုးအမယ် ၃၀ ကျော် ရှိပေမယ့် တခုနဲ့တခု အရသာချင်း သိသိသာသာ ကွဲနေအောင်လည်း ပြုလုပ် ပေးထားပါတယ်။ အဆင်သင့်လာတဲ့ အချဉ် မဟုတ်ဘဲ Dim Sum နဲ့ တွဲဖက် စားရတဲ့ အချဉ်ကလည်း ဆိုင်က သီးသန့် ဖျော်ထားတဲ့ အရသာနဲ့ Dim Sum ကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒီဆိုင်ရဲ့ အဓိကရောင်းချတဲ့ အစားအစာ Hot Pot အကြောင်းလည်း ထည့်ရေး ချင်ပါသေးတယ်။ ဆိုင်အပြင်အဆင်နဲ့ ဝန်ဆောင်မှုကြောင့် ဈေးအနည်းငယ် များတယ်လို့ ထင်ရပေမယ့် သင်က ဒီ၂ချက်ကို ကြိုက်နှစ်သက်တဲ့သူ ဆိုရင်တော့ မများပါဘူး။
Hot Pot က ဟောင်ကောင်ပုံစံနဲ့ ဆင်တူအောင် ပြုလုပ်ထားတာ ဖြစ်ပြီး အချို၊ အစပ် ၂ မျိုး ရပါတယ်။ ဒီဆိုင်ရဲ့ Hot Pot က ဘာထူးခြားလဲမေးရင် ကျန်းမာရေးအတွက် အထောက်အကူ ပြုစေတယ်လို့ ပြောရမှာပါ။ ကြက်၊ ဝက်ပြုတ်ရည် အချို၊ အစပ်ကို မြန်မာ့ရိုးရာနဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးတွေနဲ့ ဖော်စပ်ထားတာပါ။
ဇီးသီးခြောက်၊ တန်ကွေး၊ ကိုးကျိ၊ နွယ်ချို၊ သစ်ဂျပိုး၊ ငရုတ်ကောင်း၊ ဇီယာ၊ ရှောက်ကော၊ ဝါးကျောက် စတဲ့ ဆေးဖက်ဝင် သစ်ဥသစ်ဖု ၂၅ မျိုးခန့်နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုစေမှာပါ။ ဒါကြောင့်ပဲ စာရေးသူက ဆေး Hot Pot လို့ အမည်တပ် လိုက်တာပါ။
Hot Pot အရည်ကို အိုးသေး ၂၅၀၀ ကျပ်၊ အိုးလတ် ၃၀၀၀ ကျပ်နဲ့ အိုးကြီး ၃၅၀၀ ကျပ် ပေးရပြီး ကိုယ်စားချင်တဲ့ အသီးအရွက်နဲ့ အသား၊ ငါး၊ ပင်လယ်စာ အတွက်က ထပ်ရှင်းရမှာပါ။ ဆိုင်ဖွင့်ချိန်က မနက် ၆ နာရီခွဲ ကနေ ည ၁၁နာရီ အထိ ဖြစ်ပြီး ဆိုင်အပြင်အဆင်က ခေတ်မှီ သန့်ရှင်းသပ်ရပ်ပါတယ်။
ကျယ်ဝန်းတဲ့ ကားပါကင်၊ ကလေးကစားကွင်း၊ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်၊ သီးသန့် အခန်းကျဉ်း၊ အခန်းကျယ်တို့ပါ ရှိတာကြောင့် မင်္ဂလာပွဲများ၊ Staff Party၊ Dinner စတဲ့ အခမ်းအနားတွေကို လက်ခံစီစဉ်ပေးတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – “Old Highway” HOT POT
နေပြည်တော်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဘောဂသီရိ ကားကွင်းအနီး။